ပညာရေးဝန်ကြီးဌာနကို ထရမ့် တကယ်ဖျက်နိုင်မလား

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း အမိန့်ကို လက်မှတ်ရေးထိုးချိန်မှာ ကလေးတွေနဲ့အတူတွေ့ရတဲ့ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း အမိန့်ကို လက်မှတ်ရေးထိုးချိန်မှာ ကလေးတွေနဲ့အတူတွေ့ရတဲ့ ထရမ့်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းတဲ့အနေနဲ့ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း သမ္မတဆိုင်ရာညွှန်ကြားချက်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရေးဟာ ကွန်ဆာဗေးတစ်တချို့ရဲ့ ကာလရှည်ကြာ မျှော်မှန်းချက်တစ်ခုလည်း ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ အသက်ရှူမှားလောက်အောင် အမှားကြီးမှားခဲ့တယ်လို့ စွပ်စွဲပြီး ရီပတ်ဘလီကန်ပါတီက သမ္မတဖြစ်လာတဲ့ ထရမ့်ဟာ ဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ ငွေတွေကို ပြည်နယ်တွေကို ပြန်ပေးမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

''အမြန်ဆုံး ဖျက်သိမ်းမှာ'' လို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရေးဟာ ကွန်ဂရက်ရဲ့ အတည်ပြုချက်လိုအပ်နေသေးတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနက ဝန်ထမ်းတွေလျှော့ချတာ၊ ထောက်ပံ့ငွေလျှော့ချဖြတ်တောက်တာတွေ၊ ဝန်ကြီးဌာနကို ဖျက်သိမ်းမှာတွေနဲ့ပတ်သက်လို့ တားဆီးလိုသူတွေက ဥပဒေကြောင်းအရ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပညာရေးနဲ့ပတ်သက်ရင် တခြားဘယ်နိုင်ငံထက်မဆို ငွေပိုသုံးပေမဲ့ ကျောင်းသားတွေရဲ့ ထူးချွန်တတ်မြောက်မှုက အောက်ဆုံးမှာရှိနေတယ်လို့ ထရမ့်က အိမ်ဖြူတော်မှာ မတ် ၂၀ ရက်က ကျောင်းသားတွေ ဝန်းရံပြီး ပြောခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဥပဒေကြောင်းအရ အကျုံးဝင်နေသေးတဲ့ အပိုင်းတွေကို ဖြတ်တောက်လျှော့ချပစ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

ထရမ့်အစိုးရက ပြည်ထောင်စုအစိုးရရဲ့ အရွယ်အစားကို လျှော့ချရေးလုပ်ဆောင်မှုတွေလိုပဲ သမ္မတဆိုင်ရာညွှန်ကြားချက်အမိန့်ဟာ ဥပဒေကြောင်းအရ တားဆီးတာတွေ ခံရဦးမှာဖြစ်ပါတယ်။

ထရမ့် နဲ့ ပညာရေးဝန်ကြီး လင်ဒါ မက်မဟုန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့် နဲ့ ပညာရေးဝန်ကြီး လင်ဒါ မက်မဟုန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ထရမ့်က ဝန်ကြီးဌာနကို ဦးဆောင်ဖို့ သူခန့်အပ်ထားတဲ့ လင်ဒါ မက်မဟုန်ကို ချီးကျူးစကားပြောပြီး သူမဟာ နောက်ဆုံးပညာရေးဝန်ကြီးဖြစ်လိမ့်မယ်ဆိုတဲ့ သူ့မျှော်လင့်ချက်ကိုပါ ထုတ်ပြောသွားခဲ့ပါတယ်။

သူ့အစိုးရအဖွဲ့ထဲမှာ လင်ဒါအတွက် တစ်နေရာ ရှာပေးနိုင်လိမ့်မယ်လို့ ထရမ့်က ဆက်ပြောပါတယ်။

