ဘန်ကောက်လေထုညစ်ညမ်းမှုကြောင့် အိမ်ကနေအလုပ်လုပ်ဖို့ အာဏာပိုင်တွေပန်ကြား - ဖေဖော်ဝါရီ ၁၅ရက် နိုင်ငံတကာသတင်းများ

ထိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၂သန်း ဆေးကုသမှု ခံယူခဲ့ရ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော် မှာ လေထုညစ်ညမ်းမှု ဆိုးရွားနေတာကြောင့် အစိုးရဝန်ထမ်းတွေ အိမ်ကနေဘဲ အလုပ်လုပ်ကြဖို့ မှာကြားထားပါတယ်။

တခြား ဝန်ထမ်းတွေလည်း အလားတူ လိုက်ပါလုပ်ဆောင်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။

ဘန်ကောက်မြို့ရဲ့ လေထုအရည်အသွေးဟာ ကမ္ဘာပေါ်က လေထုညစ်ညမ်းတဲ့ မြို့တွေလိုဘဲ ဆိုးရွားလျက် ရှိတာပါ။

အခု ဖုန်တွေထူနေတော့ အသက်လည်း ကောင်းကောင်း ရှူလို့မရ ၊ ကျွန်တော့်မျက်လုံးတွေဆို ယားနေတာပဲ ၊ မီးခိုးတွေ ထူထဲနေတော့ အခြေအနေက ပိုဆိုးလာနေပါတယ်လို့ ဘန်ကောက်မြို့ခံတစ်ဦးက ပြောပါတယ်။

စက်မှုလက်မှု လုပ်ငန်းတွေ ၊ မော်တော်ကားတွေက ထွက်တဲ့ မီးခိုးတွေနဲ့ ကျေးလက်ဒေသတွေမှာ ရိုးပြတ်မီးရှို့မှုတွေက လေထုညစ်ညမ်းမှုကို ပိုပြီး ဆိုးရွားစေတာ ဖြစ်ပါတယ်။

ထိုင်းပါလီမန်မှာတော့ သယ်ယူပို့ဆောင်ရေး ကဏ္ဍကနေ ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှု လျှော့ချရေး ဥပဒေ တရပ်ပြဋ္ဌာန်းနိုင်ဖို့ စဉ်းစားနေကြပါပြီ။

ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် မနှစ်တုန်းက လူပေါင်း နှစ်သန်းလောက် ဆေးကုသမှု ပေးခဲ့ရပါတယ်။

အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ယောက်သေဆုံးတဲ့အထဲ ကလေးတွေ ထက်ဝက်ပါဝင်

ဂါဇာတောင်ပိုင်းက ဆေးရုံကြီးတရုံကို သူတို့ရဲ့ အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နက်ဆာ ဆေးရုံက သူနာပြု တယောက် အပြောအရ သူတို့ဆေးရုံ တခုလုံး စီးနင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နက်ဆာ ဆေးရုံမှာ အစ္စရေး ဓားစာခံတွေကို ဟားမတ်စ်တို့ ထိန်းသိမ်းထားတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေရလို့ တိကျသေချာတဲ့ စစ်ဆင်ရေး လုပ်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဟားမတ်စ် ပြောခွင့်ရသူကတော့ အစ္စရေး စစ်တပ်ရဲ့ ပြောဆိုချက်က အလိမ်အညာတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အဆိုအရ အစ္စရေး တပ်တွေဟာ ဆေးရုံထဲကို အင်အားသုံး ဝင်ရောက်ကာ လူနာတယောက်နဲ့ ဒဏ်ရာရသူ တော်တော်များများကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဟစ်ဇဘိုလာ ပစ်မှတ်တွေ ထိမှန်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

နာဘတ်တီရာ့မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ယောက် သေဆုံးခဲ့ပြီး အဲဒီအထဲ ကလေးထက်ဝက်ပါဝင်တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး နောက်တနေ့မှာ အခုလို အစ္စရေး လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်ခဲ့တာပါ။

မနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း ကလည်း အစ္စရေး ဒုံးကျည် ပစ်ခတ်မှုကြောင့် အစ္စရေးမြောက်ပိုင်းက အမျိုးသမီး စစ်သည်တယောက် သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

