လာအိုမှာ မြန်မာထောင်နဲ့ချီဖမ်းဆီးခံရတာဘာကြောင့်လဲ

ရွှေတြိဂံဒေသ လာအိုအထူးစီးပွားရေးဇုန်ထဲကလာအိုရဲ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရွှေတြိဂံဒေသ လာအိုအထူးစီးပွားရေးဇုန်ထဲကလာအိုရဲ တစ်ဦး

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်ကိုင်ရှားပါးတာ၊ အသက်အန္တရာယ် မလုံခြုံတာ၊ နိုင်ငံတဝန်းနီးပါး တိုက်ပွဲတွေဖြစ်တာတွေကြောင့် လူငယ်၊လူလတ်အများစုဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် လိုနိုင်ငံတွေကို အသွားများကြပါတယ်။

ဒါအပြင် အခုနောက်ပိုင်းမှာတော့ တရုတ်စီမံကိန်းတွေကြောင့် အလုပ်အကိုင်ပေါများလာတဲ့ ဖွံ့ဖြိုးဆဲ လာအိုနိုင်ငံကိုပါ သွားကြသူတွေက ထောင်နဲ့ချီရှိလာပါတယ်။

အဲဒီအထဲမှာ ပဲခူးမြို့က အသက် ၂၄ နှစ် ကိုမင်းမင်း (အမည်လွှဲပြောင်း) လည်း ပါဝင်ပါတယ်။ ကိုမင်းမင်းဟာ ပြီးခဲ့တဲ့ ၄ လဝန်းကျင်က ပဲခူးကနေ အမြန်လမ်း အဲ့ဒီကနေ ရှမ်းပြည်နယ် ကျိုင်းတုံ၊ ပြီးတော့ တာချီလိတ်၊ တာချီလိတ်ကနေ မဲခေါင်မြစ်ကို ကူးလိုက်တာနဲ့ လာအိုနိုင်ငံက ဖော့ဆောင် ဆင်နှစ်ကောင် ကို ရောက်ခဲ့တာပါ။

“ထိုင်းတို့ ၊ မလေးရှားတို့ကို သွားမယ်ဆိုရင် ပွဲစားခက ၁၅ သိန်းကနေ သိန်း ၂၀ လောက်အထိ တောင်းတယ်။ လာအိုကျတော့ ၁၀ သိန်းဆိုတော့ ပွဲစားခ ဈေးနည်းနည်းသက်သာတာနဲ့ လာခဲ့လိုက်တာ”လို့ ကိုမင်းမင်းက ပြောပါတယ်။

လာအိုရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်တဲ့အခါ စကားပြန်တွေက နိုင့်ထက်စီးနင်းလုပ်တာ၊ သူဋ္ဌေးက အလုပ်လုပ်ခွင့်ကတ်တွေ လုပ်မပေးတာတွေကြောင့် တစ်လအကြာမှာ အလုပ်ထွက်ခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံကနေ သူ့လိုမျိုး လာအလုပ်လုပ်တဲ့သူတွေ ဆက်တိုက်ရောက်လာကြပြီး အလုပ်လုပ်ချင်သူတွေများလာတာကြောင့် အလုပ်ရဖို့ ပိုပြီးခက်ခဲလာပါတယ်။

ဒ့ါကြောင့် အလုပ်မရှိဘဲ သုံးလအတွင်းမှာ နေစရာမရှိတာကြောင့် လူအရောက်အပေါက်နည်းတဲ့ ကန်ဘောင်တွေ၊ ကစားကွင်းနဲ့ ပန်းခြံတွေထဲက သစ်ပင်အရိပ်တွေဟာ သူတို့ရဲ့ ကျောတစ်ခင်းစာနေရာ ဖြစ်လာပါတယ်။

