နိုဝင်ဘာ ၄ ရက်ထိပ်တန်းသတင်းများ - လောက်ကိုင်က တရုတ်နိုင်ငံသားတွေ ဘေးကင်းရေး တရုတ်တောင်းဆို

လောက်ကိုင်က တရုတ်နိုင်ငံသားတွေ ဘေးကင်းရေး တရုတ်တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, AL

ဓာတ်ပုံ ပုံစာ, လောက်ကိုင်က တရုတ်နိုင်ငံသားတွေ ဘေးကင်းရေး တရုတ်တောင်းဆို

တရုတ်နယ်စပ်အနီးမှာ စစ်ရှောင် စခန်း ဖွင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ထဲမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲကို ပြန်လည်ပို့ဆောင်ပေးနေတယ် လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့က ထုတ်ပြန်ပါတယ်။

လောက်ကိုင်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းရေး နဲ့ ပိုင်ဆိုင်မှုတွေမဆုံးရှုံးအောင် စီစဉ်ပေးဖို့ တရုတ်ဘက်က ကိုးကန့်ဦးစီးအဖွဲ့ကို တောင်းဆိုထားပြီးတဲ့နောက် အခုလိုစီစဉ်ပေးနေတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က လောက်ကိုင်မြို့မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှု တစ်ခုအတွင်းမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးခဲ့ပြီးတဲ့နောက် ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ နိုင်ငံခြားရေးရာရုံးက တဆင့် တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာတရုတ်နိုင်ငံသား အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ လောက်ကိုင်မြို့မှာ ပြောဆိုနေကြပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်မှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီးတဲ့နောက် အပစ်ရပ်ကြဖို့ တရုတ်နိုင်ငံက နှစ်ကြိမ်တိုက်တွန်းထားပေမဲ့ ဒီကနေ့အထိ တိုက်ပွဲတွေရှိနေသေးတာဖြစ်ပါတယ်။

လောက်ကိုင်မြို့ပြင်က တိုက်ပွဲတွေကြောင့် မြို့ပြင်မှာနေထိုင်ကြသူတွေ မြို့ထဲကို တဖွဲဖွဲဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်မျဉ်းအမှတ် ၁၂၅ အနီးမှာ ရှိတဲ့ စစ်ရှောင်စခန်းမှာ တစ်ရက်ထက်တစ်ရက် လူများလာနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, နယ်စပ်မျဉ်းအမှတ် ၁၂၅ အနီးမှာ ရှိတဲ့ စစ်ရှောင်စခန်းမှာ တစ်ရက်ထက်တစ်ရက် လူများလာနေ

နယ်စပ်မျဉ်းအမှတ် ၁၂၅ အနီးမှာ ရှိတဲ့ စစ်ရှောင်စခန်းမှာ တစ်ရက်ထက်တစ်ရက် လူများလာနေပြီး စစ်ရှောင်စခန်းဧရိယာလည်း ပိုမိုကြီးမားလာနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

‘’တရုတ်နယ်စပ် နား ကပ်နေတော့ လက်နက်ကြီးကျမှာမစိုးရိမ်ရတော့ဘူးပေါ့။ အလံဖြူတွေလည်း အများကြီးထောင်ထားတယ်။ စျေးလာရောင်းတဲ့လူတွေလည်းရှိတယ်။’’ လို့ စစ်ရှောင်စခန်းကို ဒီကနေ့ ရောက်ရှိခဲ့တဲ့ လောက်ကိုင်မြို့ခံက ဘီဘီစီကိုပြောပါတယ်။

ကိုးကန့်မှာ တိုက်ပွဲတွေဖြစ်တိုင်း လောက်ကိုင်မြို့ခံတွေက ဒီနယ်စပ်အနားမှာပဲ စစ်ရှောင်နေကျဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးက ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း TNLA ပြော

