ဟေတီသမ္မတ လုပ်ကြံခံရမှု - ရဲနဲ့ လုပ်ကြံမှု သံသယရှိသူတွေ အပြင်းအထန် တိုက်ခိုက်

ကာရစ်ဘီယန်ကျွန်းနိုင်ငံ ဟေတီမြို့တော် Port-au-Prince မှာ သမ္မတ Jovenel Moïse ယိုဗယ်နဲလ် မိုအိဇ်ကို လုပ်ကြံသူတွေလို့ သံသယရှိသူတွေနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီ အဖွဲ့ထဲက ၄ ယောက် သေဆုံးသွားပြီး၂ ယောက်ကို ဖမ်းမိကြောင်း၊ ကျန်တဲ့ လူတွေ လွတ်မြောက်နေဆဲဖြစ်ကာ အဲဒီလူတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေတယ်လို့ ရဲချုပ် Léon Charles က ပြောပါတယ်။ အဲဒီလူတွေကို အသေရရ အရှင်ရရ ရအောင်ဖမ်းမယ်လို့ သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ၅၃ နှစ် အရွယ် သမ္မတ Mr Moïse ရဲ့ နေအိမ်ထဲကို သေနတ်သမားတွေ ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ရာမှာ Mr Moïse သေဆုံးပြီး သမ္မတကတော်လည်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ရဲချုပ်က အဲဒီ လုပ်ကြံသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့ပုံတွေကို ပြောပြရာမှာ ပြစ်မှု ကျူးလွန်သူတွေ ထွက်ပြေးနိုင်တဲ့ လမ်းကို ပိတ်ထားခဲ့ကြောင်းနဲ့ အဲဒီ နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေခဲ့တယ်လို့ သူက ဆိုပါတယ်။

လုပ်ကြံခံရတဲ့သမ္မတ နေအိမ်အနီးမှာ လုံခြုံရေး တိုးမြှင့်ထား

အာဏာပိုင်တွေက ဒီ လူတွေဟာ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားပြီး ရဲ အရာရှိ ၃ ယောက်ကို ဓားစာခံ အဖြစ်ဖမ်းထားခဲ့ကြောင်း အခုတော့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။ ရဲချုပ် Mr Charles ကတော့ ဒေသခံတွေကို အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ပြောထားပါတယ်။

သိက္ခာမဲ့တဲ့ လုပ်ကြံမှု

ယာယီ ဝန်ကြီးချုပ် Claude Joseph က သမ္မတ Mr Moïse လုပ်ကြံခံရတာကြောင့် ဟေတီမှာ ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်လို့ ဆိုပါတယ်။

မြို့တော် Port-au-Prince ရဲ့ အနီးက တောင်ပေါ်မှာ ရှိတဲ့ သမ္မတရဲ့ နေအိမ်ထဲကို လက်နက် အပြည့်အစုံကိုင်ဆောင်ထားတဲ့ လူတွေ မနက် ၁ နာရီလောက်မှာ ဝင်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

Mr Moïse ဟာ အချက်တော်တော်များများ ပစ်ခတ်ခံခဲ့ရပြီး နေရာမှာပဲ သေဆုံးခဲ့ရပါတယ်။ သမ္မတရဲ့ ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာ ၁၂ ချက်တွေ့ရကြောင်း ရာဇဝတ် တရားသူကြီး Carl Henry Destin က Novelist သတင်းစာကို ပြောပါတယ်။

သမ္မတရဲ့ ရုံးခန်းနဲ့ အိပ်ခန်း တွေကို မွှေနှောက်ထားခဲ့ကြကြောင်းနဲ့ သမ္မတကိုလည်း သွေးအိုင်ထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာ ရခဲ့တဲ့ သမ္မတကတော် Martine Moïse ကိုတော့ ဖလော်ရီဒါကို လေကြောင်းကနေ ပို့ပေးခဲ့ပြီ ဖြစ်ကြောင်း စိုးရိမ်ရ ပေမယ့် အခြေအနေကို ထိန်းထားနိုင်ကြောင်း ပြောပါတယ်။

သမ္မတရဲ့ ကလေး ၃ ယောက်ဖြစ်ကြတဲ့ Jomarlie၊ Jovenel Jr နဲ့ Joverlein တို့အားလုံး ဘေးကင်းလုံခြုံတဲ့ နေရာမှာ ရှိနေတဲ့ အကြောင်း အစိုးရဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။

Jomarlie ဟာ သူ့ မောင်ရဲ့ အခန်းထဲ ဝင်ပုန်းနေခဲ့တာကြောင့် လွတ်ခဲ့ကြောင်းနဲ့ အိမ်တော်ဝန်ထမ်း ၂ ယောက်ကိုတော့ လုပ်ကြံတဲ့ သူတွေက ကြိုးတွေနဲ့ တုပ်နှောင်ထားခဲ့ကြတယ်လို့ တရားသူကြီး Mr Destin က ဆိုပါတယ်။

