ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငလျင်ရော သကြင်္န်ပါ မြန်မာပြည်တွင်းစစ်ကို ယာယီမျှပင် မတားနိုင်
လူထောင်ကျော် သေဆုံးခဲ့တဲ့ မြန်မာငလျင်ကိုအကြောင်းပြုပြီး ယာယီအပစ်ရပ်ကြေညာချက်တွေထုတ်ခဲ့ကြသော်လည်း အမှန်တကယ်အပစ်မရပ်ခဲ့ကြပါ။
ဧပြီ တစ်လလုံးနီးပါး အပစ်ရပ်ကြေညာထားပေမဲ့ ငလျင်ရော သကြင်္န်ပါ မြန်မာပြည်တွင်းစစ်ကို ယာယီမျှပင် မတားနိုင်ခဲ့ပါ။
အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာပဲ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီလုပ်ခဲ့တာကြောင့် လူ ၃ ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဧပြီလထဲမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသတွင်းခေါင်းဆောင်တွေနဲ့ နှစ်ကြိမ်တွေ့ခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေမရပ်သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း မြို့တစ်မြို့ပါသိမ်းလိုက်ပါသေးတယ်။
စစ်ကိုင်းက မြို့သိမ်းတိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှု
မြန်မာငလျင်ဗဟိုချက် စစ်ကိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အပစ်ရပ်ချိန် မြို့သိမ်းတိုက်ပွဲတွေ ရှိခဲ့သလို စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
NUG ကတော့ ငလျင်ဒဏ်သင့်တဲ့ ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာ ခုခံကာကွယ်စစ်က လွဲလို့ ထိုးစစ်တွေကို မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ၂ ပတ်ရပ်နားမယ်ဆိုပြီး ကြေညာခဲ့တာပါ။
ဒါပေမဲ့ ၈ လကြာ တိုက်ပွဲဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့ကို ဧပြီ ၈ ရက်မှာသိမ်းခဲ့ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၆၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။
အလားတူ ထိန်းချုပ်နယ်မြေတွေ ထပ်ပြီးဆုံးရှုံးလာတဲ့ စစ်ကောင်စီဟာ အပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် အင်းတော်၊ ကသာ၊ မင်းကင်း၊ မုံရွာ၊ ကောလင်း၊ ဝန်းသို၊ ဘုတလင်၊ အရာတော်နဲ့ ကန့်ဘလူမြို့တို့ အပါအဝင် မြို့ ၁၀ မြို့ထက်မနည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီကစုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကိုင်းက လေကြောင်းတိုက်ခိုက်မှုတွေမှာ ၅ ဦးထက်မနည်း အစုလိုက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေပါရှိခဲ့ပါတယ်။
ဧပြီ ၂၀ ရက် တစ်ရက်တည်းမှာပဲ ကန့်ဘလူမြို့နယ်ထဲက သင်တောရွာလေကြောင်းတိုက်ခံရလို့ တစ်ရက်တည်းမှာပဲ လူ ၆ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဓာတ်ပုံတွေနဲ့အတူ ပေးပို့ထားပါတယ်။
ပြင်းအား ပေါင် ၅၀၀ ရှိတဲ့ ဗုံး ၂ လုံးဟာ ရွာထဲက ကုန်စုံဆိုင်ကြီးပေါ်နဲ့ ဆိုင်အနီးကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဈေးလာဝယ်သူများတဲ့ ညနေပိုင်းအချိန်ဖြစ်တာကြောင့် ၆ ဦးသေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလည်းရှိပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့တုန်းကလည်း အရာတော်မြို့ စစ်စီကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ရေကစားနေတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရတဲ့အထဲမှာ ခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ ကလေးငယ်တချို့လည်း ရှိတယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။
အလားတူ တစ်ရက်တည်းမှာပဲ ဝက်လက်မြို့၊ သစ်ဆိမ့်ကျေးရွာကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့လို့ ကလေး ၅ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၄ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
စစ်တပ်ကြဲချလိုက်တဲ့ဗုံးဟာ သစ်ဆိမ့်ကြီးရွာ ရဲစခန်းအနီးက နေအိမ် ၂ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပြခဲ့ပါတယ်။
စစ်တပ် အပစ်ရပ်ထားချိန် ဧပြီ ၂ ရက်ကနေ ၁၅ ရက်အတွင်း စစ်တပ်က တိုင်းနဲ့ ပြည်နယ် ၁၂ ခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၆၄ ဦးသေဆုံးပြီး ၈၃ ဦးဒဏ်ရာရခဲ့တယ်လို့ NUG က ဧပြီ ဒုတိယအပတ်ထဲမှာ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၄ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းမှာပဲ အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။
ကလေးဝနဲ့ မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ရွှေမျောလုပ်ငန်းလုပ်ကိုင်တဲ့ အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မုံရွာမြို့နယ်ထဲက အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းအခြေအနေတွေကို ကင်းထောက်နေတဲ့အဖွဲ့တချို့က ပြောပါတယ်။