လားရှိုးက ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း TNLA ပြော

ဓာတ်ပုံ ရင်းမြစ်, TNLA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာရှိတဲ့ ဂျာယန်ပြည်သူ့စစ် စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ‌ တအာင်းတပ် TNLA က သတင်းထုတ်ပြန်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကိုးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ မနက် ၅ နာရီခွဲ အချိန်မှာ စစ်ကောင်စီရဲ့ ထောက်ပို့လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဂျာယန်ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်မျိုးစုံကို ဓာတ်ပုံနဲ့ တကွ ဖော်ပြပါတယ်။

ဖမ်းဆီးထားသူတွေထဲက ဂျာယန် ပြည်သူ့စစ်စခန်း တာဝန်ရှိသူ ‌တွေဖြစ်တဲ့ လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်အပါအဝင် ၄ ဦးကိုတော့ ထိန်းသိမ်းထားပြီး ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကိုတော့ နေရပ်ပြန်လွှတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတင် လားရှိုးမြို့နယ်က ဂျာယန် ပြည်သူ့စစ်စခန်းသာမက မိုင်းယန်း ပြည်သူ့စစ်စခန်း၊ မိုင်းကျက်တပ်စခန်းတို့အပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီရဲ့ မိုးလိုတပ်စခန်း၊ နောင်ချိုမြို့နယ်က ရွှေညောင်ပင်ကျေးရွာက စစ်ကောင်စီတပ်စခန်းနဲ့ နမ့်ခမ်းမြို့နယ်က ဝါရော့တပ် နဲ့ ထိန်ကန်ရွာ တပ်စခန်းတို့ကို TNLA ဘက်က တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ လာရောက်တိုက်ခိုက်သလို လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း နောင်ချိုမြို့နယ်၊ လယ်ကြီးတောရွာက အရပ်သားအချို့ ထိခိုက်ဒဏ်ရာရတယ်လို့ TNLA က ပြောပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး တိုက်ခိုက်မှုတွေကိုတန်ပြန်ချေမှုန်းမယ်လို့ နိုဝင်ဘာ ၂ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောထားပါတယ်။

ဦးရှောက်မင်လျံ စျာပန မြောက်ပိုင်းမဟာမိတ်တွေ သွားရောက်

ဦးရှောက်မင်လျံ ရဲ့ စျာပန

ဓာတ်ပုံ ရင်းမြစ်, cj

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ အထွေထွေ အတွင်းရေးမှူး ဦးရှောက်မင်လျံ ရဲ့ စျာပန အခမ်းအနားကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ် လို့ ပန်ဆန်းမြို့က ပေးပို့တဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

ဝ ပြည်သူ့အစိုးရ ရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးရှောက်မင်လျံ ဟာ ၉၆ ပါး ရောဂါဝေဒနာကြောင့် အောက်တိုဘာလ ၂၇ ရက် က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

သူ့ရဲ့ နာရေးအခမ်းအနားကို ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်နေတဲ့ MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ် နဲ့ ရက္ခိုင့်တပ်တော် AA တို့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်မှာစတင်တဲ့ တိုက်ပွဲတွေကို အင်အားသုံး မဖြေရှင်းကြဘဲ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့နဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ '' ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ဘက်က တိုက်တွန်းထားပါတယ်။

ဝ ဒေသ ရဲ့ လေပိုင်နက်နဲ့မြေပိုင်နက်ထဲကိုစစ်ရေးအရဝင်ရောက်တိုက်ခိုက်ကျူးကျော်မှု မှန်သမျှကိုတော့ ပြတ်ပြတ်သားသားလက်တုံ့ပြန်မယ်လို့ UWSA က နိုဝင်ဘာ ၁ ရက်မှာထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ KNDF ပြော

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ KNDF ပြော

ဓာတ်ပုံ ရင်းမြစ်, KNDF

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က ၁၀၂၇ စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း အမှတ် ၆၀၆ လည်း ပူးပေါင်းပါဝင်ပြီး စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကနေ သိရပါတယ်။

