ဟေတီကို အမေရိကန်သေနတ်တွေ ဘယ်လိုစီးဆင်းနေလဲ

    • ရေးသားသူ, ယာကီ ဝိတ်ဖီးလ်၊ ခရစ္စတိုဖာ ဂျီးစ်နဲ့ ဂျိုရှဝါ ချီသန်
    • ရာထူးတာဝန်, Global Disinformation Unit၊ ဘီဘီစီကမ္ဘာတလွှား

ကုန်တင်သင်္ဘောကြီး တစ်စင်းပေါ်မှာ ဆင့်ထားတဲ့သံချေးတက် ကုန်သေတ္တာ တွေထဲက တစ်လုံးထဲမှာ အစားအသောက်နဲ့ အဝတ်ထုတ်တွေကြား ကတ်ထူသေတ္တာ ၂ လုံးထဲ သိုဝှက်ရောနှောထည့်ထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်နဲ့ ပစ္စတိုတွေ ဟေတီကို ရောက်လာခဲ့ပါတယ်။

ဒီသနတ်တွေက အမေရိကန်က လာတာပါ။ ဂိုဏ်းတွေကြား လက်နက်ယှဉ်ပြိုင်ကြလို့ မတည်မငြိမ်ဖြစ်နေတဲ့ ကာရေဘီယံကျွန်းနိုင်ငံလေး ဟေတီအတွက်တော့ အမေရိကန်ဟာ လက်နက်တွေရတဲ့နိုင်တဲ့ ''စူပါမားကတ်'' လို့တောင် အကဲခတ်တစ်ယောက်က ရည်ညွှန်းပါတယ်။

ဘီဘီစီ ကမ္ဘာတလွှားဌာနနဲ့ ဘီဘီစီ Verify အဖွဲ့တို့က အဲဒီသေတ္တာ ၂ လုံးရဲ့ခြေရာကို ကောက်ခဲ့ရာကနေ ဟေတီကို အမေရိကန် လက်နက်တွေ ဘယ်လိုရောက်လဲဆိုတာကို သိခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ တင်ပို့မှု ပိတ်ဆို့ချက်ရှိနေပေမဲ့ လျော့ရဲနေတဲ့ ဥပဒေတွေနဲ့ စစ်ဆေးမှုတွေ၊ ကုန်ကူးသူတွေရဲ့ လက်သိပ်ထိုးမှုတွေကြောင့် ဒီလိုလက်နက်တွေ စီးဆင်းနေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဖမ်းဆီးခြင်း

ချေမှုန်းရေးရိုင်ဖယ် ၁၂ လက်၊ ပစ္စတို ၁၄ လက်နဲ့ ကိုးသုံးလုံး ယမ်းထောင့်တွေပါတဲ့ သေတ္တာ ၂ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဟေတီ ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ကြေညာ ပါတယ်။

ရဲဓာတ်ပုံအရတော့ အမေရိကန်အခြေစိုက် ထုတ်လုပ်ရေး လုပ်ငန်း ၂ ခုက လက်နက်တွေဆိုတာကို ရှင်းရှင်းလင်းလင်းသိထားရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဖော့ထ် လော်ဒါဒေးကနေ ဟေတီမြောက်ဘက်က ကပ် ဟေတီယန်အထိ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင်) လောက်ဝေးကွာတဲ့ ခရီးကို ရိန်နာ ဒီ ကုန်တင်သင်္ဘောနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီကုန်တင်သင်္ဘောကို ဖော့ထ် လော်ဒါဒေးက ဂိုထောင်ဆိပ်ကမ်းမှာ ကုန်ဖြည့်တာလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ ဟေတီအပေါ်မှာ ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို စောင့်ကြည့်ပြီး အခုကုန်တင်မှုကို စုံစမ်းဖို့ တာဝန်ပေးခံထားရတာ ဖြစ်ပါတယ်။

အမေရိကန်ရောက် ဟေတီနိုင်ငံသားတွေဟာ ဟေတီမှာ လိုအပ်နေတဲ့ အစားအစာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သင်္ဘောတွေနဲ့ ပို့ဆောင်လေ့ရှိပါတယ်။

