ဩဂုတ် ၁၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မြန်မာ့ငြိမ်းချမ်းရေး အတတ်နိုင်ဆုံးဆက်လုပ်မယ်လို့ တရုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံအနေနဲ့ မြန်မာမှာ တိုက်ပွဲဖြစ်ပွားနေတာကို မတွေ့မြင်လိုဘဲ မြန်မာပြည်မြောက်ပိုင်းအပါအဝင် မြန်မာ့ငြိမ်းချမ်းရေး တက်တက်ကြွကြွလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က သြဂုတ် ၉ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြန်ဖြေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ နေပြည်တော်ခရီးစဥ်နဲ့ တရုတ်ကြားဝင်ဆွေးနွေးမယ့် စစ်ကောင်စီနဲ့ညီနောင် ၃ ဖွဲ့ ဆွေးနွေးပွဲအခြေအနေကို AFP သတင်းဌာနက မေးမြန်းတဲ့အပေါ် သူက အခုလိုဖြေခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ ငြိမ်းချမ်းရေးစကားပြောဖို့ စွမ်းနိုင်သမျှ ဆက်လုပ်မယ်လို့လည်း သူက ပြောပါတယ်။
ဘယ်အဖွဲ့တွေလို့ ဆိုပြီး သူက နာမည်တပ်ပြောသွားတာမရှိပေမဲ့ လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကို ဆိုလိုတာလို့ နားလည်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာ တာကို အထူးဂရုထားတယ်ဆိုတာနဲ့ အမြန် ပြန်လည်တည်ငြိမ်လာဖို့ မျှော်လင့်ပြီး ကိုယ့်နည်း ကိုယ်ဟန်နဲ့ မြန်မာမှာ အပစ်အခတ်ရပ်စဲဖို့ ဦးဆောင်ဖျောင်းဖျနေတယ်လို့ သူက ပြောထားပါသေးတယ်။
တရုတ်အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဥ်ဟာ ရှမ်းမြောက်အရေးနဲ့ဆက်စပ်နိုင်တယ်လို့ ခန့်မှန်းကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အွန်လိုင်းလောင်းကစားနဲ့ တရားမဝင် လုပ်ငန်းတွေ ပပျောက်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်ကနေ အာရက္ခတပ်တော် ထွက်သွားဖို့ မီဇိုရမ်ရောက် စစ်ရှောင်တွေ ဆန္ဒ ထုတ်ဖော်

ဓာတ်ပုံ ရင်းမြစ်, Zalen
ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရက္ခတပ်တော်(အေအေ)ကို ချင်းပြည်နယ်က ထွက်သွားဖို့ အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းရောက် ချင်းစစ်ဘေးရှောင် ရာချီက သြဂုတ် ၁၀ ရက်တုန်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ ''ချင်းပြည်နယ်ကနေ အေအေ ထွက်ခွာပေးရန်၊ ချင်းပြည်ကောင်စီကိုထောက်ခံ သည်၊ ဖလမ်း၊ ထန်တလန်၊ဟားခါး၊မတူပီမြို့က အေအေထွက်ခွာပေးပါ'' ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
အာရက္ခတပ်တော် အေအေက ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ၂၀၂၄ နှစ်စပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး မတူပီမြို့ကို ဒီနှစ် ဇွန် ၂၉ ရက်မှာ ချင်းညီနောင်နဲ့အတူ မဟာမိတ်ဖွဲ့ပြီး သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဇူလိုင် ၁၈ ရက်မှာ ချင်းညီနောင်နဲ့အေအေ မဟာမိတ်တပ်ဖွဲ့ နဲ့ CNA/CNF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ခြုံခိုတိုက်ခိုက်တာခံခဲ့ရတယ်လို့ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲပြောဆိုချက်တွေလည်း ရှိနေပါတယ်။
မုံရွာထောင်ဆန္ဒထုတ်ဖော်မှုမှာ မဆိုင်သူတွေကို တရားမစွဲဖို့ နိုင်ငံရေးအကျဥ်းသားတွေတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Social Media
၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ မုံရွာထောင်ဆန္ဒထုတ်ဖော်မှုနောက်ဆက်တွဲ တရားစွဲဆိုခံရသူတွေထဲမှာ မသက်ဆိုင်သူတွေပါနေတဲ့အတွက် သူတို့ကို တရားစွဲဆိုထားတာရုတ်သိမ်းပေးဖို့ ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၉ ဦးက ထောင်အာဏာပိုင်တွေကိုတောင်းဆိုထားတယ်လို့ မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
“ဆန္ဒပြရာမှာ မပါဘဲ တရားစွဲခံထားရသလို ဦးဆောင်ပါဝင်တဲ့သူတွေကိုတော့ တရားမစွဲဘဲ ချန်ထား တာရှိတယ်။ ဒါကြောင့် မုံရွာထောင်က နိုင်ကျဉ်းတွေက ဆန္ဒပြတာနဲ့မသက်ဆိုင်တဲ့သူတွေကို အမှုကနေ ပယ်ဖျက်ပေးဖို့ ဒီ ၈ရက်နေ့က ထောင်အာဏာပိုင်ကတဆင့် တောင်းဆိုကြတယ်လို့ သိရပါတယ်”လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီထောင်တွင်းဆန္ဒထုတ်ဖော်တာကို ဦးဆောင်ခဲ့ပေမဲ့ တရားစွဲဆိုမခံရတဲ့သူနှစ်ဦးကလည်း သူတို့ပါဝင် ကြောင်းတရားရုံးမှာ ဖြောင့်ချက်ပေးဖို့ ထောင်ဘက်ကိုတောင်းဆိုထားတာတဲ့အတွက် နိုင်ငံရေးအကျဥ်းသားတွေ အပေါ်ဖိနှိပ်မှုတွေရှိလာနိုင်တယ်လို့ မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားတာပါ။
၂၀၂၃ စက်တင်ဘာလအတွင်းက ထောင်တွင်းအထူးရှာဖွေရေးလုပ်ပြီး ဖိနှိပ်တာကို နိုင်ငံရေးအကျဥ်းသားတချို့က ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၉ ဦးကို ထောင်အာဏာပိုင်ဘက်က တစ်နှစ်လျော့ ရက်ခံစားခွင့်နှုတ်ခဲ့ပါတယ်။
အစာငတ်ခံဆန္ဒပြတာကို လျစ်လျူရှုထားတဲ့ထောင်အာဏာပိုင်တွေကို ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ၁၇ ဦးကိုတော့ ပြင်ပတရားရုံးမှာ တရားစွဲထင်ထားတာပါ။
လက်ရှိ မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁,၀၀၀ ဝန်းကျင် ဖမ်းဆီးခံထားရပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ လူဦးရေပြွတ်သိပ်ထည့်ထားတဲ့အတွက် နေထိုင်ရေးအခက်အခဲတွေဖြစ်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကနေ သိရပါတယ်။
မိုးမောက် ခမရ ၄၃၇ မှာ စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ အဓိက တပ်စခန်း ခမရ ၄၃၇ ကို KIA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
ဗန်းမော်မြို့နဲ့ဆိုရင် ၇ မိုင်သာ ကွာတော့တဲ့ ဒီတပ်စခန်းကို KIA က ဇူလိုင် ၂၄ ရက် ကစပြီး ပြန်လည်ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
“မိုးမောက်မြို့ ခမရ ၄၃၇ စခန်းထဲထိ သုံးကြိမ်မြောက် ဝင်ထားတယ်။ စခန်းက အကျယ်ကြီးဆိုတော့ မလွယ်သေးဘူး။ တိုက်နေတုန်းပါပဲ။ ဒီစခန်းက မိန်းစခန်းနဲ့ စုပေါင်းခုခံနေကြတာ”လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲမှာ KIA နဲ့ အတူ အာရက္ခတပ်တော်- အေအေ၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့လုံခြုံရေးအတွက် လက်နက်ကြီးတွေနဲ့အခိုင်မာတည်ဆောက်ထားတဲ့ မိုးမောက်မြို့အခြေစိုက် ခမရ ၄၃၇ ကျရင် စစ်ကောင်စီအတွက်လုံခြုံမှုမရှိတေ့ာဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ဇူလိုင်လကုန်ပိုင်းမှာ ပြောထားပါတယ်။
ဗန်းမော်မှာလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ ကနေ မြို့ထဲဘက်ကို လက်နက်ကြီးပစ်ခတ်တာကြောင့် ဇူလိုင် တတိယပတ်ကနေ သြဂုတ်လ ပထမပတ်အထိ သေဆုံးသူ ၅ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။
အနိမ့်ဆုံးလုပ်ခလစာတရားဝင် ထပ်တိုးပေးခြင်းမရှိတဲ့အတွက် အလုပ်သမားနစ်နာမှုရှိနေ

