မိုးခေါင်ရေရှားရပ်ဝန်းမှာ အရိပ်ပေးနေတဲ့ ရေနံ့သာဒင်္ဂါး

ဒီနေ့ ဧပြီ ၂၂ ရက်ဟာ မြေကမ္ဘာနေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ မြေကမ္ဘာမှာ ရင်းနှီးမြှုပ်နှံပါလို့ ဆိုပါတယ်။

သစ်ပင်တွေစိုက်ပြီး မြေကမ္ဘာမှာ ရင်းနှီးမြှုပ်နှံနေတဲ့အဖွဲ့အစည်းတစ်ခုက မိုးခေါင်ရေရှားရပ်ဝန်း တနေရာမှာ ရှိနေပါတယ်။

လက်ရှိ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နေတဲ့ မကွေးတိုင်း၊ ရေနံချောင်းမြို့ ရဲ့ မြို့ရှောင်လမ်းတွေ ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ ရေနံချောင်းနဲ့ ချောက်မြို့နယ် တချို့နေရာတွေမှာ သစ်ပင်၊ နားနေဆောင်ဇရပ်၊ သောက်ရေအိုးစင်လေးနဲ့ တွဲလျက်လေးတွေ ရှိနေပါတယ်။တချို့နေရာတွေမှာဆိုရင် တိရစ္ဆာန်တွေသောက်ဖို့အတွက် ရေကန်လေးတွေပါ ရှိနေပါသေးတယ်။

ဒါတွေကို ရေနံချောင်းမြို့က ရေနံသာဒင်္ဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်တဲ့အဖွဲ့က ဖန်တီးပေးနေတာပါ။

နေပူပူမှာ ခရီးသွားနေကြရတဲ့သူတွေ၊ ခဏနားခိုရင်း ရေအငတ်ပြေဖို့၊ အမောပြေနားနေဖို့ ကြိုးစားနေကြတာလို့ ပြောပါတယ်။

ကိုယ်တိုင်ရေငတ်ပြီး အရိပ်တောင်းတခဲ့ရလို့ ကိုယ်တိုင်ကစဖြစ်ခဲ့တဲ့ ကိုဒင်္ဂါး

အသက် ၃၀ ကျော်အရွယ် ကိုဒင်္ဂါးက ရေနံချောင်းမြို့နယ်၊ ချိုးပင်ရွာဇာတိဖြစ်ပါတယ်။ ရုပ်ရှင်ရုံဝန်ထမ်းအနေနဲ့ တခြားမြို့နယ်တွေမှာ အလုပ်လုပ်ကိုင်ခဲ့တာကနေ ၂၀၁၇ မှာ မကွေးမြို့က မင်္ဂလာစံပြရုပ်ရှင်ရုံကို တာဝန်နဲ့ပြောင်းရွှေ့လာပါတယ်။

ဇာတိရေနံချောင်းနဲ့ မကွေးမြို့ကို အလုပ်နားရက်မှာ ဆိုင်ကယ်နဲ့အသွားအပြန်လုပ်ရင်း သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတာက နားစရာအရိပ်မရှိသလို ရေငတ်လို့ သောက်စရာ နေရာလည်း မရှိခဲ့ပါဘူး။

“အဲဒီတုန်းက မကွေးနဲ့ ရေနံချောင်း သွားတဲ့လမ်းတစ်လျှောက်က ထနောင်းပင်သုံးပင်၊ ညောင်ပင် တစ်ပင်ပဲရှိတယ်။ ရေငတ်လို့ ရေရှာတာလည်း မလွယ်ဘူး၊ အဲ့ဒီမှာ ရေချမ်းစင်တွေလုပ်၊ သစ်ပင်တွေစိုက်၊ နားစရာဇရပ်လေးတွေ ရှိရင်ကောင်းမှာပဲလို့ တွေးမိတာ၊ ဒါနဲ့ ကျွန်တော်ကိုယ်တိုင် ရေချမ်းစင်လေးတစ်စင်ကို ထနောင်းပင်အောက်မှာ စတည်လိုက်တယ်”လို့ အဖွဲ့တည်ထောင်သူ ကိုဒင်္ဂါးက ပြောပါတယ်။