“မြေကြီးပေါ်မှာ စောင်ကိုခင်းတယ်၊ စောင်တစ်ထည်ကို ခြုံတယ်၊ အမိုးမရှိဘူး၊ အကာလည်းမရှိဘူးပေါ့ဗျာ။ မိုးရွာရင်တော့ အဆောက်အဦအောက်မှာ ခဏသွားခိုရတယ်။ မိုးတိတ်ရင်တော့ ကတ်ထူစက္ကူတွေရှာပြီး ခင်းအိပ်ရတာ”လို့ ကိုမင်းမင်းက ပြောပါတယ်။

သူ့အနေနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်ခြံ၊ ကိုယ့်အိမ်နဲ့ လုံလုံခြုံခြုံနေခဲ့ရပေမဲ့ တခြားနိုင်ငံမှာတော့ မြေကြီးမွေ့ယာပေါ်မှာ အိပ်စက်ရတဲ့အခြေအနေကို စိတ်မသက်သာ ဖြစ်နေရပါတယ်။

“ပြန်ချင်တယ်၊ ပြန်လို့မရသေးဘူး။ လမ်းစရိတ်လည်း မရှိဘူး။ အခု စားဖို့ ယူထားတဲ့ အကြွေးတွေလည်း မဆပ်ရသေးဘူး”လို့ သူက ပြောပါတယ်။

သူ့လိုမျိုး သစ်ပင်ကို အိမ်တိုင်၊ သစ်ရွက်ကို အိမ်အမိုး ၊ မြေကြီးကို အိပ်ရာ အဖြစ်၊ လမ်းဘေးမှာရှိတဲ့အများသုံး ရေချိုးခန်း အိမ်သာတွေကိုသုံးပြီး အဆင်ပြေသလိုနေပြီး တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။

လာအိုမှာ အလုပ်သမားအရေးကူညီသူအချို့ကတော့ လာအိုကို‌ အလုပ်လုပ်ဖို့ ရောက်နေတဲ့ မြန်မာနိုင်ငံသားသောင်းနဲ့ချီရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

လာအိုမှာ လမ်းဘေးရောက်ခဲ့ရတဲ့ မြန်မာလူငယ်

လာအိုမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လာအိုမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလိုတရားမဝင်နေထိုင် အလုပ်လုပ်ကိုင်တဲ့မြန်မာတွေများလတဲ့ လာအိုမှာ ဧပြီ ပထပတ်အတွင်းမှာ ရဲနဲ့စစ်တပ်က လိုက်ဖမ်းလို့ မြန်မာနိုင်ငံသား ထောင်နဲ့ ချီ ပြေးလွှားတိမ်းရှောင်ကြရတဲ့ ဗီဒီယိုဖိုင်တွေက လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ခြုံတွေကြားကနေ ခုန်ကျော်ပြေးနေတဲ့လူတွေ၊ ငှက်ပျောတောလို ချက်ချင်းလူမမြင်နိုင်တဲ့ နေရာတွေ၊ ပိုက်လိုင်းလိုနေရာတွေကိုဖြတ်ပြီးတောထဲကိုထွက်ပြေးနေကြရပါတယ်။

တချို့ကလည်း ပူပြင်းနေတဲ့ နေရောင်အောက်မှာ ဖိနပ်မပါဘဲ ကတ္တရာလမ်းတစ်လျှောက် နောက်လှည့်ကြည့်လိုက် ခပ်သွက်သွက်နဲ့ မပြေးရုံတမြည် လမ်းလျှောက်လိုက်နဲ့ စိုးရိမ်တကြီး လှုပ်ရှားပြေးလွှားနေကြတာလည်း မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။

တိမ်းရှောင်ရင်း တံတားအောက်က အရိပ်ရတဲ့မြေကြီးပေါ်မှာ အမောဖြေနေကြတဲ့အထဲ မြန်မာ အမျိုးသမီးတွေလည်း ပါပါတယ်။

