ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - သီပေါမြို့ကို တိုက်ပွဲရောက်လာ

ဓာတ်ပုံ ရင်းမြစ်, TNLA
ကျောက်မဲမြို့ နဲ့ လားရှိုးမြို့ကြားမှာရှိတဲ့ သီပေါမြို့မှာ တိုက်ပွဲဖြစ်နေတယ် လို့ ဒေသခံတချို့ နဲ့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။
တအာင်းတပ် TNLA က ဦးဆောင်ပြီး ကိုးကန့်တပ် MNDAA တပ်တွေပါ ပါဝင်တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
သီပေါမြို့ပြင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက သြဂုတ် ၈ ရက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် လုပ်ခဲ့တယ် လို့ TNLA ကထုတ်ပြန်ထားပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲက မြို့ကိုရောက်လာပြီး သေနတ်သံတွေကြားနေရတယ် လို့ မြို့ခံတချို့က ပြောပါတယ်။
သီပေါမြို့ဟာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး တို့ နဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။
မြောက်ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်တောင်ပိုင်းက ကျိန္တလီမြို့အနီးမှာလည်း တိုက်ပွဲဖြစ်
အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်၊ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
သျှစ်သောင်းပုထိုးတော်အနီးက မြောက်ဦးဟိုတယ်နဲ့ နဝရတ်ဟိုတယ်ကြား လမ်းမပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်မှာရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ ဈေးဆိုင်တွေ၊ သုံးဘီးသမား၊ ကားသမားတွေနဲ့ စည်ကားတဲ့နေရာကို ဗုံးကျပေါက်ကွဲတာ” လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မြောက်ဦးက နာရေးကူညီမှုအဖွဲ့ဆီပို့ထားပြီး ဗုံးကျပေါက်ကွဲထားတဲ့နေရာကိုတော့ ယာယီသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံကပြောပါတယ်။
မြောက်ဦးမြို့ကို အေအေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး ထိန်းချုပ်ပြီး နှစ်လ ကျော်လောက်ကစလို့ ဒေသခံတွေ မြို့ထဲပြန်ဝင်လာကြတာလို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်(တောင်ပိုင်း)က ကျိန္တလီမြို့အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ အေအေတို့ကြား တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီလို့ သိရပါတယ်။
စစ်တပ်က ကျိန္တလီမြို့ပေါ်က အထပ်မြင့်တိုက်တွေမှာ နေရာယူတပ်စွဲထားသလို မြို့အတွင်းမှာလည်း မကြာခဏ ကင်းလှည့်စစ်ဆေးနေတာတွေရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံက ပြောပါတယ်။
“ခံစစ်ပြင်နေတဲ့သဘော” လို့ သူကဆက်ပြောပါတယ်။
ကျိန္တလီမြို့မြောက်ဘက် ၁၀ မိုင်အကွာ စေတီကွင်းရွာနားအထိ အေအေတပ်တွေ ရောက်လာတာကြောင့် စစ်ကောင်စီဘက်က ခံစစ်ပြင်နေတာလို့ သူက ရှင်းပြပါတယ်။
ကျိန္တလီဒေသခံတွေအပါအဝင် မြို့တောင်ဘက် ဂွမြို့က ဒေသခံတော်တော်များများလည်း ပြီးခဲ့တဲ့လပိုင်းကတည်းက မြို့ကိုစွန်ခွာသွားကြတယ်လို့ စစ်ရှောင်လာသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကတော့ ရခိုင်က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, NUG
မန္တလေးတိုင်းထဲက နွားထိုးကြီးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ မနေ့ ဩဂုတ် ၉ ရက် ညပိုင်းကစပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
နွားထိုးကြီးမြို့ထဲက စစ်ကောင်စီ ရဲစခန်းအနီးမှာ တိုက်ပွဲပြင်းထန်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
“ရဲစခန်းနားမှာ ပစ်နေတဲ့အသံတွေကြားတယ်၊ ဒီနေ့ တိုက်ပွဲပိုပြင်းလာတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
စစ်တပ်ဘက်ကလည်း နွားထိုးကြီးမြို့မကျအောင် ဒီနေ့မနက်ပိုင်းကစပြီး လေကြောင်းပစ်ကူပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
နွားထိုးကြီးရဲ့ တောင်ဘက် တောင်သာမြို့က ဝဲလောင်ဓာတ်အားခွဲရုံလည်း မနေ့ ဩဂုတ် ၉ ရက်ညပိုင်းမှာ မိးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဝဲလောင်ဓာတ်အားခွဲရုံက တောင်သာမြို့ပြင် ပုပ္ပါးသွားတဲ့လမ်းပိုင်းဘေးက ဝဲလောင်ရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာတော့ PDF တွေက ဓာတ်အားခွဲရုံကို ဝင်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ကြပ်ကြီး ၁ ဦး နဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးကျဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