"ကျွန်တော်တို့ပြောနိုင်တာကတော့ စစ်ဆင်ရေးစတင်ကတည်းက မြေပြင်တပ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေကြပါတယ်" လို့ KNDF ရဲ့ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် သီးသန့်တိုက်ပွဲတွေ မရှိဘဲ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ သူက ‌ဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာလည်း ဒီးမော့ဆို၊ ဖရူဆို နဲ့ ဘောလခဲ စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ အဲဒီနေရာတွေမှာ စစ်ရေးတင်းမာနေဆဲလို့ ဆိုပါတယ်။

KNDF ရဲ့ အောက်တိုဘာလ တစ်လတာ စစ်ရေးသတင်းထုတ်ပြန်ချက်အရတော့ ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၄ တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းက စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းအစီး ၄၀ ခန့်ဟာ ဘော်လခဲမြို့ကို ရိက္ခာ၊ ခဲယမ်းပို့ဖို့ ကြိုးစားတာကြောင့် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ‌လူနေအိမ် (၁၇)လုံး၊ စာသင်ကျောင်း (၁) ကျောင်းနဲ့ ဆေးပေးခန်း (၁) လုံးထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦးဒဏ်ရာရကာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကိုင်းနဲ့ မကွေးတို့မှာ နှစ်ရက်အတွင်း တိုက်ပွဲဒါဇင်ဝက်ကျော် ဖြစ်ခဲ့တယ်လို့ NUG ပြော

စစ်ကိုင်းနဲ့ မကွေးတို့မှာ နှစ်ရက်အတွင်း တိုက်ပွဲဒါဇင်ဝက်ကျော် ဖြစ်ခဲ့တယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စခန်းသိမ်းတိုက်ပွဲတွေကို နိုင်ငံတဝန်းမှာ ဟန်ချက်ညီဖော်ဆောင်တဲ့အနေနဲ့ နှစ်ရက်အတွင်း စစ်ကိုင်းနဲ့ မကွေးက စစ်ကောင်စီရဲ့ စခန်းကုန်း၊ အကျဉ်းစခန်းတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှ နဲ့ မကွေးတိုင်း ဂန့်ဂေါ စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့အကြောင်း NUG က ထုတ်ပြောလာပါတယ်။

ဒါအပြင် မနေ့ နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းမှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်က မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"မြေပြင်ကတော့ မြင်းမူမြို့နယ် ဘက်ကရော ချောင်းဦးမြို့နယ် ဘက်ကပါ ကျွန်တော်တို့ ပိတ်ထားတော့ သူတို့စစ်ကူလာလို့မရဘူး။ တိုက်ခိုက်နေရင်းကျွန်တော်တို့ ဘန်ကာ သုံးခုပဲ ကျန်တဲ့အချိန်မှာ ဧရာဝတီမြစ်ဘက်ကနေလည်း စစ်ကောင်စီတပ်က ရေကြောင်း အင်အားဖြည့်လာကြတာကြောင့်၊ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ပါတယ်။ စခန်းတွေမရခဲ့ဘူး" လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနေ့ည ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲပြီးဆုံးခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

NUG ထုတ်ပြန်ခဲ့တဲ့ မြို့နယ် ၈ ခု က တိုက်ပွဲတွေမှာတော့ ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းရွာက စစ်ကောင်စီစခန်းကုန်း၊ ကလေးမြို့နယ် ရာဇဂြိုလ်ရွာက အကျဉ်းစခန်း နဲ့ ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မနေ့ မနက်ပိုင်းကဖြစ်ခဲ့တဲ့ ကလေးမြို့နယ်နဲ့ ကောလင်းမြို့နယ်က ‌တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

တဖက် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ စစ်ကိုင်းနဲ့ မကွေးက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ နိုဝင်ဘာ ၄ ရက်မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကွမ်းလုံမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံး

ကွမ်းလုံမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံး၊ ဒေသခံရာကျော် ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, ကွမ်းလုံသူ ကွမ်းလုံသားများ ဆုံဆည်းရာ

ဒေသခံရာကျော် ပိတ်မိနေ

စစ်ရေးအရ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံမြို့မှာ လက်နက်ကြီးကျရောက်ခဲ့လို့ အသက် ၁၀ နှစ်ကျော် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့တယ် လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကွမ်းလုံမြို့မှာ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာ ထိုင်ပြီး ကွမ်းလုံကြိုးတံတား ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကွမ်းလုံမြို့ပေါ်နဲ့ တံတားဦးရပ်ကွက်တွေကို မနေ့က လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကို ကွမ်းလုံဆေးရုံမှာ ဆေးကုသခွင့်ပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့မဟာမိတ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကွမ်းလုံမြို့မှာ ဒေသခံရာနဲ့ချီ ပိတ်မိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နဲ့ သိန်းနီ မြို့ကြားမှာ ရှိနေတဲ့အတွက် ကွမ်းလုံမြို့က ကုန်စည်စီးဆင်းရေးလမ်းကြောင်းပြတ်တောက်နေပြီး ဒေသခံတွေက ရိက္ခာပြတ်တောက်သွားမှာ စိုးရိမ်နေကြရပါတယ်။

မြို့ရဲ့အစိတ်အပိုင်းတချို့ကို မဟာမိတ်တပ်တွေဝင်ရောက်လာပြီး ဒေသခံတွေကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းဖို့ တိုက်တွန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌ဒေသခံအချို့ကတော့ ဆွေမျိုးနီးစပ်ရှိတဲ့ ဝ ဒေသ ထဲက ဟိုပန်၊ နမ့်တစ်မြို့နဲ့ တရုတ်ပြည် မိန်းတိန် မြို့တွေဘက်တွေကို ဘေးလွတ်ရာရှောင်နေကြပါတယ်။

ကွမ်းလုံတစ်မြို့လုံး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး တခါတလေ မှသာ ဖုန်းလိုင်းရတတ်ပါတယ်။စစ်ရေးအရ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံမြို့မှာ လက်နက်ကြီးကျရောက်ခဲ့လို့ အသက် ၁၀ နှစ်ကျော် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့တယ် လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကွမ်းလုံမြို့မှာ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာ ထိုင်ပြီး ကွမ်းလုံကြိုးတံတား ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကွမ်းလုံမြို့ပေါ်နဲ့ တံတားဦးရပ်ကွက်တွေကို မနေ့က လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကို ကွမ်းလုံဆေးရုံမှာ ဆေးကုသခွင့်ပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့မဟာမိတ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကွမ်းလုံမြို့မှာ ဒေသခံရာနဲ့ချီ ပိတ်မိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နဲ့ သိန်းနီ မြို့ကြားမှာ ရှိနေတဲ့အတွက် ကွမ်းလုံမြို့က ကုန်စည်စီးဆင်းရေးလမ်းကြောင်းပြတ်တောက်နေပြီး ဒေသခံတွေက ရိက္ခာပြတ်တောက်သွားမှာ စိုးရိမ်နေကြရပါတယ်။

မြို့ရဲ့အစိတ်အပိုင်းတချို့ကို မဟာမိတ်တပ်တွေဝင်ရောက်လာပြီး ဒေသခံတွေကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းဖို့ တိုက်တွန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌ဒေသခံအချို့ကတော့ ဆွေမျိုးနီးစပ်ရှိတဲ့ ဝ ဒေသ ထဲက ဟိုပန်၊ နမ့်တစ်မြို့နဲ့ တရုတ်ပြည် မိန်းတိန် မြို့တွေဘက်တွေကို ဘေးလွတ်ရာရှောင်နေကြပါတယ်။

ကွမ်းလုံတစ်မြို့လုံး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး တခါတလေ မှသာ ဖုန်းလိုင်းရတတ်ပါတယ်။