ဒါတွေဟာ ဘီဘီစီကို ပေးပို့လာတဲ့ ဗွီဒီယိုတွေကနေတဆင့် တွေ့ခဲ့ရတာတွေ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ထွက်ပြေးရတာ ခြုံတွေထဲရော၊ တောတွေထဲရော၊ ဖိနပ်တောင် မပါနိုင်ဘူး။ ပထမရဲဖမ်းတုန်းက ဒီလောက်မကြမ်းဘူး။ နောက်တော့ စစ်တပ်ပါ ပါလာပြီး အတင်းပြေးဖမ်းတော့ ထပ်ပြေးရတယ်။ ဖိနပ်မပါတော့ ခြေထောက်တွေ ဆူးတွေစူး၊ ပုလင်းကွဲတွေစူးနဲ့၊ ကောင်းကောင်းမအိပ်ရ မစားရတာ သုံးရက်ရှိပြီ”လို့ အသက် ၂၃ နှစ်အရွယ် လာအိုရောက် မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။

ထွက်မပြေးနိုင်ဘဲ အဖမ်းခံလိုက်ရသူတွေကို စစ်ကားလို ကားကြီးတစ်စီးပေါ် တစ်ယောက်ပြီးတစ်ယောက် တင်နေတာကိုလည်း တွေ့ရပါတယ်။

တရုတ်စီမံကိန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအများအပြားရှိတဲ့လာအိုဘက်ခြမ်းကို မြန်မာ၊ရှမ်းပြည်နယ်၊ တာချီလိတ်ကနေ မဲခေါင်မြစ်ကိုဖြတ်ကူးပြီး တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိပါတယ်။

ဒီလိုဖမ်းဆီးမယ့်အကြောင်းလာအိုအာဏာပိုင်တွေက ကြိုတင်ကြေညာထားတယ်လို့ အလုပ်သမားတချို့ကပြောပါတယ်။

မြေကြီးကို အိပ်ရာအဖြစ် သုံးနေရတဲ့ မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြေကြီးကို အိပ်ရာအဖြစ် သုံးနေရတဲ့ မြန်မာနိုင်ငံသားတွေ

ဖမ်းဆီးခံရတဲ့ မြန်မာ ထောင်ချီရှိနေ

အလှူရှင်လှူတာကို စောင့်ပြီးမှာ ထမင်းစားရတဲ့ မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အလှူရှင်လှူတာကို စောင့်ပြီးမှာ ထမင်းစားရတဲ့ မြန်မာနိုင်ငံသားတွေ

ဧပြီ ပထမပတ်အတွင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကနေ နှစ်ထောင်ဝန်းကျင်ရှိနေတယ်လို့ လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ လာအိုနိုင်ငံ ဘော်ကီယိုခရိုင်ထဲက တရုတ်အထူးစီးပွားရေးဇုန်ထဲက တရားမဝင် လောင်းကစားရုံနဲ့ ကာစီနိုတွေမှာ အလုပ်လုပ်ကိုင်ကြသလို ဆောက်လုပ်ရေးလုပ်ငန်း၊ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း၊ ဈေးအရောင်းအဝယ်၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ အများဆုံး အလုပ်လုပ်ကိုင်ကြတာပါ။

လာအိုရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့က ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာရှိတဲ့ ဆင်နှစ်ကောင်၊ ခြောက်လုံးပြိုင်၊ အုန်းတောနဲ့ ကျွန်းတော စတဲ့နေရာတွေမှာမြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားထောင်နဲ့ချီကို ဖမ်းဆီးနေတာဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ နေထိုင်ခွင့်ပါမစ်၊ အလုပ်လုပ်ခွင့်မရှိလို့ အဖမ်းခံရရင် ဈေးဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုမ္ပဏီသ‌‌ဋ္ဌေးတွေကို ဒဏ်ကြေးဆောင်ပြီးမှာ ပြန်လွှတ်သလို အာမခံပေးမယ့် သူဋ္ဌေးမရှိရင်တော့ ဆွေမျိုး၊ အသိ၊ သူငယ်ချင်းတွေက အာမခံပေး ဒဏ်ငွေဆောင်ပြီးမှ ပြန်လွှတ်ပေးတယ်လို့ လာအိုနိုင်ငံက အလုပ်သမားအရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒဏ်ကြေးကတော့ ယွမ် ၅၀၀ (လက်ရှိ မြန်မာငွေ ပေါက်ဈေး တစ်သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။

