ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းသမ္မတဇလန်းစကီး ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်
ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရေ့စနီကော့ဗ်က ဝန်ကြီးတာဝန်ကနေ သူအနားယူတော့မယ်ဆိုတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။
မစ္စတာ ရေ့စနီကော့ဗ်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်မှု မတိုင်ခင်ကတည်းက ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
သမ္မတ ဗလော်ဒီမာ ဇလန်းစကီးကတော့ မစ္စတာရေ့စနီကော့ဗ်ကို ရာထူးကနေ ထုတ်ပယ်တာကို တနင်္ဂနွေနေ့မှာ အတည်ပြုပြီး ကာကွယ်ရေးဝန်ကြီးဌာနမှာ ''ချဥ်းကပ်မှုအသစ်တွေ''ပြုလုပ်ဖို့ အချိန်ကျပြီဖြစ်တာကြောင့်လို့ ပြောပါတယ်။
ဝန်ကြီးနေရာကိုတော့ ယူကရိန်းနိုင်ငံတော်ရန်ပုံငွေကို စီမံနေတဲ့ ရိုစတန် အိုမာရော့ဗ်ကို လျာထားတယ်လို့ သိရပါတယ်။
X(အရင်က တွစ်တာ)လူမှုကွန်ရက်မှာတော့ မစ္စတာ ရေ့စနီကော့ဗ်က ရာထူးကနေ နုတ်ထွက်စာကို နိုင်ငံ့လွှတ်တော်ဆီ တင်လိုက်ပြီလို့ အတည်ပြုပြောဆိုပါတယ်။
ယူကရိန်းမီဒီယာတွေမှာတော့ ဗြိတိသျှဝါရင့်နိုင်ငံရေးသမားတွေနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မစ္စတာရေ့စနီကော့ဗ်တစ်ယောက် ယူကရိန်းသံအမတ်တစ်ဦးအနေနဲ့ ခန့်အပ်ခံရပြီး လန်ဒန်ကိုပြောင်းလာနိုင်ခြေရှိတယ်လို့ ခန့်မှန်းသုံးသပ်တာတွေရှိနေပါတယ်။
အသက် ၅၇ နှစ်အရွယ် မစ္စတာရေ့စနီကော့ဗ်ဟာ ယူကရိန်းမှာ စစ်ပွဲဖြစ်ကတည်းက လူသိများလာသူလည်းဖြစ်ပါတယ်။
သူဟာ နိုင်ငံတကာက အသိအမှတ်ပြုခံရသူဖြစ်ပြီး ယူကရိန်းရဲ့ အနောက် မဟာမိတ်တွေနဲ့ အစည်းအဝေးပွဲတွေကို ပုံမှန်တက်ခဲ့သူဖြစ်သလို စစ်ရေးလက်နက်အကူအညီတွေရဖို့ အားထုတ်ရာမှာလည်း အခရာကျတဲ့ကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ သူရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေကိုတော့ အစောပိုင်းကတည်းက ကြိုတင်မျှော်လင့်ခဲ့ပုံ ပေါ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဆိုရင် မစ္စတာ ရေ့စနီကော့ဗ်က တခြားရာထူးတွေရယူနိုင်မလားဆိုတာ ယူကရိန်းသမ္မတနဲ့ ပြောဆိုထားတာမျိုးရှိတယ်လို့ သတင်းထောက်တွေကို ပြောထားဖူးပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်းကတော့ သူလုပ်ချင်တဲ့တခြားအလုပ်ကို သမ္မတ ဇလန်းစကီးက ကမ်းလှမ်းလာမယ်ဆိုရင် အဲဒီအခွင့်အလမ်းကို လက်ခံမယ်လို့ ပြောထားတယ်ဆိုပြီး ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ယူကရိန်းကာကွယ်ရေးဆိုင်ရာအကြံပေး ယူရီဆက်ခ်ကတော့ မစ္စတာရေ့စနီကော့ဗ်ဟာ ဝန်ကြီးဌာနပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး အနာဂတ်မှာ မြောက်အတ္တလန္တိတ်စာချုပ်(နေတိုး)အဖွဲ့ဝင်ဖြစ်လာရေး အုတ်မြစ်ကိုလည်းချခဲ့သူလို့ ဘီဘီစီကို ပြောပါတယ်။