ကိုဒင်္ဂါးက သံရေအိုးစင်လေး စတည်ခဲ့ရုံနဲ့ မပြီးသေးပါဘူး။ ရေအိုးထဲ ရေဖြည့်ဖို့ တာဝန်ကိုလည်း ဆက်လုပ်ကိုင်ခဲ့ပါတယ်။ နေ့တိုင်း ရေမဖြည့်နိုင်ပေမဲ့ သုံးရက်တစ်ခါ ရေဖြည့်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးလအကြာမှာ သံရေအိုးစင်လေး အခိုးခံလိုက်ရပါတယ်။

“ဒါနဲ့ အုတ်ရေအိုးစင်လေး လုပ်လိုက်တယ်။ အဲ့ဒီစင်လေးဘေးမှာ အပင်လေးစစိုက်တယ်” သူက ပြောပါတယ်။

လူတင်မက တိရစ္ဆာန်တွေပါ ရေငတ်ခဲ့ကြ

ကိုဒင်္ဂါးတစ်ယောက် ရေချမ်းစင်မှာ ရေလာဖြည့်ရင်းသူတွေ့လိုက်ရတာက ရေတွေကို ငှက်လေးတွေ သောက်နေကြသလို ပျားတွေလည်း ဝိုင်းနေကြတာပါ။

“ကျွန်တော် ၂၀၁၇ တုန်းက ဒင်္ဂါးရေချမ်းစင်ဆိုပြီး ပထမဆုံး စလုပ်တုန်းက ရေထည့်လိုက်ပြီဆိုရင် လူတောင် သောက်ချိန်မရှိဘူးဗျ။ ပျားကောင်လေးတွေ၊ ကျေးငှက်လေးတွေ လာသောက်ကြတာဗျ။ အဲဒီနားက ရေမတအားရှားတာ။ ဘာမှမရှိသေးဘူး။ ရေသောက်စရာဆိုလို့ ရေချမ်းစင်တစ်ခုပဲ ရှိသေးတယ်။

အခုနောက်ပိုင်းကျတော့ မြို့ရှောင်လမ်းတစ်လျှောက်မှာ ရေချမ်းစင်လေးတွေက အပြည့်ဖြစ်သွားပြီဗျ။ ငှက်သောက်ဖို့ ကန်လေးတွေပါ လုပ်ပေးလိုက်တော့ အခုနောက်ပိုင်း ရေအိုးစင်တွေမှာ လာမသောက်ကြတော့ဘူးဗျ။ လူတွေကတော့ ဘယ်နားသောက်သောက် ရသွားပြီပေါ့။ ကျွန်တော်က ဇရပ်လေးတွေနဲ့ ရေချမ်းစင်ကိုပါ တွဲလုပ်တာဆိုတော့။ ကျေးငှက်တွေအတွက်လည်း ရေအရမ်းကြီး မငတ်တော့ဘူးဗျ” လို့ ပြောပါတယ်။

သစ်ပင်တစ်ပင်ရှင်သန်ဖို့ ကြိုးစားရတဲ့မိုးခေါင်ရပ်ဝန်း

ရေနံချောင်းမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးရေချိန်ရရှိမှုနည်းပြီး ပူပြင်းခြောက်သွေ့တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် ရေရှားပါးတာကလည်း ဒုက္ခတစ်ခုဖြစ်ပါတယ်။

ရာသီဥတုအခြေအနေ၊ မြေအနေထားအရ နွေရာသီမှာ မြက်ပင်တောင် မပေါက်တဲ့နေရာ ဖြစ်ပါတယ်။

ဒီဒေသ၊ ဒီအခြေအနေကို ကျော်လွှားပြီး သစ်ပင်တွေ ရှင်သန်အောင်လုပ်ဖို့ ကိုဒင်္ဂါးအတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။

သူသစ်ပင် စစိုက်တုန်းက အရိပ်ရစေချင်တဲ့ စေတနာသာရှိပြီး အတွေ့အကြုံမရှိသေးတာကြောင့် စိုက်သမျှအပင်တွေလည်း မရှင်သန်နိုင်ခဲ့ပါဘူး။

သစ်ပင်စိုက်ဖို့ အလှူငွေတွေရလာရင်လည်း ရသမျှငွေကို သစ်ပင်တွေပဲ ဝယ်ခဲ့ပါတယ်။ သစ်ပင်စိုက်ရုံနဲ့မပြီးဘဲ သစ်ပင်ရှင်သန်ကြီးထွားအောင် စောင့်ရှောက်ဖို့အတွက် ကုန်ကျစရိတ်တွေကို သူသတိမထားမိခဲ့ပါဘူး။

