ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တန်ပြန်ထိုးစစ်ရဲ့ နောက်ကွယ်က ယူကရိန်းဗိုလ်ချုပ်ကြီး
ယူကရိန်းမှာ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှားတွေ ၁၈ လ လောက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူရေး ထိုးစစ်တွေ စတင်နေပြီ ဖြစ်ပါတယ်။
အဲဒီထိုးစစ်တွေကို စီမံ အကောင်အထည်ဖော် နေကြသူတွေထဲမှာ အဓိက အခန်းမှာ ပါဝင်နေသူ တယောက်ကတော့ အသက် ၄၉ နှစ် အရွယ် ယူကရိန်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလယ်ရီ ဇလူရှနီ ပဲဖြစ်ပါတယ်။
မကြာသေးခင်ကအထိ သူ့ကို သိပ်မသိခဲ့ကြပေမယ့် အခုတော့ သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးလိုပဲ ထင်ပေါ်ကျော်ကြား လူကြိုက်များနေပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဇလူရှနီ သို့မဟုတ် ကျွန်ုပ် တို့ရဲ့ ဗာလယ်ရာ လို့ မိတ်ဆွေတွေ နဲ့ ကျောင်းနေဖက် တွေက ခေါ်ကြတဲ့ သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လထဲမှာ ယူကရိန်း စစ်တပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဇလန်းစကီး ကိုယ်တိုင် အတင်းတွန်းပို့ ခန့်အပ်ခဲ့တာကြောင့် သူကိုယ်တိုင်ရော တခြားသူတွေပါ အံ့သြခဲ့ရတယ်လို့ သူ့အကြောင်း အတွင်းကျကျ သိကြသူတွေက ပြောပါတယ်။ အကြောင်းက ဒီရာထူးအထိ ရောက်လာဖို့ တခြားအဆင့် တော်တော်များများကို ကျော်တက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။
ဇလူရှနီဟာ ခေတ်မီပြီး ရည်ရွယ်ချက် ကြီးမားတဲ့ ပေမယ့် ဟိတ်ဟန်မရှိဘဲ လက်အောက် ငယ်သားတွေနဲ့လည်း ရင်းနှီးစွာ ဆက်ဆံတတ်သလို ငါသိငါတတ် မလုပ်တတ်တဲ့ တပ်မှူးတယောက် ဖြစ်ပါတယ်။
စစ်ဦးစီးချုပ် ဖြစ်လာပြီး ၇ လ အကြာမှာပဲ ရုရှားရဲ့ ကျူးကျော်မှုကို သူဦးဆောင်ပြီး ခုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၂၆ ရက်မှာတော့ အစက မှန်းထားခဲ့ကြသလို ကိယဗ်မြို့တော်ကို ၃ ရက်နဲ့ အရသိမ်းမယ် ဆိုတဲ့ ရုရှားတပ်တွေရဲ့ ရည်မှန်းချက်က ဖြစ်မလာတော့ ပါဘူး။
တဖက်မှာလည်း အခြေအနေတွေက ဆိုးနေဆဲ ဖြစ်တာကြောင့် ယူကရိန်း ပြည်သူတွေကို အထိတ်တလန့် မဖြစ်ကြဖို့အတွက် အာဏာပိုင်တွေက ဆော်သြနေခဲ့ရပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်း မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရှေ့ကို တိုးနေဆဲ ဖြစ်တာကြောင့် မြို့တော်ကို အတိုင်းအတာတခုအထိ ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ယူကရိန်းထိပ်တန်း