တူရကီသမ္မတ အာဒိုဝမ်အတွက် အခက်ခဲဆုံး ရွေးကောက်ပွဲ

တူရကီ သမ္မတ ရီဂျပ်တိုင်ရစ် အာဒိုဝမ်ဟာ နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။

မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲမှာ သူ့ကို အတိုက်အခံ ပါတီ ၆ ခုက ပူးပေါင်းယှဉ်ပြိုင်မှာ ဖြစ်သလို ပြိုင်ဘက် ကာမဲလ် ကလီဒါရိုဂလူကို ရွေးကောက်ခံ သမ္မတလောင်း အဖြစ် ရွေးချယ်ထားကြပါတယ်။

တူရကီ နိုင်ငံဟာ သမ္မတ အာဒိုဝမ် လက်အောက်မှာ တစ်ပါတီအာဏာရှင် အဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့တဲ့ အတွက် ဒါကို အတိုက်အခံတွေက ဒီမိုကရေစီ စနစ်ကို ပြန်ရောက်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့ရသလို ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် သမ္မတ အာဒိုဝမ်ကို လူကြိုက်များမှုကလည်း ကျဆင်းနေပါတယ်။

မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မဲထက်ဝက်ကျော် ရရှိမှ သမ္မတ အဖြစ်ရွေးချယ်ခံရမှာဖြစ်ပါတယ်။ တကယ်လို့ မဲရရှိမှု မပြတ်သားရင်တော့ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ၂ ပတ်အကြာမှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

သမ္မတ အာဒိုဝမ်ရဲ့ ရွေးကောက်ပွဲ စိန်ခေါ်မှု

တူရကီမှာ မဲဆန္ဒရှင်တွေဟာ နှစ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မစ္စတာ အာဒိုဝမ် အနေနဲ့ ဒီနှစ်လောက် တစ်ခါမှကျဉ်းထဲကျပ်ထဲ ကျရောက်ခဲ့ဖူးတာ မရှိပါဘူး။ ကနဦး ရွေးကောက်ပွဲ စစ်တမ်းတွေ အရ အဓိကပြိုင်ဘက်က အသာရနေပြီး အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူဟာ စိန်ခေါ်မှု ဖိအားတွေအောက်မှာ ကျရောက်နေပါတယ်။

သူခေါင်းဆောင်တဲ့ အေကေပါတီဟာ ၂၀၀၂ ခုနှစ်မှာ အာဏာ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူက တူရကီကို ၂၀၀၃ ခုနှစ်မှာ စတင်အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။ ၅ သန်းနီးပါး ရှိတဲ့ ပထမဆုံး မဲပေးမယ့် မျိုးဆက်သစ် ဆန္ဒမဲရှင်တွေဟာ တခြား ခေါင်းဆောင်ကို တခါမှ မကြုံဖူးကြပါဘူး။

မစ္စတာ အာဒိုဝမ်ဟာ ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခဲ့သူပါ။ ၂၀၁၄ ခုနှစ်မှာတော့ သမ္မတ ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အာဏာသိမ်းမှုကို တန်ပြန်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ အာဏာလုပ်ပိုင်ခွင့်တွေ သိသာထင်ရှားစွာ ပိုတိုးလာပါတယ်။

အခုတော့ သူဟာ ကျယ်ပြောလှတဲ့ နန်းတော်ကနေ တိုင်းပြည်ကို အုပ်ချုပ်နေပြီး သတင်း မီဒီယာတွေကိုလည်း သူ့ရဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားပါတယ်။