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘာ့ဘဏ်လေ့လာချက်အရ ကမ္ဘာပေါ်မှာ ကုန်စျေးနှုန်းအမြင့်ဆုံး ၄ နိုင်ငံမြောက် ဖြစ်နေတဲ့ မြန်မာမှာ အခြေခံလုပ်ခလစာကို ထပ်မတိုးဘဲ အဲဒီအစား အခြေခံလုပ်ခလစာထဲ ထောက်ပံ့ကြေး ငွေကျပ် ၁,၀၀၀ ကို ထည့်သွင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဦးဆောင်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီက ထုတ်ပြန်ကြေညာလာပါတယ်။
အလုပ်သမားနဲ့အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ၂၀၁၈ ခုနှစ်တည်းက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄,၈၀၀ ကျပ်ကို တိုးမြင့်သတ်မှတ်တာမရှိဘဲ အခုလို ထောက်ပံ့ကြေးဆိုပြီး သတ်မှတ်လိုက်တာဟာ လုပ်ငန်းအမျိုးအစား၊ နေရာဒေသနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အပေါ်မှာ အလုပ်သမားတွေ ထိခိုက်နစ်နာနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
၂၀၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ ဒီလုပ်ခလစာအပေါ် တိုးမြှင့်တာမရှိဘဲ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၁၀၀၀ စီကိုသာ ၂၀၂၃ ခုနှစ်မှာ တစ်ကြိမ်နဲ့ အခု ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်ထပ်တိုးဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီက ကြေညာခဲ့တာပါ။
“အနိမ့်ဆုံးလုပ်ခလစာက အထည်ချုပ်ကိုပဲ အခြေခံလို့မရဘူး။ ဒါဆိုလူသုံးကုန်ထုတ်တဲ့ စက်ရုံက အလုပ်သမားတွေက အနိမ့်ဆုံးလစာအပြင်အချိန်ပိုလည်းမရှိတော့ နစ်နာတာပေါ့။ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး ဒီလိုနေရာဒေသနဲ့ အလိုက်တွက်ချက်ပေးဖို့ စဉ်းစားဖို့လိုတယ်” လို့ သွေးစည်းညီညွတ်သော အလုပ်သမားများအဖွဲ့ချုပ် - မြန်မာ STUM Myanmar က ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
လက်ရှိမှာ ကျွမ်းကျင်လုပ်သားတွေ နိုင်ငံရပ်ခြားထွက်ပြီး အလုပ်လုပ်ကိုင်တာများလာတဲ့အတွက် တချို့ လုပ်ငန်းရှင်တွေက လုပ်ခလစာကို အလုပ်သမားနဲ့ညှိနှိုင်းပေးတာမျိုးရှိတယ်လို့ သူကပြောပါတယ်။
ဒါပေမဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ နယ်ဘက်မှာတော့ အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်သာရတယ်လို့ မွန်ပြည်နယ်က မီနီမတ်တစ်ခုမှာ အရောင်းဝန်ထမ်းလုပ်ကိုင်နေသူက ပြောပါတယ်။
“ကြာပြီလေ ဒီလစာပဲ။ အခုဆန်ကောင်းကောင်းတစ်ပြည်တောင် ညီမလစာ ကျော်နေပြီ။ တိုးတောင်းချင်ပေမဲ့ ကိုယ်မလုပ်ရင်လုပ်မယ့်သူက တန်းစီနေတာလေ မတောင်းရဲဘူး” လို့ သူက ပြောပါတယ်။
ကော်မတီကြေညာချက်အရ အခုသြဂုတ်လကစပြီး အခြေခံလုပ်ခလစာ ၄၀၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ် စုစုပေါင်း တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ၆၈၀၀ ကျပ်ရရမှာဖြစ်ပါတယ်။
နွားထိုးကြီးမြို့ကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာ

ဓာတ်ပုံ ရင်းမြစ်, MBT
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား သြဂုတ် ၁၀ ရက်၊ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့က ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာပါ လုပ်ခဲ့တာပါ။
နွားထိုးကြီးမြို့ အရှေ့ဘက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ ထမ်းစင်ရွာ၊ မြို့အဝင် လဝကရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မြို့လယ်က ဆောက်လုပ်ရေးဝင်းနေရာတွေမှာ စစ်တပ်က အရင်တုန်းက ဂိတ်ချတပ်စွဲထားတာဖြစ်ပါတယ်။
