ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟေတီမြို့တော်မှာ အရေးပေါ်အခြေအနေကြေညာ - မတ်လ ၄ ရက် နိုင်ငံတကာသတင်းများ
ဟေတီနိုင်ငံ ပေါ်တို ပရန့်စ်မြို့တော်နဲ့ အနီးတဝိုက်မှာ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာနေတာကြောင့် ၇၂ နာရီကြာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
မြို့တော် အကျဉ်းထောင်ကို လက်နက်ကိုင် ဂိုဏ်းတွေ စီးနင်းဝင်ရောက်ပြီး ထောင်ဖောက်ခဲ့တာကြောင့် လူတစ်ဒါဇင်လောက် သေဆုံးခဲ့သလို အကျဉ်းသား ၄,၀၀၀ နီးပါး လွတ်မြောက်သွားခဲ့အပြီး ဗုဒ္ဓဟူးနေ့အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင်ဂိုဏ်း ခေါင်းဆောင်တွေက ဟေတီ ဝန်ကြီးချုပ် အာရီယယ် အန်နရီ ကို ရာထူးကနေ ဖြုတ်ချလိုတယ်လို့ ပြောနေပါတယ်။
ဝန်ကြီးချုပ် အန်နရီဟာ ဟေတီနိုင်ငံမှာ ဥပဒေမဲ့ ဖြစ်နေတဲ့အခြေအနေကို အဆုံးသတ်သွားစေနိုင်ရေးအတွက် ကင်ညာဦးဆောင်တဲ့ နိုင်ငံတကာ အထူးလုံခြုံရေးအဖွဲ့တဖွဲ့ ကူညီစေလွှတ်ပေးရေး ကင်ညာနိုင်ငံမှာ သွားရောက် ဆွေးနွေးပြောဆိုနေခဲ့ရာကနေ ဟေတီနိုင်ငံကို မနေ့ညကပဲ ပြန်ရောက်လာခဲ့တာလို့ သိရပါတယ်။
ဂါဇာစစ်ပွဲ ဒေသတွင်း ပျံ့နှံ့လာနေတာကို ကုလစိုးရိမ်
ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကနေ အရှေ့အလယ်ပိုင်း ဒေသတဝန်းကို ပိုကျယ်ပြန့် ကူးစက်လာနိုင်တဲ့အတွက် အကြီးအကျယ် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ ဗော်လ်ကာ တူရ်ခ် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲကြောင့် လက်ရှိအခြေအနေဟာ မီးပွားလေး တစ်ချက် ကျလိုက်တာနဲ့ ထပေါက်နိုင်တဲ့ ယမ်းအိုးကြီးတစ်ခုလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အစ္စရေး၊ ဟက်ဇ်ဘိုလာနဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေအကြေား စစ်ရေးတိုက်ခိုက်မှု အခြေအနေက အကြီးအကျယ် စိုးရိမ်ရလောက်အောင် ဆိုးရွားလာနေတယ်လို့ သူက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဂါဇာဒေသမှာ သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူချက်တစ်ခု ရလာနိုင်ရေးအတွက် ကိုင်ရိုမြို့မှာ အီဂျစ်နဲ့ ကာတာ နိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှူးတွေက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးနေကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အစ္စရေးညှိနှိုင်းရေးမှူးတွေတော့ မတက်ရောက်ကြဘူးလို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် အဂတိစွဲချက်ကနေ ကင်းလွတ်
ထိုင်းနိုင်ငံမှာ လာဘ်စားမှုနဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နဝပ်ကို ထိုင်းတရားရုံးချုပ်က အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။
အဲဒီ စွဲချက်တွေဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း အစိုးရ ကန်ထရိုက် စာချုပ်တွေ ရယူခဲ့မှုနဲ့ ဆက်နွှယ်နေတာ ဖြစ်ပါတယ်။
ပြည်ပမှာ ထွက်ပြေးခိုလှုံနေဆဲ ဖြစ်တဲ့ ယင်လတ် ရှင်နဝပ်ဟာ တခြားစွဲချက်တွေနဲ့ ဆက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှင်နဝပ် မိသားစုအတွက် ဒီတရားရုံး ဆုံးဖြတ်ချက်ဟာ အခုနောက်ဆုံးရခဲ့တဲ့ ဥပဒေကြောင်း အောင်နိုင်မှုဖြစ်ပါတယ်။
ယင်လတ်ရဲ့ အကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ဟာလည်း အကျဉ်းကျနေရာကနေ ဖေဖော်ဝါရီလတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
သူဟာ ပြည်ပမှာ ကာလတာရှည် ထွက်ပြေးခိုလှုံနေခဲ့ရာကနေ မနှစ်တုန်းက ထိုင်းနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ သူတို့ မောင်နှစ်မ နှစ်ဦးရဲ့ နိုင်ငံရေးပါတီက အာဏာ ပြန်ရထားပါတယ်။
နှစ် ၃၀ ကြာ ကျင်းပလာတဲ့ သတင်းစာရှင်းပွဲ တရုတ်အစိုးရဖျက်သိမ်း
တရုတ်နိုင်ငံမှာ ဝန်ကြီးချုပ် ဦးဆောင်ပြီး နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ ကျင်းပလေ့ရှိတဲ့ နှစ်ပေါင်း ၃၀ ကြာ အစဉ်အလာကို ချိုးဖောက်ပြီး တရုတ်အစိုးရက သတင်းစာရှင်းလင်းပွဲ မကျင်းပဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို အင်္ဂါနေ့မှာ စတင်မယ့် နှစ်ပတ်လည် ပါလီမန်အစည်းအဝေး အပြီးမှာ ပြုလုပ်လေ့ ရှိပြီး ၁၉၉၃ ခုနှစ်က စပြီး နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားသား သတင်းထောက်တွေအပါအဝင် သတင်းထောက်တွေကို ဖိတ်ကြားလေ့ရှိပြီး အဲဒီပွဲမှာ ဝန်ကြီးချုပ်ကို ကိစ္စရပ်အတော်များများအပေါ် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်နိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေအတွင်းမှာတော့ ဒီသတင်းစာရှင်းလင်းပွဲကို တရုတ်အစိုးရက ထိန်းချုပ်မှုတွေ လုပ်လာခဲ့ပြီး မေးခွန်းပေးထားတာမျိုးတွေ ပိုလုပ်လာခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို အခုနှစ်မှာ ကျင်းပမှာ မဟုတ်သလို နောင်မှာလည်း ကျင်းပတော့မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။