သစ်ပင်စိုက်ပြီး လူတွေအနင်းမခံရအောင်နဲ့ နွား၊ ဆိတ်၊ တိရစ္ဆာန်တွေ မစားနိုင်အောင် ခြံခတ်ဖို့ လိုအပ်ခဲ့သလို ရေဝယ်ပြီးအပင်ရေလောင်းဖို့ ကုန်ကျစရိတ်တွေကိုလည်း သူ ထည့်မတွက်ခဲ့မိပါဘူးလို့ ပြောပါတယ်။

“သစ်ပင်စစိုက်တယ်ဆိုပေမဲ့ အဲဒီတုန်းက မစိုက်တတ်သေးဘူးဗျ။ စိုက်တာထက် သေတာက များနေတယ်။ အပင်လေးတွေကို ပျိုးအိတ်ထဲထည့်စိုက်တယ်။ အပင်လေး အမြင့် တစ်ပေလောက်ရောက်လို့ နည်းနည်းကြီးမယ်ဆိုရင် မိုးတွင်းမှာတော့ ရှင်တယ်။ နွေရာသီရောက်ရင် ရေရှားလို့ ရေလောင်းရတာ အခက်ခဲရှိတာနဲ့ နောက်ပြီး ဆိတ်၊ နွား စားတာနဲ့ သေတာက များတယ်။”

အတွေ့အကြုံကနေ ကိုဒင်္ဂါးသင်ယူပြီးတဲ့နောက် အလှူငွေရဲ့ ၃၀ ရာခိုင်နှုန်းကို သစ်ပင်ဝယ်ယူပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ခြံခတ်ဖို့ ဝါးဝယ်တာ၊ ရေဝယ်တာ၊ ရေလိုက်လောင်းဖို့ စက်သုံးဆီဝယ်ရတဲ့နေရာတွေမှာ အသုံးပြုပြီး စိုက်သမျှအပင် ရှင်သန်ဖို့ကို ပြောင်းလဲလိုက်ပါတယ်။

ဖွံ့ဖြိုးမှုနောက်မှာ ပေးဆပ်ရတဲ့အပင်များ

အပင်စိုက်ရတာ မလွယ်ကူပေမဲ့ အရင်ရှိနေတဲ့အပင်တွေကတော့ ဒေသဖွံ့ဖြိုးမှုအတွက် ပေးဆပ်လိုက်ရတာတွေလည်း ရှိနေပါတယ်။

“ရေနံချောင်း တဝိုက်မှာ လျှပ်စစ်မီးမရခင်ကတည်းက အပင်တွေက ကုန်ပြီဗျ။ လျှပ်စစ်မီးကြိုးတန်း ပြေးဖို့၊ ဆောက်လုပ်ရေးဆိုလည်း လမ်းချဲ့ဖို့မို့လို့၊ ဖွံ့ဖြိုးဖို့ဆိုရင် သစ်ပင်တွေက အရင်ဆုံး ရန်ရှာခံရတာပဲ။ ဆောက်လုပ်ရေးက လမ်းချဲ့မယ်ဆိုလည်း သစ်ပင်ပဲ။ စည်ပင်ကနေ ရေမြောင်းချဲ့မယ်ဆိုလည်း ပထမဆုံးက သစ်ပင်ပဲခုတ်တယ်။ သစ်ပင်တွေက ပထမဆုံး ရန်ရှာခံရတာပေါ့”

ဒါ့အပြင် ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်ဖို့ ဆိတ်၊ နွားအစာကျွေးဖို့၊ အိမ်ဆောက်၊ တဲဆောက်ဖို့ ဆိုတဲ့ အကြောင်းရင်းတွေကလည်း သစ်ပင်တွေရေရှည်ရှင်သန်ဖို့အတွက် စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

ဒါ့ကြောင့် မြို့ရှောင်လမ်းလို ကားလမ်းမနေရာတွေကို ရွေးချယ်စိုက်ပျိုးဖြစ်တယ်လို့ ကိုဒင်္ဂါးက ပြောပါတယ်။