ဘယ်သူတွေက လုပ်ကြံခဲ့တာလဲ

Claude Joseph က ဒီသေနတ်သမားတွေဟာ ကြေးစားတွေ ဖြစ်ပြီး အင်္ဂလိပ်နဲ့ စပိန် ဘာသာ စကားတွေကို ပြောတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟေတီမှာ တရားဝင် ရုံးသုံး ဘာသာသားစကားတွေက ခရီယိုနဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဟေတီရဲ့ ဆက်သွယ်ရေး ဝန်ကြီးကတော့ မသင်္ကာသူတွေထဲမှာ ဟေတီ နိုင်ငံသားတွေလည်း ပါကြောင်း ပြောပါတယ်။ လုပ်ကြံမှုတွေ ဖြစ်ပြီးနောက် ထွက်လာတဲ့ ဗီဒီယိုထဲမှာ အနက်ရောင်တွေ ဝတ်ဆင်ထားတဲ့ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသူတွေက အိမ်အပြင်မှာ အင်္ဂလိပ်လို သူတို့ဟာ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ DEA က ဖြစ်တယ် အားလုံး ဝပ်နေကြဆို အော်နေတာကိုလည်း တွေ့ရပါတယ်။

ဟေတီဆိုင်ရာ အမေရိကန် သံအမတ် Bocchit Edmond ကတော့ သေနတ်သမားတွေက DEA အေးဂျင့် တွေလို ဟန်ဆောင်ထားပေမယ့် ဒီလူတွေဟာ အမေရိကန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေးဂျင့်တွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လမ်းတွေလည်း ခြောက်ကပ်သွား

လတ်တလောမှာ ဟေတီက လမ်းတွေလည်း ခြောက်ကပ်နေပြီး ယာယီဝန်ကြီးချုပ် Claude Joseph ကလည်း လူတွေကို တည်တည်ငြိမ်ငြိမ်ရှိပြီး အပြင်မထွက်ကြဖို့ ပြောထားပါတယ်။ Mr Joseph က အရေးပေါ် အခြေအနေ သီတင်း ၂ ပတ် ကြေညာထားပါတယ်။ ဒါကြောင့် လူစုလူဝေးမလုပ်ဖို့ တားမြစ်နိုင်သလို၊ ရဲအရေးမှာ စစ်တပ်ကိုပါ ခေါ်ယူသုံးစွဲနိုင်ပြီး တခြား အခွင့်အာဏာတွေပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေကလည်း ဒီလုပ်ကြံမှုကို ရှုတ်ချကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ကြံမှုလို့ ပြောသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ကြာသပတေးနေ့မှာ ဒီကိစ္စအတွက် အရေးပေါ် တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ စီစဥ်ထားပါတယ်။

လှိုင်းထန်နေတဲ့ ဟေတီ

သမ္မတ Mr Moïse လုပ်ကြံမခံရခင် ကတည်းက ဟေတီမှာ အခြေအနေတွေက မတည်မငြိမ် ဖြစ်နေခဲ့ပြီး သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေလည်း ကြီးကြီးမားမားကို ရှိနေခဲ့ပါတယ်။

ဟေတီမှာ ဘာလို့ ဆန္ဒပြနေကြသလဲ

ပါလီမန် ရွေးကောက်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလ ကတည်းက ကျင်းပရာမှာ ဖြစ်ပေမယ့် အငြင်းပွားမှုတွေကြောင့် နောက်ကျနေသလို Mr Moïse ကပဲ သမ္မတ အာဏာနဲ့ အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ဝန်ကြီးချုပ်လည်း ၆ ယောက်ပြောင်းပြီး ဖြစ်သလို သူအလုပ်ကြံမခံရခင် ရက်ပိုင်းအလိုဖြစ်တဲ့ တနင်္လာနေ့ကပဲ နောက်ထပ် ၇ ယောက်မြောက် ဝန်ကြီးချုပ်သစ် အဖြစ် Ariel Henry ကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် Ariel Henry ဟာ ကျမ်းသစ္စာ မကျိန်ဆိုရသေးတာကြောင့် သူ့ရှေ့က ဝန်ကြီးချုပ် Claude Joseph ကပဲ ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

လူဦးရေ ၁၁ သန်း ရှိတဲ့ ဟေတီနိုင်ငံမှာ ဆင်းရဲ မွဲတေသူ ၅၉ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၄ ကနေ ၂၀၁၇ အထိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေ တပ်စွဲထားခဲ့ပါတယ်။ ၂၀၁၀ က လှုပ်ခဲ့တဲ့ မြေငလျင်ကြီးကြောင့် လူပေါင်း ၂ သိန်းလောက် သေဆုံးခဲ့ရပါတယ်။

လတ်တလောမှာတော့ ဟေတီမှာ တိုင်းပြည်ကို ဘယ်သူက ဦးဆောင်မယ်ဆိုတာ မသေချာ မရေရာမှုတွေနဲ့ ပြည့်လို့ နေပါတယ်။