အနက်စ်တင်း ပရီဒက်စ်တင်း ဆိုတဲ့ အမျိုးသားတစ်ဦးက သူဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အဲဒီကွန်တိုင်နာ သင်္ဘောမှာ နေရာတစ်နေရာကို ငှားရမ်းခဲ့တယ်လို့ မိုင်ယာမီ သံတော်ဆင့် သတင်းစာကို ပြောခဲ့ပါတယ်။

"ဒိုင်ယာမော်တီနို" အမည်နဲ့ လူတစ်ယောက်က အဝတ်အစားတွေထည့်ထားတယ်လို့ ပြောတဲ့ သေတ္တာ ၂ ခုကို သူ့ကို ပေးခဲ့တယ်လို့လည်း သူက သတင်းစာကို ပြောပါတယ်။ အဲဒီနောက်မှာ ကွန်တိန်နာထဲ လက်နက်တွေပါသွားတယ်ဆိုတာ သိရပြီးနောက်မှာတော့ သူ့အနေနဲ့ အထိတ်လန့်ကြီး ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

မစ္စတာ ပရီဒက်စ်တင်းကို ဘီဘီစီက အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

သေနတ်တွေကို ဘယ်ကနေ ဝယ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ သေနတ်တွေကို ဟေတီကနေ ထုတ်လုပ်ခဲ့တာမျိုးမဟုတ်သလို၊ ပြီးခဲ့တဲ့ ဖမ်းဆီးရ မိခဲ့တုန်းကတော့ ဖလော်ရီဒါက ဝယ်ခဲ့တဲ့ သေနတ်တွေ ပါဝင်နေတာပါ။

သေနတ်မြို့တော်လို့ တစ်ခါတရံမှာ အမည်မှည့်ခေါ်ရလောက်အောင် ၂၀၂၄ ခုနှစ်အထိ တိုင်အောင် ဖလော်ရီဒါပြည်နယ်ဟာ ကိုယ်ပိုင်၊ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ သေနတ်တွေကို လိုင်စင်မဲ့ရောင်းချနိုင်တာ၊ ဥပမာအားဖြင့် အွန်လိုင်းကနေကို သေနတ်တွေပြပွဲလုပ် ရောင်းတာ၊ ဝယ်သူရဲ့နောက်ခံဇာတ်ကြောင်းကို စိစစ်တာမျိုးမရှိတာ စတာမျိုးတွေ လုပ် ဆောင်ခွင့်ပြုထားတဲ့ ပြည်နယ်ပေါင်း ၃၀ ထဲက တစ်ခုဖြစ်ပါတယ်။ နောက်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သေနတ်ကိုင်ဆောင်တာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တင်းကျပ်ခဲ့ပါတယ်။

အမေရိကန် ထိုင်တဲ့ ဟေတီနိုင်ငံသား ၂ ဦးဟာ ဟေတီရဲတပ်ဖွဲ့သိမ်းမိခဲ့တဲ့ ဒီလက်နက်တွေကို သူတို့ကိုယ်စား ဝယ်ပေးမယ့်သူတွေကို ကြားခံသုံးခဲ့တယ်လို့ ကုလသမဂ္ဂ လေ့လာရေးအဖွဲ့က ပြောပါတယ်။

"ပုရွတ်ဆိတ်လို ကုန်ကူးခြင်း'' လို့ခေါ် တဲ့ လုပ်ထုံးလုပ်နည်းနဲ့ သေနတ် ပမာဏနည်းနည်းကို အကြိမ်ကြိမ် လွှဲပို့တဲ့နည်းလမ်းကို သုံးနေကြတာလို့ အကဲခတ်တွေက ပြောပါတယ်။

သင်္ဘောနဲ့ပို့ဆောင်ခြင်း

အဲဒီကွန်တိန်နာကို ဖလော်ရီဒါအခြေစိုက် Alliance International Shipping သင်္ဘောကုမ္ပဏီကို အသုံးပြုပြီး ပို့ခဲ့တာလို့ ဟေတီရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကုမ္ပဏီဟာ ဟေတီကိုသွားတဲ့ သင်္ဘောတွေကို ပိုင်တာတော့မဟုတ်ပါဘူး။ အဲဒီအစား သင်္ဘောတွေပေါ်မှာ နေရာလွတ်တွေကို ဝယ်ပြီး မစ္စတာ ပရီဒီစ်တင်းလို လူတွေကို ပြန်ရောင်းတာဖြစ်ပါတယ်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဂရက်ဂေါ်ရီ မိုရဲကတော့ ကုမ္ပဏီဟာ ဖောက်သည်တွေကို ကွန်တိန်နာအလွတ်တွေကို ရောင်းတာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ဘီဘီစီကို စာနဲ့ ပြန်ဖြေကြားပါတယ်။