အာမခံပေးမယ့်သူတွေ မရှိဘူးဆိုရင်တော့ ထောင်ဒဏ် ၆ လ ကျခံရမလား၊ မြန်မာနိုင်ငံကို ပြန်ပို့ခံရမလားဆိုတာကိုတော့ မသိကြရသေးဘူးလို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

အဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ လာအိုနိုင်ငံ ဗီယန်ကျင်းမှာရှိတဲ့ မြန်မာသံရုံးကို ဘီဘီစီက ဆက်သွယ်ပေမဲ့မရခဲ့ပါဘူး။

မြန်မာနိုင်ငံသားထောင်နဲ့ချီ လာအိုနိုင်ငံမှာဖမ်းဆီးခံနေရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့ စစ်ကောင်စီကတော့ ဒီအရေးနဲ့ ပတ်သက်လို့ မြန်မာဘက်က လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဧပြီနောက်ဆုံးပတ်အထိ အဲဒီဖမ်းခံရတဲ့ မြန်မာနိုင်ငံသားထောင်ချီ ပြန်လည်လွတ်မြောက်တာမရှိသေးပါဘူး။ သူတို့ကို မြန်မာအာဏာပိုင်တွေကလည်း မေးမြန်းစုံစမ်းပေးတာမရှိဘူးလို့ ဖမ်းဆီးမခံရတဲ့ မြန်မာနိုင်ငံသားအချို့ကပြောပါတယ်။

“ဒီတစ်ခါ အဖမ်းခံမိရင် ၁၀ သိန်းကျော်နဲ့ ပြန်မရွေးနိုင်ရင် အလုပ်ကြမ်းနဲ့ထောင်ချမယ်တဲ့”လို့ သူတို့ကြားရတဲ့သတင်းတွေကို မြန်မာနိုင်ငံသားတစ်ဦးကပြောပြပါတယ်။

ဒါအပြင့် နေထိုင်ခွင့် ၊ အလုပ်လုပ်ခွင့် ကတ်တွေမရှိတဲ့သူတွေကို ဖမ်းမယ့်အကြောင်း စာထပ်ထုတ်ထား ပေမဲ့ ဘယ်အချိန်မှာ ဖမ်းမယ်ဆိုတာတော့ မသိကြရသေးပါဘူး။

နေထိုင်ခွင့်ကတ်နဲ့ အလုပ်လုပ်ခွင့်ကတ်

လာအိုရဲနဲ့ စစ်တပ် ဖမ်းမိသွားတဲ့ မြန်မာလူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

လာအိုမှာ အခုလို ဖမ်းဆီးခံကြရတာဟာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ကတ်မရှိကြလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကတ်တွေရဲ့ ကုန်ကျစရိတ်နဲ့ သတ်မှတ်ချက်တချို့ကြောင့် တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အခက်အခဲတွေရှိနေပြန်ပါတယ်။

လာအိုနိုင်ငံမှာ နေထိုင်ခွင့်ကတ်အတွက် မြန်မာငွေ နှစ်သိန်းခွဲကျော်လောက် ပေးရသလို အလုပ်လုပ်ခွင့်ကတ်ရဖို့လည်း တစ်သိန်းခွဲကနေ သုံးသိန်းဝန်းကျင်လောက်အထိ ပေးရတယ်လို့ သိရပါတယ်။