ပရဟိတလည်းလုပ် အသက်ကိုလည်းဉာဏ်စောင့်

အရင် စစ်အာဏာမသိမ်းခင်က ဒီပရဟိတလုပ်ငန်းတွေအတွက် အဖွဲ့ဝင်တွေအဆင်ပြေတဲ့အချိန် သွားလာလုပ်ကိုင်လို့ရခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် လက်ရှိအခြေအနေတွေကြောင့် အချိန်အခါကြည့်ပြီး သွားလာနေကြရပါတယ်။

အဖွဲ့ဝင်တွေက အမျိုးသားတွေဖြစ်နေတာ၊ လူငယ်တွေများတာတွေကြောင့်လည်း ပိုပြီး သတိထားနေကြရပါတယ်။

သစ်ပင်စိုက်၊ ဇရပ်ဆောက်၊ ရေကန်တူး၊ ရေချမ်းစင်တည် စတဲ့ လုပ်ငန်းတွေအတွက် လုပ်ငန်းသုံးပစ္စည်းတွေကို သယ်ယူသွားလာရတာကိုလည်း သတိထားကြရပါတယ်။

“နည်းနည်းပိုပြီးခက်ခဲလာတာပေါ့။ အရင်ကဆို ဆိုင်ကယ်တစ်စီးရှိရင် လူသုံးယောက် သွားလို့ရတယ်လေ။ အခုကျ အဲဒီလိုမဟုတ်တော့ဘူး လူ ခြောက်ယောက်လောက် သုံးမယ်ဆို ဆိုင်ကယ် ၆ စီးသုံးရတယ်။ နှစ်ယောက် မစီးရတာနဲ့ ။

နောက်ပြီး ကျွန်တော်တို့အလုပ်က ယောက်ျားလေးတွေချည်းပဲ။ သွားရလာရ ခက်ခဲတာနဲ့ ကျနော် အလှူခံလိုက်ပြီးတော့ သုံးဘီးတစ်စီး ဝယ်လိုက်တယ်။ ပိုက်ဆံပိုကုန်သွားတာပေါ့။ အရင်က ဆီဖိုး ၁ ထောင်လောက်ကုန်မှာကို အခု သုံး၊ လေး ထောင်လောက် ပိုကုန်သွားတာပေါ့ ။

စိုးရိမ်စရာရှိတာက ကျွန်တော်တို့ ညပိုင်းတွေ နောက်ကျပြီး ပြန်လာတဲ့အချိန်တွေဆိုရင် ကျွန်တော်တို့က သစ်ပင်စိုက်သွားတဲ့သူဆိုတော့ ပေါက်ပြားတို့ ၊ ဓားတို့၊ တူးရွင်းတို့ ပါတယ်လေ။ မြို့ရှောင်လမ်းတွေမှာလည်း ဂိတ်တွေရှိတယ်ဗျ။ ရှင်းပြ ၊ ပြောပြရတာပေါ့။ တခုခုအမှားယွင်းရှိလို့ ခံချင်း ခံရရင် ကျွန်တော်တို့ပဲ ခံရမှာလေ။”

ရေနံ့သာဒင်္ဂါးညီနောင်များအဖွဲ့ဟာ မြို့ရှောင်လမ်းမှာ အုတ်ရေစင်ဘေးမှာပဲ သစ်ပင်လေးတစ်ပင်စစိုက်ခဲ့တာကနေစပြီး ရေနံချောင်း၊ ချောက် စတဲ့ မြို့နယ်တချို့နေရာတွေသာမက ပုပ္ပါးတောင်မကြီးမှာပါ စိုက်ခဲ့တာဆိုရင် အပင်ပေါင်း ၅ ထောင်ကျော်ရှိနေပါပြီ။

ခရီးတစ်ထောက် နားခိုဖို့အတွက် ဇရပ် ၁၂ လုံးလည်း ဆောက်ခဲ့ပြီးပါပြီ။

အရိပ်ရဖို့ အပင်တွေအပြင် တိရစ္ဆာန်တွေသောက်နိုင်မယ့်ရေကန်တွေအပါအဝင် ရေကန်ပေါင်း ၅၀ ကျော်ကိုလည်း တူးပေးခဲ့ပါတယ်။

မိုးခေါင်ရေရှားရပ်ဝန်းမှာ နောက်ထပ်လည်း အရိပ်ပေး၊ ရေပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။