"ဝမ်းနည်းစရာက ကုန်ပစ္စည်းတွေကို သင်္ဘောသုံးပြီး တရားမဝင် သယ်ဆောင်နေတာကို တားဆီးဖို့ နည်းလမ်း ကျွန်တော်တို့မှာ မရှိပါဘူး" လို့ သူကပြောပါတယ်။ ကုမ္ပဏီအနေနဲ့ အာဏာ ပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို၊ ဟေတီကလာတဲ့ ဝန်ထမ်းအများအပြားလည်းရှိပါတယ် လို့ လည်း သူက ဆိုပါတယ်။

"ဝမ်းနည်းစရာကတော့ ဟေတီမှာဖြစ်တဲ့ သေနတ်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုမှာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်က သားကောင်ဖြစ်နေတယ်'' လို့ သူက ပြောပါတယ်။

အမေရိကန်ကနေ ထွက်ခွာမှု

အမေရိကန်ကနေ ထွက်ခွာတဲ့ အခုသင်္ဘောကိစ္စမှာ ဆိပ်ကမ်းကနေ မထွက်ခွာခင် သင်္ဘောကို စစ်ဆေးခဲ့မှု ရှိ မရှိကို ဘီဘီစီက အမေရိကန် အကောက်ခွန်ဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်မှုမရခဲ့ပါဘူး။

အမေရိကန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စစ်ဆေးရှာဖွေတာတွေကို တိုးမြှင့်ခဲ့ပေမဲ့ တောင်ဖလော်ရီကနေ ဟေတီကို အပတ်စဥ် ထွက်တဲ့ ကွန်တိန်နာအလုံးရေ ၂၀၀ လောက်မှာ အများစုဟာ အစစ်အဆေးမရှိဖြစ်နေတယ်'' လို့ ကုလသမဂ္ဂ စုံစမ်းရေးဖွဲ့က ပြောပါတယ်။

အရက်၊ ဆေးရွက်ကြီး၊ အပေါ့စားလက်နက်နဲ့ ပေါက်ကွဲစေတဲ့ ဆိုင်ရာပစ္စည်းများ ဆိုင်ရာအမေရိကန်ဗျူရိုရဲ့ အငြိမ်းစားအရာရှိ ဘေလ်ကောမန်းကတော့ ဆိပ်ကမ်းက ခွာတဲ့ ကုန်တင်သင်္ဘောတွေကို စစ်ဆေးတာဟာ ကျုံရာကျပန်း စစ်ဆေးတာမျိုးဖြစ်သလို အတင်အချလုပ်တဲ့ ပမာဏကလည်း များလှတယ်လို့ ဆိုပါတယ်။

ဟေတီကိုရောက်ရှိခြင်း

ကွန်တိန်နာကို "ပစ်မှတ်ထားရှာဖွေမှု"ကနေပြီး လက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့ရတာလို့ ဟေတီရဲတပ်ဖွဲ့ကပြောပါတယ်။

ဟေတီ အကြီးတန်းအကောက်ခွန် အရာရှိတစ်ဦးဟာ လက်နက်တွေပါတဲ့သေတ္တာ တစ်လုံးကို သူ့ကားပေါ်ကိုတင်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရကာ နောက်ရက်အနည်းငယ်မှာတော့ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ပြောပါတယ်။

အဲဒီသင်္ဘောနဲ့တင်တဲ့ကုန်ပစ္စည်းတွေရောက်လာရင် လက်ခံမယ့်သူလို့ အကောက်ခွန် အချက်အလက်မှာ ပြထားတဲ့ ဝဲလ်မိန်းဂျင်း ဆိုသူ အမျိုးသားကို ရှာနေတုန်းလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟေတီမှာရှိတဲ့ ဘီဘီစီသတင်းအရင်းအမြစ်တွေရဲ့အဆိုအရ အဲဒီလူဟာ လက်ရှိမှာ ထွက်ပြေးနေတဲ့ ပွဲစားဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်နွှယ်သူအဖြစ် သံသယ ဝင်ခံရသူဖြစ်တယ်လို့ နားလည်ရပါတယ်။

