ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးမှ အိန္ဒိယ ချောင်းဆိုးပျောက်ဆေးတွေ ပြည်ပ တင်ပို့ခွင့်ပြု-မေ ၂၃ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
အိန္ဒိယနိုင်ငံက တင်ပို့မယ့် ချောင်းဆိုးပျောက်ဆေးတွေကို အစိုးရ ဓာတ်ခွဲခန်းမှာ နမူနာကို စမ်းသပ် စစ်ဆေးပြီးမှ တင်ပို့ခွင့်ပြုမယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဂမ်ဘီယာမှာ ကလေး ၇ဝ ဦး သေဆုံးခဲ့ပြီး ဥဇဘက်ကစ္စတန်မှာ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး ၄ မျိုးက သေစေနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လက်မခံနိုင်စရာ အဆိပ်ပမာဏတွေ ပါဝင်နေတယ်လို့ ဓာတ်ခွဲစမ်းသပ်မှုတွေ အရသိရပါတယ်။
အိန္ဒိယနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ပြီးခဲ့တဲ့နှစ်တွေက စဖွံ့ဖြိုးလာခဲ့ပေမဲ့ အရည်အသွေး ညံ့ဖျင်းတာနဲ့ လုပ်ထုံးလုပ်နည်း အားနည်းတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို အာမခံပေး
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခမ်းကို ဒီလ အစောပိုင်း အကြမ်းဖက် ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်ပြီး စွဲဆိုထားတဲ့ စွပ်စွဲချက်တွေအပေါ် အစ္စလာမ် မာဘတ် အကြမ်းဖက် ဆန့်ကျင်ရေး တရားရုံးက အာမခံပေးလိုက်ပါတယ်။
ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူကို ဖမ်းဆီး အရေးယူဖို့ အစိုးရနဲ့ စစ်တပ်က ကတိပေးထားပါတယ်။ ဒီအကြမ်းဖက်မှုတွေထဲမှာ စစ်တပ်ရဲ့ ဌာနချုပ်ကို တိုက်ခိုက်တာလည်း ပါဝင်ပါတယ်။
တခြား အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး စွဲဆိုချက်အတွက် မစ္စတာ ခမ်းက တခြား တရားရုံးမှာ တရား ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မစ္စတာ ခမ်းက ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ သူ့ပါတီခေါင်းဆောင်တွေကလည်း လက်ရှိအချိန်မှာ အကျဉ်းကျခံနေရပါတယ်။
တီမော အတိုက်အခံနဲ့ လွတ်လပ်ရေးခေါင်းဆောင် ရွေးကောက်ပွဲနိုင်
အရှေ့တီမော အတိုက်အခံပါတီနဲ့ လွတ်လပ်ရေးခေါင်းဆောင် ရှောင်နာနာ ဂူမောက မေ ၂၁ ရက်နေ့က ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး နိုင်ငံ အကြီးအကဲပြန် ဖြစ်လာမှာ ဖြစ်ပါတယ်။
အမျိုးသားကွန်ဂရက် အတွက် တီမော ပြန်လည် တည်ဆောက်ရေးပါတီက မဲ ၄၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး အဓိက ပြိုင်ဘက် ဖက်တလင်း(Fretilin)ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မဲအများစုကို အနိုင်မရတာကြောင့် မဟာမိတ်ဖွဲ့ရဖို့ ရှိနေပါတယ်။
ဆယ်စုနှစ် နှစ်ခုအတွင်း အင်ဒိုနီးရှားကနေ လွတ်လပ်ရေးရခဲ့ပြီးတဲ့နောက် မစ္စတာ ဂူမောက အရှေ့တီမောရဲ့ ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။
နည်းပါးလာတဲ့ ရေနံအပေါ် ဒီကျွန်းနိုင်ငံက အဓိက အားထားနေရပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ရုန်းကန်နေရပါတယ်။
အီရန်နဲ့ အင်ဒို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ သဘောတူ