“ဂိတ်အားလုံးက အင်အား ၁၀၀ လောက်ရှိမယ် ထင်တယ်။ ထွက်ပြေးသွားလား။ ဘယ်ရောက်သွားလဲ မသိဘူး။ ကျွန်တော်ပတ်ကြည့်သလောက်တော့မတွေ့တော့ဘူး။”လို့ နွားထိုးကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် လျှပ်စစ်ရုံးနဲ့ ကမ္ဘောဇဘဏ် မီးလောင်ပျက်စီးသွားပြီး မြို့မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
မြင်းခြံခရိုင်အတွင်းက ဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေကတော့ မနေ့ကစပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီလို့ ပြောပြီး ထိုးစစ်ကာလအတွင်း မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ-တောင်သာလမ်းပိုင်းကို လတ်တလောဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မနေ့ကဖြစ်တဲ့ နွားထိုးကြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိသလို နွားထိုးကြီးကို ထိန်းချုပ်နိုင်ပြီလို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ပြောပေမဲ့ သက်ဆိုင်ရာအဖွဲ့တွေကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နွားထိုးကြီးမြို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ချိန်မှာ လေကြောင်း ပစ်ကူပေးဖို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေက တိုက်တွန်း ရေးသား တာတွေ လုပ်ခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌသုံးနိုင်ငံတွဲဖက်ဖြေရှင်းရေး အစည်းအဝေး လနဲ့ချီကြာဦးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံနဲ့ နောက်ထပ် အဖွဲ့ဝင်တစ်နိုင်ငံ (ASEAN Troika Plus) အစည်းအဝေးဟာ အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးမှ ပေါ်လာနိုင်ခြေရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။
အလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံနဲ့ နောက်ထပ် အဖွဲ့ဝင် တစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံက ပါဝင်မှာဖြစ်ပြီး အဲဒီအစီအစဥ်ကိုလည်း ပြီးခဲ့တဲ့လတုန်းက လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ထောက်ခံထားပါတယ်။
ဒါပေမဲ့ ASEAN Troika Plus အစည်းအဝေးဟာ အောက်တိုဘာလမှာ ကျင်းပဖို့ ရှိတဲ့ အာဆီယံခေါင်းဆောင်တွေ ညီလာခံအပြီးမှာမှ ဖြစ်လာနိုင်ခြေရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
‘‘လောလောဆယ်မှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက အချိန်ကို စဥ်းစား သုံးသပ်နေတာပေါ့။ ဘယ်အချိန်မှာ ကျင်းပဖို့ အဆင်ပြေမလဲဆိုတာ’’ လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းမှာ ပြုလုပ်တဲ့ အာဆီယံနေ့ အခမ်းအနားအတွင်းမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
အာဆီယံ Troika Plus မှာ အရင် အလှည့်ကျအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးယား၊ လက်ရှိအလှည့်ကျဥက္ကဋ္ဌ လာအိုနဲ့ နောင်နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ မလေးရှားတို့ ပါဝင်ပါတယ်။ Plus ကတော့ မြန်မာ့အရေးအလေးထားပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အာဆီယံ အဖွဲ့ဝင် နောက်ထပ် တစ်နိုင်ငံ ဖြစ်ပါတယ်။
Troika Plus မှာ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တွေခန့်အပ်ထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေလည်း ပါဝင်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထားပါတယ်။