နွားထိုးကြီးမြို့နဲ့ တောင်သာမြို့တို့ကို PDF တွေဘက်က မနေ့ကစလို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲဒီမြို့နှစ်မြို့ကြားမှာရှိတဲ့ မြင်းခြံမြို့ကို ဆက်တိုက်ဖို့ ဦးတည်နေတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မြင်းခြံကိုတိုက်ရင် “စစ်ကူလာမယ့် မြို့တွေကို ဖြတ်တောက်ထားတဲ့သဘော”လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ မန္တလေးတိုင်းထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဉာဏ်ရည်တု (AI) ကို အသုံးချဖို့ စစ်ကောင်စီပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီက ဉာဏ်ရည်တုနည်းပညာ AI Usage Policy ကို ရေးဆွဲနေပြီး ဝန်ကြီးဌာနတချို့မှာ AI ဆိုင်ရာ အခြေခံအသိပညာပေးပွဲတွေကို ဝန်ကြီးဌာနတချို့မှာ စတင်ပြုလုပ်နေပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနက နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်ဆွေးနွေးနေတာ ဖြစ်ပါတယ်။
နိုင်ငံတော်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ နဲ့ ဒစ်ဂျစ်တယ်နည်းပညာသစ်တွေ လျင်မြန်စွာ ပြောင်းလဲမှုကို လိုက်လျောညီထွေရှိစေဖို့ “Myanmar e- Governance Master Plan 2030” ကို ရေးဆွဲထားပြီးပြီလို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာကံဇော်က ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲကို ညွှန်ကြားရေးမှူးချုပ်တွေ နဲ့ အဆင့်မြင့်အရာရှိကြီးတွေပါ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအပြင် နေပြည်တော် နည်းပညာတက္ကသိုလ် နဲ့ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခတွေပါ ဆွေးနွေးခဲ့ကြပါတယ်။
အလယ်ပိုင်းတိုင်းမှူး ပြင်ဦးလွင်ကို နေ့ချင်းပြန်သွား

ဓာတ်ပုံ ရင်းမြစ်, mrtv
ရဲချုပ်အသစ်လည်း ရောက်နေ
ပြင်ဦးလွင်မြို့ကို တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန္တလေးအခြေစိုက်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပြင်ဦးလွင်မှာရှိတဲ့ တပ်တွေကို မနေ့က သွားရောက်တွေ့ဆုံခဲ့တယ် လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြင်ဦးလွင် တပ်နယ်မှူး နဲ့ တွေ့ပြီး တိုင်းမှူးက နေ့ချင်းပြန်သွားတယ် လို့ သိရပါတယ်။
‘’မန္တလေးကိုလည်း လွှတ်ထားလို့မရဘူး။ ယာဉ်တန်းနဲ့ နေ့ချင်းပြန်တာ၊ ဇီးပင်ကြီး(နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်)ကိုလည်း ဝင်သွားတယ်’’ လို့ ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။
နောင်ချိုအထိ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေက နယ်မြေချင်းထိစပ်နေတဲ့ ပြင်ဦးလွင်ကို ဝင်ရောက်တိုက်ခိုက်မယ် လို့ သတင်းတွေထွက်ပေါ်နေလို့ ပြင်ဦးလွင်မြို့ခံတချို့ စစ်ဘေးရှောင်တာတွေ ရှိလာတဲ့ နောက် တိုင်းမှူးသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။
မနေ့က ပြင်ဦးလွင်မှာ ရဲချုပ်အသစ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး လည်း ရောက်နေပြီး ဒုတိယရဲအုပ်လောင်း စုစုပေါင်း (၃၄၆) ဦးကို သင်တန်းဆင်းပေးခဲ့ပါတယ်။
ရဲချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရှမ်းပြည်နယ်စစ်ဆင်ရေးအတွက် တာဝန်ရှိတဲ့ အမှတ်(၂)အထူးစစ်ဆင်ရေးအဖွဲ့မှူး တာဝန်ပေးပြီးတဲ့နောက် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက ရဲချုပ်အသစ်ဖြစ်လာတာပါ။
သပိတ်ကျင်းက တပ်စခန်း ၅ ခုကို PDF သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, MDY - PDF
သပိတ်ကျင်းမြို့ထဲက ကွင်း (၃၀) ရွာတပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုးကုန်းတပ်စခန်း၊ ဝက်သေရွာ တပ်စခန်း စတဲ့ တပ်စခန်း ၅ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားတယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။
အဲဒီတပ်စခန်းတွေက သပိတ်ကျင်းမြို့နယ်ရဲ့ တောင်ဘက်ခြမ်း၊ မန္တလေး-မိုးကုတ် လမ်းမပေါ် ချောင်းကြီးရွာနဲ့ ဇရပ်ကွင်းရွာကြား၊ ရွှေတောဒေသထဲမှာရှိတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။
ဒ့ါအပြင် သပိတ်ကျင်းနဲ့ ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ ဇရပ်ကွင်းရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY- PDF) တို့ကြား ဒီကနေ့ ဩဂုတ် ၁၀ ရက်အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MDY PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ရွာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။
ဩဂုတ်ပထမအပတ်ကတည်းက သပိတ်ကျင်းတောင်ဘက်ပိုင်းမှာ တိုက်ပွဲတွေစပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိလို့ ဒေသခံတချို့က ပြောပါတယ်။
“သေတဲ့လူတွေရှိတယ်။ ဖုန်းလိုင်းတွေက မရတော့ အရေအတွက်တွေ အတိအကျမသိရဘူး” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
သပိတ်ကျင်းက တပ်စခန်း ၅ ခု သိမ်းပိုက်ခံလိုက်ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။