ငွေကြေးဖောင်းပွမှုတွေ အတွက် အတိုးနှုန်း တိုးမြှင့်တင်ဖို့ ငြင်းဆန်လေ့ရှိတဲ့သူ့ကို တူရကီတွေရဲ့ ပြစ်တင် ဝေဖန်မှုတွေကလည်း တိုးပွားလာနေပါတယ်။ တူရကီမှာ တရားဝင် ငွေကြေး ဖောင်းပွမှုက ၅၀ ရာခိုင်နှုန်း အထက်သာရှိတယ် ဆိုပေမဲ့ ပညာရှင်တွေကတော့ ၁၀၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေပြီလို့ ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ မြေငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့မှုအတွင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့တဲ့ အပေါ်မှာ သမ္မတ အာဒိုဝမ်ရဲ့ ပါတီကို လူတွေက ဝေဖန်နေကြပါတယ်။ တခါ ဒီနှစ်အစောပိုင်းမှာ ပြန်လည်တည်ဆောက်ရေးအတွက် လိုက်လျောညီထွေရှိမဲ့ ဥပဒေတွေကို မလုပ်ဆောင်ခဲ့တဲ့အတွက် အဝေဖန်ခံနေရပါတယ်။

မြေငလျင်ကြောင့် ဒေသ ၁၁ ခုက သန်းနဲ့ချီတဲ့ တူရကီတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ မစ္စတာ အာဒိုဝမ်ရဲ့ ပါတီကို အဓိက ထောက်ခံသူတွေဖြစ်ကြပြီး ဒီအခြေအနေတွေကြောင့် နိုင်ငံ အရှေ့ပိုင်းမှာ မဲ မရတာမျိုးလည်း ရှိနိုင်သလို အပြတ်အသတ် နိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

အေကေ ပါတီဟာ အစ္စလာမ် ဘာသာရေးကို အခြေခံတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် တူရကီ အစွန်းရောက် အမျိုးသားရေး ပါတီ MHP နဲ့လည်း မဟာမိတ် လုပ်ခဲ့ပါတယ်။

အတိုက်အခံ ပါတီ ၆ခု - သမ္မတလောင်း တစ်ယောက်

အသက် ၇၄ နှစ်အရွယ် ကာမဲလ် ကလီဒါရိုဂလူ ဟာ ပညာတတ်အသိုင်းအဝိုင်းက ပြိုင်ဘက်တစ်ဦး ဖြစ်ပြီး ရွေးကောက်ပွဲပေါင်းများစွာကို ရှုံးနိမ့်ခဲ့တဲ့ အဓိက အတိုက်အခံ ရီပတ်ဘလီကန် ပြည်သူ့ပါတီ (CHP) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခြားနားမှု ရှိနိုင်ပါတယ်။ သူက အတိုက်အခံ နိုင်ငံရေးပါတီ ၆ ခုကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်မှာပါ။ သူဦးဆောင်တဲ့ ဗဟို လက်ယာယိမ်း တူရကီ အမျိုးသားကောင်းစားရေး ပါတီနဲ့ အတူ လက်ရှိ သမ္မတရဲ့ မဟာမိတ်ဟောင်း အာဏာရ အေကေပါတီကို စတင် တည်ထောင်ခဲ့သူတွေရဲ့ တခြားပါတီ ၄ ခုလည်း ပါဝင်ပါတယ်။

ထူးခြားချက်ကတော့ မစ္စတာ ကလီဒါရိုဂလူကို တူရကီရဲ့ ဒုတိယအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ကာ့ဒ်လိုလားသော HDP ပါတီက ပြတ်သားစွာ ကျောထောက်နောက်ခံ ပေးထားပြီး အခု ရွေးကောက်ပွဲဟာ တူရကီသမိုင်းမှာ အရေးကြီးဆုံးလို့ အဲဒါပါတီခေါင်းဆောင်က ဆိုထားပါတယ်။

ဘာကြောင့်လဲ ဆိုတော့ HDP ပါတီဟာ ကာ့ဒ် စစ်သွေးကြွေတွေနဲ့ ဆက်နွှယ် နေတယ်ဆိုတဲ့ စွပ်စွဲချက် တစ်ခုကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး အခု လွှတ်တော် ရွေးကောက်ပွဲမှာ Green Left ဆိုတဲ့ ပါတီရဲ့ အောက်ကနေ ဝင်ရောက်ယှဥ်ပြိုင်ရပြီး သမ္မတလောင်း ဝင်ပြိုင်ဖို့ ရွေးချယ်ထားခြင်း မရှိခဲ့ပါဘူး။