အလုပ်လုပ်ခွင့်ကတ်ရဖို့ကလည်း သူဋ္ဌေးက အာမခံပေးမှ ရတာကြောင့် သူဋ္ဌေးတွေကအာမခံပေးတာမရှိတဲ့နောက်မှာတော့ မြန်မာအလုပ်သမားတွေ အများစုမှာ အလုပ်လုပ်ခွင့်ကတ်တွေ မရှိတာကြောင့် အခုလို ဖမ်းဆီးခံကြရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီကုန်ကျစရိတ်တွေအတွက် အလုပ်လက်မဲ့ မြန်မာနိုင်ငံသားတွေက ငွေကြေးအခက်ခဲဖြစ်နေရတာပါ။

အဲ့ဒီနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တွေကလည်း ၆ လ ကိုတစ်ကြိမ်သက်တမ်းတိုးရပါတယ်။

ဒါ့အပြင် တရားမဝင် အလုပ်သမားတွေဖြစ်တာကြောင့် အလုပ်ရှင်ကလည်း လုပ်အားခတွေကို လျော့ပြီးပေးတာတွေရှိလာတယ်လို့လည်း မြန်မာအလုပ်သမားတွေက ပြောပါတယ်။

“အရင်က တစ်လကို တရုတ်ငွေ ယွမ် ၂ ထောင်လောက်ပေးရင် အခုဆို ၁၅၀၀ လောက်ပဲ ပေးတော့တယ်”လို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ်တစ်ယောက်က ပြောပါတယ်။

ဒါတင်မကသေးဘဲ လာအိုနိုင်ငံမှာ မြန်မာကျပ်ငွေ သိန်း ၂၀ ကနေ သိန်း ၃၀ လောက်အထိ ဝင်ငွေရနိုင်တယ်ဆိုပြီး ပွဲစားတွေက ခေါ်လာပြီး လာအိုနိုင်ငံရောက်တဲ့အခါ လမ်းဘေးမှာ ပစ်ထားခဲ့တာတွေလည်းရှိတယ်လို့ ပြောကြပါတယ်။

“စစ်မှုထမ်းဥပဒေ ထုတ်ပြီးနောက်ပိုင်းမှာ ရောက်လာတဲ့မြန်မာတွေ ပိုများတယ်။ အညာနဲ့ ရခိုင်ဒေသက ပိုများတယ်။ ပွဲစားတွေက လိမ်ခေါ်ပြီး လမ်းဘေးမှာထားခဲ့တော့ သူတို့လည်း လမ်းဘေးမှာပဲ အဆင်ပြေသလို နေနေကြရတယ်”လို့ မြန်မာအလုပ်သမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီလို နေထိုင်နေရင်း လာအိုရဲနဲ့ စစ်တပ်ဖမ်းဆီးတဲ့အခါ ထွက်ပြေးကြရတဲ့အခါ ထမင်းမစားရတာတွေလည်း ရှိခဲ့ကြပါတယ်။

“၉ ရက်ကနေ့ကဆိုရင် ကျွန်တော်တို့ ထွက်ပြေးရတယ်။ ဘာမှ မစားရဘူး၊ အလှူရှင်တွေ ထမင်းလာဝေလို့ တန်းစီနေတုန်းမှာပဲ ထပ်ပြီးလာဖမ်းလို့ ထမင်းဘူးထားပြီး ပြေးခဲ့ကြရသေးတယ်”လို့ ကိုမင်းမင်းက ပြောပါတယ်။

ကန်ဘောင်၊ ပန်းခြံတို့လို သစ်ပင်အရိပ်တွေအောက်မှာ အဆင်ပြေသလိုနေကြရတဲ့ ကိုမင်းမင်းတို့ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က လာအိုရဲနဲ့ ကုမ္ပဏီဝန်ထမ်း မြန်မာနိုင်ငံသား လုံခြုံရေးတွေက ဖယ်ခိုင်းတဲ့အတွက် လမ်းဘေးမှာ နေစရာမဲ့တဲ့ အခြေအနေကို ရောက်နေကြပါတယ်။