ဟစ်ဇဘိုလာ ထိပ်တန်း အရာရှိ ဟတ်ဆန် ဖာဒဲလာ ရဲ့ အဆိုအရ အစ္စရေးဟာ နာဘက်တီရက် ကို တိုက်ခိုက်ခဲ့တဲ့အတွက် တန်ပြန် လက်စားချေခံရလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ထိုင်ဝမ်ကမ်းစောင့်တပ် သင်္ဘောကိုရှောင်ရင်း တရုတ်ငါးဖမ်းသမားနှစ်ယောက် လှေမှောက်သေဆုံး ၊ နှစ်ယောက်ဖမ်းခံရ

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငါးဖမ်းသမားတွေ သေဆုံးမှု စုံစမ်းစစ်ဆေးပေးဖို့ တရုတ်တောင်းဆို

တရုတ် ငါးဖမ်းသမားနှစ်ယောက် စပိဘုတ်နဲ့ ထိုင်ဝမ်ရေတပ် သင်္ဘောကို ရှောင်ပြေးဖို့ ကြိုးစားရင်း လှေမှောက်သေဆုံးမှုဖြစ်ခဲ့ပြီးနောက် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထိုင်ဝမ်က ကာကွယ်ပြောကြားလိုက်ပါတယ်။

တရုတ်ပြည်မကြီး အနီးမှာရှိတဲ့ ကင်မင် ကျွန်းနားမှာ အခင်းဖြစ်ပွားခဲ့တာပါ။

စပိဘုတ်ပေါ်က အသက်ရှင် ကျန်ရစ်သူ နှစ်ယောက်ကိုလည်း တိုင်ဝမ် အာဏာပိုင်တွေက စစ်ဆေးဖို့ ထိန်းသိမ်းထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှု ပိုကြီးထွားလာနေပါတယ်။

ထိုင်ဝမ်ကို သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့တရုတ် အစိုးရကတော့ ငါးဖမ်းသမားတွေအပေါ် ထိုင်ဝမ်ကမ်းစောင့်တပ်ရဲ့ ပြုမူဆက်ဆံပုံက အန္တရာယ်ဖြစ်စေတယ်လို့ ပြောကြား ရှုတ်ချပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ထိုင်ဝမ်ဘက်ကတော့ ငါးဖမ်းသမားတွေဟာ အဖိုးတန်ငါးတွေရှိရာ တားမြစ်နယ်မြေကနေ ထွက်ပြေးဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

မန်ယူအသင်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ငွေပုံအောသုံးစွဲခဲ့

မန်ချက်စတာ ယူနိုက်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန်နေဂျာ အဲရစ်ဒန်ဟတ် လက်ထက် ပြီးခဲ့တဲ့ ရာသီမှာ ကာရာဘောင်ဖလား ဆွတ်ခူးခဲ့

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က ထုတ်ပြန်တဲ့ အချက်အလက်တွေ အရ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား စုစုပေါင်းတန်ဖိုးဟာ သမိုင်းမှာ တန်ကြေးအမြင့်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပရီးမီးယား ကလပ်အသင်း တခုဖြစ်တဲ့ မန်ယူဟာ မနှစ်က ကစားသမား ပြောင်းရွှေ့ကြေး ဒေါ်လာ တစ်ဘီလျံခွဲ သုံးစွဲခဲ့တာ တွေ့ရပြီး ဒါဟာ ၂၀၂၀ တုန်းက စံချိန်တင် ဒေါ်လာ ၁.၄ ဘီလျံ သုံးစွဲခဲ့တဲ့ ရီးရဲမဒရစ်ကို ကျော်တက်သွားတာ ဖြစ်ပါတယ်။

အခုလို ငွေအမြောက်အမြား သုံးခဲ့တဲ့ မန်ယူဟာ လက်ရှိမန်နေဂျာ အဲရစ်တန်ဟတ် လက်ထက်မှာ ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်ဖလား ဆွတ်ခူးခဲ့တာကလွဲလို့ ခုလတ်တလော နှစ်တွေမှာ အောင်မြင်မှုရဖို့ ကြိုးစားရုန်းကန်နေရပါတယ်။