အရာရှိတွေထဲမှာ စဉ်းစားနေတဲ့ ကိစ္စတခုက ကိယဗ်မြို့တော် အနီးမှာ ရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ နီပရိုမြစ်ကြီးပေါ်က ဖြတ်ဆောက်ထားတဲ့ တံတားတွေကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ပဲ ဖြစ်ပါတယ်။ ဗျူဟာမြောက် ပစ်မှတ်တွေ ဖြစ်နေတဲ့ ယူကရိန်း အစိုးရ ရုံးတွေ ရှိနေတဲ့ မြစ်အနောက်ဘက် ခြမ်းကို အရှေ့ဘယ်တောင်ပံက တက်လာတဲ့ ရုရှားတပ်တွေ ဖြတ်ကူးမလာနိုင်ရေး အတွက် ဖြစ်ပါတယ်။
သူတို့က မီးခိုးငွေ့တွေနဲ့ ပြည့်နေတဲ့ ကတုတ်စခန်း တခုထဲမှာ တခြား စစ်တပ် အကြီးအကဲတွေနဲ့ အတူ ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ဇလူရှနီဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး တိုင်ပင်ကြတဲ့ အခါမှာတော့ ဘယ်လို အကြောင်းကြောင့်နဲ့မှ မလုပ်ကြပါနဲ့လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီလို လုပ်တာဟာ မြစ်အရှေ့ဘက် ကမ်းမှာ ကျန်နေတဲ့ အရပ်သား ပြည်သူတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေ အပေါ်မှာ သစ္စာဖောက်ရာ ကျလိမ့်မယ်လို့ သူက ပြောခဲ့တယ်လို့ ဆိုကြပါတယ်။
ဘီဘီစီကလည်း ဒီအကြောင်းကို အဲဒီအချိန်က ပါဝင်ပတ်သက်ခဲ့သူတွေထဲက ၂ နေရာကနေ ကြားသိခဲ့ရပါတယ်။
နောက်ထပ် အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ တော်တော်များများကို ချခဲ့ပြီးကြတဲ့ နောက် ၂၀၂၂ ဧပြီလဆန်းမှာတော့ ယူကရိန်း တပ်တွေဟာ ရုရှားတပ်တွေကို ကိယဗ်ရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ပြန်လည် တိုက်ထုတ်ပစ်နိုင်ခဲ့ကြပါတယ်။
ဆိုဗီယက် စစ်တပ်ရဲ့ စစ်မှုထမ်း မိသားစုမှာ မွေးဖွားခဲ့တဲ့ ဗာလယ်ရီ ဇလူရှနီက သူဟာ လွန်ကျူးတဲ့ ဝါစဉ်အလိုက် ရာထူးဂုဏ်သိမ် အဆင့်ဆင့်နဲ့ အုပ်ချုပ်တဲ့ ဆိုဗီယက် စစ်တပ်ကနေ အမြဲ ကင်းကင်းရှင်းရှင်း နေဖို့ဆုံးဖြတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ သူ ဗိုလ်သင်တန်းကျောင်း တက်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တွေရဲ့ အလယ်ပိုင်းမှာတော့ ယူကရိန်းဟာ လွတ်တပ်တဲ့ တိုင်းပြည်တခု ဖြစ်နေခဲ့ပါပြီ။
ဆိုဗီယက် ခေတ်က ပြဋ္ဌာန်းစာအုပ်တွေနဲ့ ဗိုလ်သင်တန်းကျောင်းတက်ခဲ့တဲ့ ဇလူရှနီဟာ ၂၀၁၄ မှာ စစ်နဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါတယ်။ ယူကရှိန်းအရှေ့ဖျားမှာ ရုရှားစစ်တပ်က ထောက်ပံ့ပေးနေတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ ဒု တပ်မှူးတယောက် အဖြစ် သူ့ကို ခန့်အပ်ခဲ့ပါတယ်။