အစ္စတန်ဘူလ် နဲ့ အန်ကာရာ မြို့တော်ဝန်တွေဟာ ပိုမို လူကြိုက်များတဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာနိုင်ပေမဲ့လည်း သမ္မတလောင်း အဖြစ် ကလီဒါရိုဂလူ ကို ရွေးချယ်ခဲ့တဲ့ ကိစ္စက လူတွေကြားမှာ ရေပန်းအစားဆုံးတော့ မဟုတ်ပါဘူး။ မြို့တော်ဝန် နှစ်ယောက် စလုံးဟာ သမ္မတလောင်းနဲ့ ပါတီတွင်း လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပါတယ်။ ၂၀၀၉ ခုနှစ် မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြပြီး ၁၉၉၄ ခုနှစ်ကတည်းက သမ္မတ အာဒိုဝမ်ရဲ့ အေကေပါတီဝင်တွေ မြို့တော်ဝန်ရွေးကောက်ပွဲ အနိုင်ရရှိနေမှုတွေကို ချေဖျက်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အလက်ဗီ လူနည်းစုဝင် ဖြစ်တဲ့ သမ္မတလောင်းဟာ နိုင်ငံ့ဝန်ထမ်းဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၂၄ ရက်ဆက်တိုက် ချီတက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ အာဒိုဝမ်ရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုကို ဖီဆန်တဲ့ အကြီးမားဆုံး ဆန္ဒပြမှုအဖြစ် လူတွေက ရှုမြင်ခဲ့ကြပါတယ်။

စားပွဲဝိုင်း ၆ ခုလို့ နာမည်ကြီးတဲ့ သူနဲ့ မဟာမိတ်တွေဟာ မစ္စတာ အာဒိုဝမ်ပြောင်းလဲခဲ့တဲ့ သမ္မတဦးဆောင်တဲ့ နိုင်ငံရေး စနစ် ကနေ လွှတ်တော်ဦးဆောင်တဲ့နိုင်ငံရေး စနစ်ကို ပြန်လည် ပြောင်းလဲဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဒီလို စနစ်ကို ပြောင်းလဲဖို့ဆိုရင်တော့ တူရကီ လွှတ်တော်ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် ၆၀၀ ထဲကမှ အမတ်နေရာ ၄၀၀ အထိ အနိုင်ရရှိဖို့ လိုအပ်ပြီး အနည်းဆုံး အမတ်နေရာ ၃၆၀ အနိုင်ရရှိခဲ့ရင်တော့ လူထု ဆန္ဒခံယူပွဲ ခေါ်ယူခွင့် ရရှိမှာဖြစ်ပါတယ်။

သူရဲ့ မဟာမိတ် ပါတီ ၅ ခုက ခေါင်းဆောင်တွေကလည်း ဒုတိယ သမ္မတ တာဝန်ထမ်းဆောင်ဖို့ကို သဘောတူထားကြပါတယ်။

မဲပြားနေ

တူရကီရဲ့ ရွေးကောက်ပွဲ သဘောထား စစ်တမ်းတွေဟာ အမြဲတမ်း စိတ်ချယုံကြည်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ ပထမ အကျော့မှာတင် အနိုင်ရဖို့ မျှော်လင့်ထားတဲ့ မစ္စတာ ကလီဒါရိုဂလူရဲ့ မျှော်လင့်ချက်တွေဟာ သူ့ရဲ့ ပါတီ လုပ်ဖော်ကိုင်ဖက်ဟောင်း မူဟာရမ် အင့်စ်လည်း သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