အီရန် သမ္မတ အီဗရာဟင် ရေဆီ ခရီးစဉ်မှာ အီရန်နဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန်၊ အီးယူနဲ့ တခြားနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကြောင့် အီရန်ရဲ့ စီးပွားရေးက ဆိုးရွားလာခဲ့ပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြတဲ့သူတွေကို ရက်ရက်စက်စက်ဖိနှိပ်တာ၊ နျူကလီးယား အစီအစဉ်ကို မဖျက်သိမ်းတာနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေနဲ့ အပြည့်အဝ မပူးပေါင်းတာတွေ ကြောင့် အီရန်အပေါ် အီးယူ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။
ချိုးဖောက်မှုတချို့ ရှိပေမဲ့ ဆူဒန်မှာ အပစ်ခတ်ရပ်စဲရေး တည်မြဲနေ
ဆူဒန်နိုင်ငံမှာ နောက်ဆုံး သဘောတူညီထားတဲ့ အပစ်အခတ် ရပ်စဲရေးက အချိန် အတော်အကြာ ထိန်းသိမ်းထားနိုင်တာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာပါတယ်။
ဒီသဘောတူညီချက်အပေါ် ချိုးဖောက်မှုတချို့ ရှိပေမဲ့လည်း ဒါကို အချိန်အတော်ကြာ ထိန်းသိမ်း ထားနိုင်တာ ဖြစ်ပါတယ်။ ဆူဒန် စစ်တပ်နဲ့ စင်ပြိုင် Rapid Support Forces တပ်ဖွဲ့တွေ အကြား လက်မှတ်ရေးထိုးပြီး မနေ့ညနေက စတင် သက်ဝင်တဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်က ပထမဆုံးအကြိမ် တရားဝင် သဘောတူညီထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ခါတွန်းမြို့က တချို့နေရာတွေမှာ ပစ်ခတ်သံတွေ ကြားနေရပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိတာကြောင့် မလုံခြုံမှုတွေ ခံစားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ခါတွန်းနဲ့ ဆက်စပ်နေတဲ့ အော်ဒူမန် နဲ့ ဘာရီမြို့တွေမှာ သေနတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ ခါတွန်းမြို့ခံ မိုးဖဒူလ်က ညက သေနတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။
‘အပစ်ခတ်ရပြီးတော့ မိနစ်အနည်းငယ်အတွင်းမှာ လေကြောင်း ပစ်ခတ်မှုကို ကျွန်တော် ကြားလိုက်တယ်၊ အိမ်တောင် တုန်သွားတယ်။ လေတပ်အခြေစိုက်တွေရှိတဲ့ ခါတွန်း အနောက်ပိုင်းမှာ လေကြောင်း ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။ ဒီမနက်က ဒီနေရာမှာ ထိတွေ့မှု ၄ ကြိမ်ဖြစ်ခဲ့တာကို ကြားခဲ့ရတယ်။’လို့ပြောပါတယ်။
ဒီတပ်ဖွဲ့တွေအကြား ၅ ပတ်ကြာ တိုက်ခိုက်မှုတွေကြောင့် ဆူဒန်နိုင်ငံသား ၁ သန်း နီးပါး အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဗင်နီရှပ်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ဗလန်စီယာ ပရိသတ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
မေ ၂၁ ရက်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီရှပ် ဂျူနီယာအပေါ် လူမျိုးရေး ခွဲခြားမှုတွေ လုပ်ခဲ့တဲ့ ဗလင်စီယာ ပရိသတ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီဖမ်းဆီးလိုက်တဲ့ အထဲမှာ ဘရာဇီးလ် ရှေ့တန်း တိုက်စစ်မှူးက ဖော်ထုတ်ခဲ့တဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလက မက်ဒရစ် တံတား တခုမှာ ဗင်နီရှပ်ရဲ့ ပုံတူနဲ့ မက်ဒရစ်က ရီးရဲလ်ကို မုန်းတယ်ဆိုတဲ့ စာတန်း ရေးထိုးချိတ်ဆွဲခဲ့တယ်လို့ သံသယရှိခံရတဲ့ တခြားလူ ၄ဦးကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။
ဘရာဇီးလ် ထိပ်တန်း ကစားသမားတဦးကို အခုလို ဆက်ဆံခဲ့မှုကြောင့် ဘရာဇီးလ်မှာ လူတွေ ဒေါသထွက်ခဲ့ကြပြီး စပိန် ဝန်ကြီးတွေ ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ တာ၀န်ရှိသူတွေကို ဆွေးနွေးဖို့ အစိုးရက အရေးပေါ် တောင်းဆိုထားပါတယ်။