''သူ့လုပ်ဆောင်စွမ်းကတော့ မဖြစ်နိုင်တာတွေ ဖြစ်နိုင်တယ်ဆိုတာကို ကမ္ဘာတဝန်းက ကာကွယ်ရေးဝန်ကြီးတွေကို ပြသနိုင်ခဲ့တာပါပဲ'' လို့ ပြည်ပအစိုးရတွေက လက်နက်တွေ ထောက်ပံ့လာအောင် မစ္စတာ ရေ့စနီကော့ဗ်ကြိုးပမ်းခဲ့မှုကို ရည်ညွှန်းပြောဆိုပါတယ်။
ဒါပေမဲ့ အကဲခတ်တွေကတော့ ယူကရိန်းအစိုးရအဖွဲ့မှာ အပြောင်းအလဲပြုလုပ်မှုဟာ ယူကရိန်းရဲ့စစ်မြေပြင်မဟာဗျူဟာကို တပ်မှူး ဗိုလ်ချုပ် ဗယ်လာရီ ဇလူဇီနီက ဦးဆောင်ကွပ်ကဲနေတာကြောင့် အပြောင်းအလဲအဖြစ် ဦးတည်မသွားစေနိုင်ဘူးလို့ သုံးသပ်ပါတယ်။
လက်ရှိယူကရိန်းအစိုးရအတွင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေလုပ်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ဖယ်ရှားမှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သူမှုဆိုင်ရာအဖွဲ့ Transparency International ရဲ့ အဂတိလိုက်စားမှုဆိုင်ရာအမြင်သဘောထားညွှန်းကိန်းမှာဆိုရင် ယူကရိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၁၆ နေရာကိုရောက်နေပါတယ်။
မစ္စတာ ရေ့စနီကော့ဗ်တစ်ယောက် အဂတိမှုနဲ့ တိုက်ရိုက်စွပ်စွဲခံရတာမျိုးမရှိပေမဲ့ စစ်တပ်အတွက် ကိရိယာနဲ့ကုန်တွေဝယ်ယူမှုမှာ စျေးတင်တာမျိုးလို အရှုပ်တော်ပုံတွေဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာဖြစ်နေပါတယ်။
ဒီအရှုပ်တော်ပုံကြောင့်ပဲ ယူကရိန်းကာကွယ်ရေးဒုဝန်ကြီးဟာ အခုနှစ်အစောပိုင်းမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီတုန်းက မစ္စတာ ရေ့စနီကော့ဗ်ဟာ သူ့ရာထူးမှာ ဆက်ပြီးရှိနေပါ့ဦးမလားဆိုတာမျိုး သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခံခဲ့ရပါတယ်။
တဖက်မှာလည်း အနောက်မဟာမိတ်တွေထံကနေ နည်းပညာမြင့်လက်နက်တွေရပြီးတဲ့နောက် ရုရှားကို ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာလည်း နှေးလာချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရှေ့တန်းမှာ တိုးတက်မှု နှေးလာပေမဲ့ ယူကရိန်းထိပ်တန်းဗိုလ်ချုပ်တွေကတော့ တပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်းမှာ ရုရှားခံစစ်တွေရဲ့ အဓိကလိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ တနင်္ဂနွေနေ့မှာပဲ ပြောထားပါတယ်။
ဒီအတော်အတွင်းမှာပဲ သူ့နယ်မြေထဲကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းတာတွေ ညလုံးပေါက် ကြုံခဲ့ရတယ်လို့ ရုရှားဘက်က ဆိုပါတယ်။
ယူကရိန်းနိုင်ငံနဲ့နယ်စပ် ခါ့စ်ခ်ဒေသမှာ တနင်္လာနေ့အစောပိုင်းတုန်းက ဒရုန်း ၂ ခုကို ပစ်ချခဲ့ရတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တဖက်မှာလည်း ရုရှားဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒဲဆာဒေသကို ဒရုန်း ၁၇ စင်းနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေဘက်က ပြောထားပါတယ်။
''ကံကောင်းတာက လူနေအရပ်ကို ကျပေမဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူး'' လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး Oleh Kiper က ပြောပါတယ်။