အသက် ၅၈ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ အင့်စ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ရီပတ်ဘလီကန် ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။ ၂ နှစ်အကြာမှာတော့ မစ္စတာ ကလီဒါရိုဂလူနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး ပါတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ အမျိုးသားရေး ဝါဒီ အမိမြေ ပါတီကို ဦးဆောင်နေပါတယ်။ အတိုက်အခံပါတီတွေ မဲလျော့နည်းအောင်လို့ သမ္မတ အာဒိုဝမ်ရဲ့ အစီအမံနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်တာဆိုတဲ့ စွပ်စွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ မစ္စတာ အင့်စ်ဟာ လူမှုကွန်ရက် မီဒီယာတွေမှာ အခိုင်အမာ ပရိသတ်ရရှိထားပြီး အထူးသဖြင့် သူ့ရဲ့ TikTok အက နဲ့ လှုပ်ရှားမှုတွေကြောင့် လူငယ် မဲဆန္ဒရှင်တွေက သဘောကျနေပါတယ်။

အခုရွေးကောက်ပွဲမှာ ထူးထူးခြားခြား အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ တခြား ကိုယ်စားလှယ်လောင်း တစ်ဦးကတော့ အမျိုးသားရေး အစွန်းရောက် စီနန် အိုဂန် ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့လည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်။

ဘယ်လို မဲပေးကြလဲ

လွှတ်တော် အမတ်နေရာ ၆၀၀ ထဲကို ဝင်ရောက်နိုင်ဖို့ ဆိုရင် ပါတီ တစ်ခုဟာ ဆန္ဒမဲ ၇ ရာခိုင်နှုန်း ရှိဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် မဟာမိတ်ပါတီ အဖွဲ့အစည်းထဲမှာ ပါဝင်နေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် တူရကီမှာ မဟာမိတ်ဖွဲ့မှုတွေဟာ အလွန်အရေးကြီးလာပြီး လတ်တလော ပေါင်းစည်း ထားတဲ့ အတိုက်အခံ ၆ ပါတီက သူတို့ရဲ့ အဆိုပြုချက်ထဲမှာ ပြုပြင်ပြောင်းလဲရေးကို မီးမောင်း ထိုးပြထားပါတယ်။

တူရကီမှာက ကိုယ်စားလှယ်လောင်းအစား အချိုးကျ ကိုယ်စားပြု စနစ်နဲ့ ပါတီစာရင်းကို မဲပေးရတာကြောင့် လွှတ်တော် အမတ်နေရာအတွက် မဟာမိတ် အဖွဲ့အစည်းထက်ပါတီ တစ်ခုစီက မဲရလဒ်နဲ့ တိုက်ရိုက်သက်ဆိုင်တာ ဖြစ်ပါတယ်။

အတိုက်အခံ မဟာမိတ် အဖွဲ့ထဲက နိုင်ငံရေးပါတီငယ် ၄ ခုဟာ အမျိုးသားညီညွတ်ရေးအဖွဲ့ ခေါင်းစဉ် အောက်ကနေ လွှတ်တော် ရွေးကောက်ပွဲ အတွက် အကြီးဆုံးပါတီ နှစ်ခု ဖြစ်တဲ့ CHP ဒါမှမဟုတ် အမျိုးသား ကောင်းစားရေး Good ပါတီ ရဲ့ အောက်ကနေ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ အေကေပါတီကတော့ နောက်ထပ်မဟာမိတ်အဖွဲ့ ပြည်သူ့မဟာမိတ် အဖွဲ့ရဲ့ ပါတီ ဖြစ်ပေမဲ့ သူ့ရဲ့ မဟာမိတ် ပါတီတွေဟာ ရွေးကောက်ပွဲမှာ သီးခြားစီ ဝင်ပြိုင်ကြမှာပါ။

ကာ့ဒ်အမျိုးသားရေး ပါတီ Green Left ဟာ အလုပ်သမား ပါတီအောက်ကနေ အတိုက်အခံ မဟာမိတ် ပါတီ ၆ ခုရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက် ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