ဧပြီ ၂၄ ရက်မှာပဲ မုံရွာ(နမခ)ကနေ တက်လာတဲ့ စက်တပ်လေထီးက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုတလင်မြို့နယ်၊ကြို့ကုန်းရွာဒေသခံ ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်တပ်အပစ်ရပ်ထားချိန် လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဒုတိယအများဆုံးတိုက်ခိုက်ခံရတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေအရ သိရပါတယ်။
ဒီတိုက်ခိုက်မှုအကြိမ်ရေဟာ ဧပြီ ၂ ရက်ကနေ ၂၂ ရက် ၃ ပတ်တာကာလကို စုဆောင်းသုတေသနပြုထားတာဖြစ်ပါတယ်။
အလားတူ ISP စာရင်းအရ ဒီကာလအတွင်း နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှု ၄၀၆ ကြိမ်ထက်မနည်းလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ တိုက်လေယာဉ်နဲ့ ၂၈၁ ကြိမ်ထက်မနည်း၊ ဒရုန်းနဲ့ ၁၀၂ ကြိမ်ထက်မနည်းအပြင် စက်တပ်လေထီးနဲ့ ၂၃ ကြိမ်ထက်မနည်း စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ထုက်ပြန်ထားပါတယ်။
မန္တလေးတိုင်းထဲက ထိုးစစ်နဲ့ အသေအပျောက်များခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
စစ်ကောင်စီက အပစ်ရပ်ထားတဲ့အချိန်မှာပဲ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းတကြောမှာ ဧပြီတတိယအပတ်ကစပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတွေ ပိုတင်းမာလာပါတယ်။
တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတ္တရာအရှေ့ဘက်ခြမ်းက ရွာတွေကိုတော့ ဧပြီနောက်ဆုံးအပတ်မှာ စစ်တပ်က ကြည်းအပြင် ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
"တိုက်လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတယ်၊ ဒရုန်းနဲ့လည်း ဗုံးသီတွေချတယ်"လို့ သတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။
အလားတူ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီထဲမှာ လိပ်ကျရွာနဲ့ ရေထွက်ရွာ လေကြောင်းတိုက်ခံရမှုက လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။ နှစ်ရွာပေါင်း သေဆုံးခဲ့သူအရေအတွက်က ၄၀ ထက်မနည်းရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတချို့က ဆိုပါတယ်။
ဧပြီ ၁ ရက်ကနေ ၁၉ ရက် အထိ ၃ ပတ်နီးပါးကာလအတွင်း သပိတ်ကျင်းမြို့နယ်တစ်ခုတည်းမှာတင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်အထိ ရှိခဲ့တယ်လို့ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) က ပြောပါတယ်။
ဧပြီ ၁၈ ရက်မှာ လိပ်ကျရွာဈေးအနီးကို ဗုံးကျခဲ့တာကြောင့် ၁၃ ဦးသေဆုံးခဲ့ပြီး အများစုကတော့ အရပ်သားတွေဖြစ်ပါတယ်။
နောက်တစ်ရက် ဧပြီ ၁၉ ရက်မှာတော့ စစ်တပ်က ရေထွက်ရွာကို လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့ပြီး အဲဒီဗုံးဟာ ဓာတ်ဆီဆိုင်ပေါ်ကျရောက်ခဲ့လို့ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ၂၇ ဦးထက်မနည်းထဲမှာ ရုပ်အလောင်းအများစုကတော့ မီးလောင်ကျွမ်းခဲ့တာကြောင့် ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့ မရတော့တဲ့ အခြေအနေအထိ ပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဧပြီလအတွင်း သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူဦးရေ အနည်းဆုံး ၄၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့တဲ့အထဲ ၇ ဦးကတော့ ကလေးငယ်တွေလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့သူအရေအတွက်နဲ့ ပတ်သက်လို့ "အဖွဲ့အစည်းတွေက ပြောကြတဲ့ သေဆုံးအရေအတွက်ထက် မြေပြင်မှာ သေတဲ့သူအရေအတွက်က ပိုများနိုင်တယ်" လို့ သူက ထပ်ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ဟာ ရွှေ အမြောက်အမြားထွက်တဲ့ ဒေသလည်းဖြစ်ပါတယ်။
စစ်တပ်ဟာ ဒီဒေသတွေကို လက်လွှတ်လိုက်ရပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ရွှေလုပ်ကွက်တချို့ကို ဆက်လည်ပတ်ပြီး ထိန်းချုပ်နေတဲ့ အခြေအနေလို့ MDY PDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ရွာခံတွေကလည်း ရွှေတူးတဲ့ အလုပ်တွေပဲ လုပ်တယ်" လို့ သူက ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေက သယံဇာတကနေ ရတဲ့ အကျိုးအမြတ်တွေကို လက်နက်ခဲယမ်းအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ သုံးနေတယ်လို့ စစ်တပ်က ယူဆထားတယ်လို့ သပိတ်ကျင်းနဲ့ မတ္တရာဘက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။
သယံဇာတပေါတဲ့ အဲဒီလိုနေရာတွေကို ထိန်းချုပ်ထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အုပ်ချုပ်ရေးကောင်းကောင်းမလည်ပတ်နိုင်အောင် လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေတာလို့ သူက ဆက်ရှင်းပြပါတယ်။
ဒါကြောင့် စစ်တပ်က အပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် သပိတ်ကျင်းအပါအဝင် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ "စစ်တပ်က အရှိန်မြှင့်ပြီး ဆက်တိုက်နေဦးမှာပဲ" လို့ သူက ဆိုပါတယ်။