ကုလသမဂ္ဂရဲ့ အရင်အစီရင်ခံစာတစ်စောင်မှာဆိုရင် ဟေတီအကောက်ခွန်လုပ်ငန်းဟာ ဝန်နဲ့ အားမမျှတာ၊ အကြီးတန်းအရာရှိတွေကြား ချစားမှုရှိတာနဲ့ ဂိုဏ်းတွေရဲ့တိုက်ခိုက် ခြိမ်းခြောက်မှုတွေကြုံရတယ်လို့ ဆိုပါတယ်။

အခုအကြောင်းအရာတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဟေတီအကောက်ခွန်အာဏာပိုင်တွေကို ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဂိုဏ်းတွေရဲ့ အာဏာ

သင်္ဘောကွန်တိန်နာထဲကို လက်နက်တွေကို ထုတ်ထည့်နေတဲ့အချိန်မှာ ဟေတီမြို့တော် ပေါ့ အူ ပရင့်စ်မှာလည်း ဂိုဏ်းတွေရဲ့အကြမ်းဖက်မှုလှိုင်း ထန်နေချိန်လည်းဖြစ်ပါတယ်။

ဂိုဏ်းတွေဟာ ပင်မထောင်ကြီးကနေ အကျဉ်းသားထောင်ချီကို လွှတ်ပေးခဲ့ပြီး မြို့တော်က ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေကို ပိတ်ထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ဝန်ကြီးချုပ် အေရီယယ် ဟင်နရီဟာ ပြည်ပခရီးစဉ်ကနေ မပြန်လာနိုင်တော့တဲ့အခါ ရာထူးကနေ ဆင်းပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ်မှာ ဂိုဏ်းတွေရဲ့အကြမ်းဖက်မှုကြောင့် ဟေတီမှာ လူ ၅,၆၀၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ လူ ၁ သန်းကျော်၊ နိုင်ငံလူဦးရေးရဲ့ ၁၀ ပုံ ၁ ပုံဟာ သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ရပြီး၊ လူဦးရေရဲ့ ထက်ဝက်လောက်တော့ စိုးရိမ်စရာ ကောင်းအောင် ငတ်မွတ်ခြင်းကိုရင်ဆိုင်ခဲ့ရတယ်လို့ ကုလ အေဂျင်စီတွေက ပြောပါတယ်။ ပြန်ပေးဆွဲမှုနဲ့ ခြိမ်းခြောက်ငွေ တောင်းမှုတွေလည်း ပေါများလာပါတယ်။

ပေါ့ အူ ပရင်စ့်က လက်သမားဖြစ်သူ ဝီလ်ဆင်ဟာ သူ့ အိမ်နားဝန်းကျင်မှာ ဂိုဏ်းတွေ ပိုင်နက် အပိုင်စားရဖို့ ပြိုင်ကြတော့ အဲဒီအခြေအနေကို ထွက်ပြေးဖို့ ကြိုးစားရင်း ခြေထောက်ကို သေနတ်ထိခဲ့ပါတယ်။

"အုတ်အော်သောင်းနင်းဖြစ်ကုန်တယ်။ အိမ်ကနေ အားလုံး ထွက်ပြေးလို့ ပြေးကြပေါ့" လို့ သူက ဘီဘီစီကို ပြောပါတယ်။ "ခြေထောက်က လှုပ်လို့မရတော့ဘူး။ ငုံ့ကြည့်လိုက်တော့ သွေးတွေ ဒရဟော စီးကျနေတာ''