ထရမ့်က ညွှန်ကြားချက်အမိန့်ကို လက်မှတ်ထိုးပြီးနောက်မှာ လူဝီစီယားနားပြည်နယ်က ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဘီလ် ကက်ဆီဒီက ဝန်ကြီးဌာနဖျက်သိမ်းရေးကို ရည်ရွယ်တဲ့ ဥပဒေကြမ်းကို တင်ပြဖို့ အစီအစဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလီကန်တွေဟာ အထက်လွှတ်တော်မှာ အမတ်နေရာ ၅၃ နေရာနဲ့ ဒီမိုကရက်တွေက ၄၇ နေရာ ရထားပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတစ်ခုကို ဖျက်သိမ်းနိုင်ဖို့ ထောက်ခံမဲက ၆၀ အထိ လိုအပ်နေတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနကို တရားဝင်ပိတ်သိမ်းတာမဖြစ်နိုင်သေးပေမဲ့ ထရမ့်အစိုးရဟာ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(USAID) ရဲ့ အစီအစဉ်များစွာနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ဆောင်ချက်တွေကို ရပ်ဆိုင်းပစ်ခဲ့သလိုမျိုး ပညာရေးဝန်ကြီးဌာနကိုပေးနေတဲ့ ရန်ပုံငွေနဲ့ ဝန်ထမ်းဦးရေကို လျှော့ချပစ်လို့ရနိုင်ပါသေးတယ်။

သမ္မတဆိုင်ရာညွှန်ကြားချက်အမိန့်ရဲ့စာသားတွေမှာ အစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်၊ ဘယ်လိုအစီအစဉ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ တိကျတဲ့ အချက်အလက်တွေ မပါဝင်ခဲ့ပါဘူး။

မက်မဟုန်အနေနဲ့ ဝန်ကြီးဌာနကို ပိတ်သိမ်းဖို့ လိုအပ်တာအကုန်လုပ်ပြီး ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရတွေကို လွှဲပြောင်းပေးဖို့ပဲ ဖော်ပြထားပါတယ်။

ပြီးတော့ အမေရိကန်တွေ မှီခိုနေရတဲ့ ဝန်ဆောင်မှုတွေ၊ အစီအစဉ်တွေနဲ့ ခံစားခွင့်တွေကို ထိထိရောက်ရောက်၊ မပြတ်တောက်အောင် အားထုတ်လုပ်ဆောင်ဖို့ မက်မဟုန်ကို ညွှန်ကြားထားပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ လူငယ်တွေကို လူမျိုးရေး၊ လိင်ပိုင်း၊ ပညာရေးနဲ့ပတ်သက်လို့ အယူအဆမှားတွေ ရိုက်သွင်းနေတယ်လို့ ထရမ့်က စွပ်စွဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပညာရေးဝန်ကြီးဌာနဟာ လူငယ်တွေကို လူမျိုးရေး၊ လိင်ပိုင်း၊ ပညာရေးနဲ့ပတ်သက်လို့ အယူအဆမှားတွေ ရိုက်သွင်းနေတယ်လို့ ထရမ့်က စွပ်စွဲထားပါတယ်။

၁၉၇၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာနဟာ ကျောင်းသားချေးငွေကိစ္စတွေကို ကိုင်တွယ်ပြီး ဝင်ငွေနည်းမိသားစုတွေက ကျောင်းသားတွေကို ကူညီတဲ့ အစီအစဉ်တွေကို စီမံနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးဌာနဟာ လူငယ်တွေကို လူမျိုးရေး၊ လိင်ပိုင်း၊ ပညာရေးနဲ့ပတ်သက်လို့ အယူအဆမှားတွေ ရိုက်သွင်းနေတယ်လို့ ထရမ့်က စွပ်စွဲထားပါတယ်။

အမေရိကန်နိုင်ငံသား ကလေးအများစုဟာ ဒေသဆိုင်ရာအစိုးရအရာရှိတွေ စီမံပြီး အခမဲ့ဖြစ်တဲ့ အစိုးရကျောင်းတွေကို တက်ရောက်နေကြတာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနဟာ အမေရိကန်စာသင်ကျောင်းတွေကို စီမံပြီး သင်ရိုးရေးဆွဲပေးတယ်လို့ အယူမှားနေကြတာဖြစ်ပြီး တကယ်တမ်းမှာက ပြည်နယ်နဲ့ ဒေသဆိုင်ရာစီရင်စုတွေကသာ ဒါတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

မူလတန်းနဲ့ အလယ်တန်းအဆင့်စာသင်ကျောင်းတွေအတွက် ရန်ပုံငွေရဲ့ ၁၃ ရာခိုင်နှုန်းကသာ ပြည်ထောင်စုအစိုးရဆီက ရတာဖြစ်ပြီး အများစုကို ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရတွေက အခွန်ကောက်ခံပြီး ထောက်ပံ့နေတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ အဆင့်မြင့်ပညာရေးအတွက် အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာ အသုံးပြုနေတဲ့ ပြည်ထောင်စုအဆင့် ကျောင်းသားချေးငွေကို စီမံတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

ပညာရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်မှာ မက်မဟုန်ဟာ ဝန်ကြီးဌာနက ဝန်ထမ်း ၄၄၀၀ ဆီကို "ကျွန်မတို့ ဝန်ကြီးဌာနရဲ့ နောက်ဆုံးတာဝန်" ဆိုတဲ့ ညွှန်ကြားချက်ကို ပေးပို့ခဲ့ပါတယ်။ ဒါဟာ ထရမ့်က ဝန်ကြီးဌာနကို ဖျက်သိမ်းနိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကို ညွှန်းဆိုတာလည်းဖြစ်ပါတယ်။

"အနာဂတ်ကျောင်းသားမျိုးဆက်တွေ အကျိုးအတွက် နောက်ဆုံးနဲ့ မမေ့နိုင်တဲ့ တာဝန်ထမ်းဆောင်ပေးဖို့ အခွင့်အလမ်းဖြစ်ပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။

"ကျွန်မတို့ရဲ့ နောက်ဆုံးတာဝန်ပြီးဆုံးသွားတဲ့အခါ ကျွန်မတို့ဟာ အမေရိကန်ပညာရေးကို ပိုမိုလွတ်လပ်၊ ပိုမိုခိုင်မာပြီး အနာဂတ်အတွက် မျှော်လင့်ချက်ပိုရှိတဲ့အခြေအနေနဲ့ ချန်ထားခဲ့နိုင်ပြီလို့ ပြောနိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။

ထရမ့်ဟာ ပညာရေးဝန်ကြီးဌာနရဲ့အစီအစဉ်တချို့ကို အဆုံးသတ်ပြီး တချို့အစီအစဉ်တွေကို ဘဏ္ဍာရေးဝန်ကြီးဌာနလို တခြားဌာနတွေကို လွှဲပြောင်းပေးလိမ့်မယ်လို့ အစောပိုင်းဖော်ပြချက်တွေရှိနေပါတယ်။ ဒါမျိုးဖြစ်လာနိုင်ပေမဲ့ သူ့ရဲ့ ညွှန်ကြားချက်အမိန့်မှာတော့ ဖော်ပြထားတာ မရှိပါဘူး။

အမေရိကရဲ့ အသင်းဝင်အများဆုံး ဆရာသမဂ္ဂက ထရ့မ်ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ ဝေဖန်ခဲ့ပြီး ထရမ့်ဟာ ကလေးအားလုံးရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ စိတ်မဝင်စားဘူးလို့ ဆိုခဲ့ပါတယ်။

"ဘယ်သူမှ ဗျူရိုကရေစီကို သဘောမကျဘူး၊ လူတိုင်းက ပိုမိုထိရောက်တာကို ထောက်ခံနေကြတာမို့ ဒါမျိုးဖြစ်လာဖို့ နည်းလမ်းရှာရအောင်" လို့ အမေရိကန်ဆရာအသင်းက ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနနဲ့ပတ်သက်လို့ ကွန်ဆာဗေးတစ်တွေက ဖျက်သိမ်းဖို့ အကြံပြုနေတာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

ဒီမိုကရက်တစ်သမ္မတ ဂျင်မီကာတာက ဝန်ကြီးဌာနကို တည်ထောင်ပြီး နှစ်နှစ်အကြာ သူ့နေရာကို ဆက်ခံတဲ့ ရီပတ်ဘလီကန်သမ္မတ ရော်နယ်ရေဂင်က ဖျက်သိမ်းဖို့ စတင်ကြွေးကြော်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ သမ္မတရဲ့ ဝန်ကြီးဌာနတွေထဲမှာ အသေးဆုံးဖြစ်ပြီး ပြည်ထောင်စုအဆင့်အသုံးစရိတ်ရဲ့ ၂ ရာခိုင်နှုန်းအောက်သာ ရရှိနေပါတယ်။

အီလွန်မတ်စ်ရဲ့ အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (Doge) ရဲ့ ဦးဆောင်မှုနဲ့လုပ်တဲ့ ဝန်ထမ်းဦးရေလျှော့ချရေးကြောင့် ပညာရေးဝန်ကြီးဌာနဝန်ထမ်းတချို့ ထိခိုက်နစ်နာခဲ့ရပြီးပါပြီ။

ဝန်ကြီးဌာနက ဝန်ထမ်း ၂၁၀၀ ခန့်ဟာ မတ် ၂၁ ရက်စလို့ ခွင့်နဲ့နေနေရပြီဖြစ်ပါတယ်။