သူဟာ အလုပ် တာဝန်တွေကို ခွဲဝေပေးတတ်သလို လက်အောက်ငယ်သားတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက်လည်း စိတ်ဝင်စားတဲ့သူ ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေ ဆီက ဘီဘီစီ သိခဲ့ရပါတယ်။
ရုရှားကျူးကျော်စစ် အစပိုင်း ကာလတွေအတွင်းမှာ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လုဒ်မီလာ ဒိုလ်ဟွန်နော့ဗ်စကာက သူဟာ အအိပ်အနေလည်း နည်းပြီး ရှေ့တန်းနဲ့ အမြဲ ဆက်သွယ်နေတတ်သူ ဖြစ်တယ်လို့ ပြောပါတယ်။ ဇလူရှနီဟာ သူ့လက်အောက်က ဗိုလ်ချုပ်တွေကို အမြဲ ဖုန်းနဲ့ ဆက်သွယ်နေတတ်တယ်၊ ဒါပေမယ့် အမြဲ တည်တည်ငြိမ်ငြိမ်နဲ့ ထိရောက်အောင် ပြောလေ့ ရှိတယ်လို့ သူကဆိုပါတယ်။
စစ်ဘက်ရေးရာ လေ့လာသုံးသပ်သူတွေကတော့ ယူကရိန်း စစ်တပ်မှာ အငယ်တန်း အရာရှိတွေက အစ စစ်မြေပြင်မှာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ကြတာကလည်း ထိပ်ပိုင်းကသာ ဆုံးဖြတ်ပေးနေတဲ့ ရုရှားစစ်တပ်အပေါ် သိသိသာသာ အသာရနေစေတယ်လို့ ပြောကြပါတယ်။
ယူကရိန်းစစ်တပ်ထဲက တချို့ကဆို အခုလို အောင်မြင်မှုတွေရဟာ စစ်မြေပြင်က တပ်မှူးတွေရဲ့ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်မှု တွေကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ တဖက်မှာ ဗိုလ်ချုပ်ကြီး ဇလူရှနီကို ဒီလို လွတ်လပ်စွာ ဆုံးဖြတ် စစ်ကစားနိုင်အောင် လုပ်ပိုင်ခွင့် ပေးထားတဲ့ အတွက်သာ အသိအမှတ်ပြုရမယ်လို့ ဆိုကြပါတယ်။
ယူကရိန်း စစ်ပွဲကာလ ရှည်ကြာလာပေမယ့် သမ္မတ ဇလန်းစကီးကလည်း ယူကရိန်းလူထုကို ညစဉ် ညတိုင်း မိန့်ခွန်းတွေ ပြောပြီး စိတ်ဓာတ်မြှင့်တင်ပေးနေပါတယ်။ သူ့ အုပ်ချုပ်ရေး ယန္တရားခိုင်မာနေဆဲ ဖြစ်တာကို ပြသထားသလို တဖက်မှာလည်း မဟာမိတ်တွေကို ဘဏ္ဍာရေးနဲ့ စစ်ရေး အကူအညီတွေ ပေးနေဖို့အတွက် တွန်းအားတွေ ပေးနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဇလူရှနီကတော့ စစ်ရေးဗျူဟာပိုင်း မှန်ကန်ဖို့ကိုသာ အာရုံစိုက်နေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေနှောင်းရာသီနဲ့ ဆောင်းဦးကာလ တွေအတွင်းက ထိုးစစ်တွေ အောင်မြင်ခဲ့တာကြောင့် ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေ အတော်များများကို ယူကရိန်း တပ်တွေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
လူကြားသူကြား သိပ်မထွက်တတ်သလို မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခြင်းတွေ လုပ်ဖို့ ပိုပြီးစိတ်မဝင်စားတဲ့ ယူကရိန်း စစ်ဦးစီးချုပ်ဟာလည်း အမျိုးသား သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။