ဒီလမ်းပိုင်းကို စစ်တပ်ပြန်ရမယ်ဆိုရင် ကချင်နဲ့ စစ်ကိုင်းက တိုက်ပွဲတွေ မန္တလေးအထိရောက်မလာအောင် ဖြတ်တောက်ထားနိုင်မယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြထားကြပါတယ်။
ငလျင်ကြောင့် အပစ်ရပ်ကြေညာခင် မတ်လအလယ်ပိုင်းတုန်းကတော့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေကို စစ်ရုံးမှာခေါ်တွေ့ပြီး ဆုံးရှုံးနယ်မြေတွေ ပြန်ရအောင် တိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ အောင်မြင်မှုယူလာနိုင်တဲ့သူတွေကို သင့်တော်တာ စီစဉ်ပေးမယ်ဆိုတဲ့ မက်လုံးမျိုးအထိ စစ်ခေါင်းဆောင်က ပေးခဲ့တယ်လို့ သိရပါတယ်။
NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ နွေဦးတော်လှန်ရေး ၄ နှစ်ကျော်လာချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံတဝန်းထိန်းချုပ်ထားနိုင်တဲ့ နယ်မြေက ၄ ပုံ ၁ ပုံတောင် မရှိတော့ဘူးလို့ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးမိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်
အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအများဆုံးဖြစ်ခဲ့တယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၉၉ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာတော့ အကြိမ် ၂၂၀ နီးပါးရှိခဲ့တယ်လို့ ISP က ဖော်ပြပါတယ်။
ဧပြီနောက်ဆုံးအပတ်ထိ ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်က ဗန်းမော်မြို့မကျအောင် လေကြောင်းကနေ အပြင်းအထန်ခုခံပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
KIA တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားတဲ့ ဖားကန့်မြို့နယ်ကိုဦးတည်ပြီး စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ဧပြီလနောက်ဆုံးအပတ်မှာ ထိုးစစ်ဆင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"ကာမိုင်းဘက်က တစ်ကြောင်း၊ အင်းတော်ကြီးဘက်က တစ်ကြောင်း ထိုးနေတာ"လို့ သူက ဆက်ပြောပါတယ်။
အင်းတော်ကြီးဘက် စစ်ကြောင်းထိုးချိန်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ထိခိုက်သေဆုံးတဲ့သူတချို့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။
စစ်တပ်က အပစ်ရပ်သက်တမ်းကို ဧပြီ ၃၀ ရက်အထိ တစ်ပတ်ထပ်တိုးခဲ့ပေမယ့် ကချင်မှာ စစ်တပ်က ထိုးစစ်အပါအဝင် စစ်ရေးတွေ ရပ်မနေဘူးလို့ KIA က ပြောပါတယ်။
မလေးရှားရဲ့အပစ်ရပ် ကြိုးပမ်းရေး ဘယ်လောက်ထိရောက်မှုရှိလဲ
၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဟာ စစ်ခေါင်းဆောင်အပြင် NUG ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံခဲ့ပြီးနောက် မြန်မာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မေလထဲမှာ တွေ့ဖို့ စီစဉ်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မေလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာတွေ့ဆုံကြဖို့ လျာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ဖိတ်ကြားထားတယ်လို့ မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီတွေ့ဆုံပွဲဖိတ်ကြားမှုနဲ့ပတ်သက်လို့ မလေးရှားအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီ အပစ်ရပ်သက်တမ်း တစ်ပတ်ထပ်မတိုးမီ ဧပြီ ၁၇ ရက်မှာ စစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်မှာ လူချင်းတွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမတိုင်ခင် မလေးရှားဝန်ကြီးချုပ်အနေနဲ့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန် အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ ဖိအားပေးဆွေးနွေးသွားမယ့်အကြောင်း လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ ဧပြီ ၁၇ ရက် ဆွေးနွေးပွဲအပြီး နောက်တစ်နေ့ ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မလေးရှားက ကြားဝင်ညှိနှိုင်းပေးနေပေမယ့် မြန်မာမှာ တကယ်အပစ်ရပ်သွားမလားဆိုတာစောင့်ကြည့်ရဦးမယ်လို့ မြန်မာ့အရေးလေ့လာသူလည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။
"တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးကာလကို ဆက်စောင့်ကြည့်ရဦးမယ်" လို့ သူကဆိုပါတယ်။
စစ်တပ်၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် ဘက်အသီသီးရဲ့ အပစ်ရပ်ထုတ်ပြန်ချက်တွေနဲ့ လက်တွေ့လုပ်ရပ်က ညီညွတ်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
"အပစ်ရပ်တယ်သာပြောတာ၊ NUG ကလည်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်တယ်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်တာအပြင် တချို့ နေရာတွေမှာလည်း ထိုးစစ်တွေ လုပ်နေတာပဲ" လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။