အခုတော့ သူဟာ နောက်ထပ် လူရာချီနဲ့အတူ ကျောင်းတစ်ကျောင်းမှာ ခိုလှုံနေရပါတယ်။

ကင်ညာရဲတပ်ဖွဲ့အရာရှိတွေ အနည်းဆုံး ၈၀၀ လောက်ပါတဲ့ နိုင်ငံတကာလုံခြုံရေးအဖွဲ့တွေရဲ့ အကူအညီပေးခဲ့တာတောင်မှ အာဏာပိုင်တွေက အဲဒီအခြေအနေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်နိုင်စွမ်းအားမရှိခဲ့ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဂိုဏ်းတွေက လွန်ခဲ့တဲ့ ၆ လ အတွင်းမှာ နယ်မြေထိန်းချုပ်လာနိုင်ခဲ့ရာကနေ အခုအချိန်မှာ မြို့တော်ရဲ့ ၈၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်တယ်လို့ ရိုမိန်း လီ ကောက ပြောပါတယ်။ သူဟာ ဂျီနီဗာမြို့မှာ အခြေစိုက်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် စုဖွဲ့ ရာ‌ဇဝတ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင် အစီအစဉ်အတွက် ဟေတီပညာရှင်ဖြစ်ပါတယ်။

အဆင်မြင့်အရည်အသွေးလက်နက်တွေနဲ့အတူ ဂိုဏ်းအဖွဲ့ဝင်တွေက သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ မကြာခဏဆိုသလို ပုံတွေတင်ခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက ဘီဘီစီကို ပြောကြပြီး အချို့သေနတ်တွေဆိုရင် အမေရိကန်လုပ်တွေဆိုတာကို သိသာမြင်သာ စေသလို၊ တချို့လက်နက်တွေဟာလည်း အမေရိကန်မှာ ထုတ်တဲ့ ပုံပေါ် တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သေနတ်တွေနဲ့ လက်နက်ခဲယမ်းတွေဟာ ဟေတီကို "ဆက်ဝင်နေပါတယ်" လို့ မစ္စတာ လီကောကပြောပြီး "မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် ကြီးကြီးမားမား မောင်းနှင်နေတဲ့အရာဖြစ်နေတယ်" လို့လည်း ဆိုပါတယ်။

ရာနဲ့ချီတဲ့သင်္ဘောနဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေ

တူညီတဲ့ပင်လယ်ရေကြောင်း သင်္ဘောလမ်းကြောင်းကို အသုံးပြုပြီး အမေရိကန်ကနေ မှောင်ခိုကူးနေကြတဲ့အတိုင်းအဆကို သိနိုင်ဖို့ ဘီဘီစီဟာ သင်္ဘောကုန်စည်ပို့ဆောင်မှု အချက်အလက်စုစည်းတဲ့ CargoFax နဲ့အတူ အကောက်ခွန်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ပါတယ်။

ဟေတီက ဂိုဏ်းတွေနဲ့ပတ်သက်နေတယ်လို့ စွပ်စွဲခံရပြီး ဒဏ်ခတ်ပိတ်ဆို့မှုအောက် ရောက်နေတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း တစ်ယောက်ချင်းစီနဲ့ လက်နက်မှောင်ခိုကူးမှုလို့ အမေရိကန် ဒါမှမဟုတ် ဟေတီမှာ ဖမ်းဆီးခံရတဲ့နောက်လူတွေ စာရင်းကို ဘီဘီစီက ပြုစုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အမေရိကန်ကနေ ဟေတီကို လွှဲပြောင်းမှုလုပ်တဲ့ ပင်လယ်ရေကြောင်း ခရီးစဉ် မှတ်တမ်းထောင်ချီနဲ့ အဲဒီစာရင်းထဲက နာမည်တွေကို ဘီဘီစီက တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။

အဲဒီစာရင်းထဲက လူ ၂၆ ဦးဟာ သင်္ဘောနဲ့ လွှဲပြောင်းမှု ၂၈၆ ခုမှာ ပစ္စည်းတွေကို လက်ခံမယ့် သူအဖြစ် နာမည်ထွက်လာပါတယ်။ အဲဒီလူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ဒါမှမဟုတ် ဖမ်းဆီးခံရမှု မတိုင်ခင်မှာ စာရင်းထွက်ခဲ့တာပါ။ အဲဒီလွှဲပြောင်းမှုတွေမှာ လက်နက်တွေ ပါ မပါ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စာရင်းမှာ ၂၄ ကြိမ်အထိ လွှဲအပ်လက်ခံသူအဖြစ်ပါသူကတော့ ဟေတီလွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ နောက်ပိုင်းမှာတော့ သေနတ်နဲ့ လက်နက်တွေကိုတရားမဝင် ကုန်ကူးမှုကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ရသူ ပရိုဖိန်း ဗစ်တာဖြစ်ပါတယ်။ သူကတော့ ဇန်နဝါရီလမှာ ဟေတီမှာအဖမ်းခံခဲ့ရပါတယ်။