သူ့ အမည်နာမကို သူရသတ္တိနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ အတူ တွဲပြီး မြင်လာကြသလိုပဲ သူ့ရဲ့ ဂုဏ်သတင်းတွေကိုလည်း ဟာသဉာဏ်လေးတွေနဲ့ ရောပြီး စီကုံးဖွဲ့ဆို လာကြပါတယ်။
မှောင်နေတဲ့ အခန်းထဲကို ဇလူရှနီ ဝင်လာရင် မီးဖွင့်စရာ မလိုဘူး၊ သူ့အလိုလို လင်းသွားတယ် လို့ ပြောကြတဲ့ အထိ ဖြစ်ပါတယ်။
သူ့ကျော်ကြားမှုက ဇလန်းစကီးနဲ့ တန်းတူလောက် ဖြစ်လာခဲ့တဲ့ နောက်မှာ သူတို့အကြား သွေးကွဲနေပြီလား ဆိုတဲ့ အသံတွေတောင် ထွက်လာခဲ့ပါတယ်။ ဇလန်းစကီးက ဇလူရှနီ နေရာမှာ တခြားလူကို စစ်ဦးစီးချုပ်ခန့်တော့မယ်၊ တခါ ဇလူရှနီကည်း သမ္မတရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေပြီ စသည်ဖြင့် ပြောကြပေမယ့် တကယ်တမ်းမှာ ဘာတခုမှ ဖြစ်မလာခဲ့ပါဘူး။
သမ္မတဇလန်းစကီးမှာ ယူကရိန်း အတွက် မဟာမိတ်တွေဆီက စစ်ရေး အကူအညီတွေ ရဖို့ ၁၀၂ ရာခိုင်နှုန်း အာရုံစိုက်နေရတာကြောင့် ဒီလို မနာလိုစိတ်တွေ ဖြစ်ဖို့ အချိန်တောင် မရှိပါဘူးလို့ သမ္မတရုံးက သတင်းရင်းမြစ်တခုက ဘီဘီစီကို ပြောပါတယ်။
သူတို့ ၂ ဦးစလုံးကလည်း ကိုယ့်အလုပ် ကိုယ် လုပ်နေကြဖို့သာ စိတ်ဝင်စားကြပါတယ်။
ဗိုလ်ချုပ်ကြီး ဇလူရှနီက ပြီးခဲ့တဲ့ ဇွန်လက တိုင်းမ် မဂ္ဂဇင်းကို သူ့အနေနဲ့ သမ္မတ ဇလန်းစကီးကို စစ်ရေး မဟာဗျူဟာတွေနဲ့ ပတ်သက်လို့ ခရေစေ့တွင်းကျ ရှင်းလင်း တင်ပြတာမျိုး မလုပ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ သမ္မတအနေနဲ့ ဆေးပညာနဲ့ တံတား ဆောက်လုပ်ရေးတွေ လိုပဲ စစ်မက်ရေးရာနဲ့ ပတ်သက်လို့ လည်း အတိုင်းအတာတခုအထိပဲ သိနားလည်ဖို့ လိုပါတယ်လို့ ပြောပါတယ်။
တကြိမ်မှာလည်း ဘာ့ခ်မု ရှေ့တန်းကို တိုက်ပွဲဝင်ဖို့ စေလွှတ်ခံခဲ့ရတဲ့ အတွက် မင်္ဂလာပွဲကို နောက်ဆုတ်ခဲ့ရတဲ့ ယူကရိန်း စစ်သည်တယောက်ရဲ့ မင်္ဂလာပွဲကို သူကိုယ်တိုင် တက်ရောက်ခဲ့ပါသေးတယ်။ အဲဒီ စစ်သားကို သူ့ ချစ်သူနဲ့ လက်ထပ်နိုင်ဖို့အတွက် ရက်တိုခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်ခါနီး အချိန်တွေမှာပဲ ရုရှား စစ်ရေး ဘလော့ဂ်ဂါတွေအကြားမှာ ကောလာဟလ တခု ပြန့်လာခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ မေလ လယ်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ဇလူရှနီ တယောက် ဒဏ်ရာ အကြီးအကျယ် ရသွားတယ်၊ ကျဆုံးသွားတယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒါကို ရုရှား ပြည်ပ ထောက်လှမ်းရေး အကြီးအကဲ ဆာဂေ နာရစ်ရှကင်က အသုံးချပြီး သူတို့ဆီမှာ ယူကရိန်း စစ်တပ် ဦးစီးချုပ်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ချပြမှာတော့ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ယူကရိန်း ထိပ်တန်း အရာရှိကြီးတွေကတော့ ဒီကောလာဟလ တွေနဲ့ ပတ်သက်လို့ ရယ်စရာ ပြက်လုံး တခုလိုသာ သဘောထားကြပါတယ်။ ဗိုလ်ချုပ်ကြီး ဇလူရှနီနဲ့ နီးစပ်တဲ့ ဗိုလ်မှူးကြီး အနာတိုလီ ရှတက်ဖန်က ရုရှားရဲ့ တော်တော် ရူးနှမ်းနှမ်းနိုင်တဲ့ ဝါဒဖြန့်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
တဖက်မှာလည်း ယူကရိန်း ပြည်သူတွေအကြား စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဇွန်လဆန်းပိုင်းမှာ ဗိုလ်ချုပ်ကြီး ဇလူရှနီ ကိယဗ်မှာ ကျင်းပတဲ့ စစ်ရေး အခမ်းအနားတခုကို တက်ရောက်နေတဲ့ပုံတွေကို ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ယူကရိန်း ပြည်သူတွေအကြား ဗာလယ်ရီ ဇလူရှနီရဲ့ သူရဲကောင်းပုံရိပ်က ခိုင်မာလို့ နေပါပြီ။ ဒါပေမယ့် စစ်ဦးစီးချုပ်ရဲ့ အပေါ်မှာသာ စုပြုံပြီး မျှော်လင့်ချက်တွေ ထားနေကြတာလည်း အနာဂတ်မှာ အရှုပ်အထွေးတွေ ရှိလာနိုင်ပါတယ်။
တကယ်လို့ ဒီစစ်မှာ ယူကရိန်း အနိုင်ရခဲ့ရင်တောင်မှ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ဆက်ပြီးဖြတ်သန်းရဖို့ ရှိတယ်လို့ လူမှုရေး သိပ္ပံပညာရှင် အိုလက်စကီ အန်တီပေါ့ဗ်ယစ်ချ်က ပြောပါတယ်။ ဇလူရှနီဟာ နိုင်ငံရေးနဲ့ ကင်းအောင် နေမယ့် သဘော ရှိတယ်လို့ ဆိုပါတယ်။
စစ်ကြီးပြီးသွားတဲ့ အခါမှာ ယူကရိန်းဟာ စီးပွားရေးမှာ လုံးဝပြိုလဲမကျသွားရင်တောင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ များတယ်။ ဒါတွေက သူ့အတွက် နယ်ပယ်သစ်လို ဖြစ်နေမှာလို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေး လေ့လာသုံးသပ်သူ မစ်ကိုလာ ဒါဗီဒျူခ်က စစ်ဦးစီးချုပ်အနေနဲ့ နိုင်ငံရေးထဲ ဝင်မယ်ဆိုရင်လည်း အောင်မြင်မှာပါလို့ ယုံကြည်ကြောင်း ပြောပါတယ်။
ဇလန်းစကီးက သူ့တိုင်းသူပြည်သားတွေကို မစွန့်ခွာသွားတဲ့ ခေါင်းဆောင်တယောက် ဆို ဇလူရှနီက ယူကရိန်း ပြည်သူတွေကို ကာကွယ်ပေးသူ ဖြစ်တယ်။ ဇလူရှနီအတွက်လည်း ဒီလမ်းကြောင်းက ရှိနေသလို လူထုအကြားမှာလည်း လိုလားမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဘီဘီစီက ဗိုလ်ချုပ်ကြီး ဇလူရှနီကို တွေ့ဆုံ မေးမြန်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။