သမ္မတ အာဒိုဝမ်ရဲ့ ပြုပြင်ပြောင်းလဲမှု အောက်မှာ အစိုးရအဖွဲ့ကို သမ္မတက ရွေးချယ်ရတာ ဖြစ်တဲ့ အတွက် ဝန်ကြီးချုပ် ရာထူးတာဝန်လည်း မရှိတော့ပါဘူး။ သူ့ရဲ့ ပြည်သူ့ မဟာမိတ်အဖွဲ့ဟာ အခု လွှတ်တော် ရွေးကောက်ပွဲမှာ မဲရလဒ် အများစု အနိုင်မရခဲ့ရင်တော့ သူ့ရဲ့ သမ္မတ အုပ်ချုပ်မှုပိုင်းမှာ ရုန်းကန် ရနိုင်ပါတယ်။

လက်ရှိမှာ မစ္စတာ အာဒိုဝမ် လိုလားတဲ့ ပြည်သူ့ မဟာမိတ် အဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ် ၃၃၄ ဦး ရှိပါတယ်။ မစ္စတာ အာဒိုဝမ်ဟာ သမ္မတ သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု တတိယ အကြိမ် သမ္မတ တာဝန်ယူမယ်ဆိုရ်တော့ တူရကီနိုင်ငံရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တူရကီ YSK ရွေးကောက်ပွဲ ဘုတ်အဖွဲ့က သမ္မတ ရဲ့ ပထမ သက်တမ်းဟာ ၂၀၁၄ မှာ စတင်တာ မဟုတ်ဘဲ ၂၀၁၈ ခုနှစ်မှာ သမ္မတ စနစ်သစ်နဲ့ လွှတ်တော်ရွေးကောက်ပွဲများကို စတင်တာ ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ သူ့ကို ရွေးကောက်ပွဲမှာ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်မှုကို ပိတ်ပင်ဖို့ YSK ရွေးကောက်ပွဲ ဘုတ်အဖွဲ့ကို တောင်းဆိုထားပါတယ်။

နိုင်ငံရေး စနစ်ကို အတိုက်အခံတွေ ဘယ်လိုပြောင်းမလဲ

ကလီဒါရိုဂလူ ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအဖွဲ့ဟာ တူရကီရဲ့ ပါလီမန် စနစ်ကို ပြန်လည်ထူထောင်ဖို့နဲ့ သမ္မတ ရာထူးကို ပြုပြင် ပြောင်းလဲဖို့ လိုလားကြပါတယ်။

နိုင်ငံ့ခေါင်းဆောင်ရဲ့ ဗီတို အာဏာနဲ့ ဥပဒေပြုပိုင်ခွင့်ကို ဖယ်ရှားမယ်၊ ပြီးရင် ရာထူးတာဝန်နဲ့ နိုင်ငံရေး ပါတီများရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ၇ နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ဖို့ ဆန္ဒရှိနေကြပါတယ်။

အတိုက်အခံ ပါတီ ၆ ခု အနေနဲ့လည်း သမ္မတ အာဒိုဝမ် ဆယ်စုနှစ်များစွာကြာအောင် ကြိုးပမ်းခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းရေးကို လိုလားပြီး အမေရိကန်နဲ့ အပြန်အလှန် ယုံကြည်မှုကို ပြန်လည် ရယူချင်ကြပါတယ်။

တူရကီနိုင်ငံမှာ ၂ နှစ်အတွင်း ငွေကြေးဖောင်းပွမှုကို ၁၀ ရာခိုင်နှုန်းအောက်ကို ရောက်စေရမယ်လို့လည်း ကတိပြုထားပြီး ဆီးရီးယား ဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် အိမ်ပြန်နိုင်စေဖို့ကိုလည်း ကတိပြုထားပါတယ်။ လောလောဆယ် တူရကီနိုင်ငံမှာက ဆီးရီးယား ဒုက္ခသည်ပေါင်း ၃.၆ သန်းကို လက်ခံထားတာ ဖြစ်ပါတယ်။