မှောင်ခိုသမားတွေကို ရပ်တန့်နိုင်မလား

"ပထမဆုံးနဲ့ အဓိကအကျဆုံးဖြစ်တဲ့ အမေရိကန်အာဏာပိုင်တွေက တိတိပပ မလုပ်ကြဘူး" လို့ မစ္စတာလီကော်က ပြောပါတယ်။

လက်နက်ကုန်သည်တွေအနေနဲ့ သင်္ကာမကင်းဖြစ်တဲ့ဝယ်လက်တွေအကြောင်း သတင်းပို့ဖို့ တရားဥပဒေအရ တာဝန်မရှိဘူးလို့ အမေရိကန် AFT ရဲ့ အငြိမ်းစားအရာရှိမစ္စတာ ကောမန်းက ပြောပါတယ်။

အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကိုပြောင်းလဲဖို့ဟာ "နိုင်ငံရေးအရ တကယ်ကို အောင်မြင်ဖို့ခက်ခဲတယ်"လို့ သူကပြောပါတယ်။ ဒါပေမဲ့ အပေါ့စားလက်နက်တွေကို ရောင်းချသူတွေအနေနဲ့ မသင်္ကာစရာဝယ်လက်တွေနဲ့ အချက်အလက်တွေကို မျှဝေမှုမှာ သူတို့ သဘောအလျောက် ကျင့်ဝတ်အရ မျှဝေတာမျိုးကို မြင်လိုတဲ့အကြောင်း ပြောပါတယ်။

လက်နက်မှတ်ပုံတင်တာကိုလည်း ကားမှတ်ပုံတင်တဲ့နည်းတူ လုပ်ဆောင်ဖို့နဲ့ ပြည်နယ် အနည်းငယ်ကနေရာထဲမှာ လုပ်နိုင်ဖို့ အဲဒီကနေမှာ တကယ်ကိုအနှံ့အပြား ကျယ်ပြန့်စွာ လုပ်နိုင်ခဲ့ရင် "တကယ့်ကိုအကူအညီအပြည့်ဖြစ်နိုင်" ပါတယ်လို့ မစ္စတာ ကော်မန်းက ပြောပါတယ်။

သေနတ်ထုတ်သူတွေဟာ သူတို့ သေနတ်တွေ မှောင်ခိုကူးခံရတဲ့အခါ သိကြပြီး ဘယ်ကုန်သည်က ဘယ်မှောင်ခိုသမားကို သေနတ်ရောင်းတယ်ဆိုတာကိုလည်း သိကြတယ်လို့ သေနတ်အကြမ်းဖက်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက် ဥက္ကဋ္ဌ ဂျွန်နသန် လိုဝီကပြောပါတယ်။

"သေနတ်ထုတ်သူတွေဟာ ဒီကုန်သည်တွေကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် အမေရိကန်ကနေ မှောင်ခိုကူးတာတွေကို ချက်ချင်း ရပ်တန့်နိုင်လိမ့်မယ်'' လို့ သူက ပြောပါတယ်။

အမေရိကန်၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ AFT တို့ကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဘာတုန့်ပြန်ပြောဆိုမှုမှ မရခဲ့ပါဘူး။

ဒီပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိစစ်မှုတွေ တိုးလာတာတွေ့ရပေမဲ့ မြင်နိုင်တဲ့ ရလဒ် မတွေ့ရဘူးလို့ မစ္စတာ လီကော်ကပြောပါတယ်။ "ကျွန်တော်တို့ ကုသနိုင်မယ့်ဆေးနည်း သိပါပြီ။ ရောဂါလက္ခဏာတွေက ဘာလည်းဆိုတာလည်း သိနေတယ်။ ဒါပေမဲ့ ဒီရောဂါကို ကုသဖို့ မလုပ်ကြဘူး''

သောမတ်စ် စပန်ဆာ- BBC Verify ကလည်း ပူးပေါင်းရေးသားသည်

ဂရပ်ဖစ် - Daniel Arce-López၊ Jake Friend၊ Kate Gaynor၊ Gerry Fletcher နဲ့ Caroline Souza