ယူကရိန်းစစ်ပွဲ - ရုရှားအတိုက်အခံခေါင်းဆောင်တွေ ဘယ်ရောက်ကုန်ကြတာလဲ

ဗီတလီရှက်ချန်ကို၊ BBC Monitoring

သမ္မတဗလာဒီမီယာပူတင်ဟာ အခုဆို ရုရှားကို ပြိုင်ဘက်မရှိ အုပ်ချုပ်နေပါတယ်။ တစ်ချိန်တုန်းက သူ့ကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့သူတွေဆိုရင်လည်း ပြည်ပကို ထွက်သွားခဲ့ရတဲ့သူတွေ၊ ထောင်ထဲ ရောက်တဲ့သူရောက်၊ တချို့ဆို အသတ်ခံခဲ့ရသူတွေတောင် ရှိပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတော့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ပူတင်ရဲ့ တိုက်ခိုက်ဖိနှိပ်မှုတွေကြောင့် အတိုက်အခံတွေရဲ့ အသံ ဘာသံမှ မကြားရတော့ပါဘူး။

သမ္မတပူတင်ဟာ သူအာဏာရခါစ သူ့အုပ်ချုပ်မှုအစမှာ ရုရှားနိုင်ငံထဲက နိုင်ငံရေး ရည်မှန်း ချက် ကြီးမားတဲ့ ချမ်းသာကြွယ်ဝတဲ့သူတွေကို သိသိသာသာ အနားခေါ်ယူ အသုံးချခဲ့တာတွေ ရှိပါတယ်။

အတိုက်အခံပါတီတွေကို ငွေကြေးထောက်ပံ့ခဲ့တဲ့ ရုရှားရေနံကုမ္ပဏီကြီး Yukosရဲ့ အကြီးအကဲ မီခေးလ် ခိုဒေါကော့စကီး အခွန်ရှောင်မှု၊ ခိုးမှုတွေနဲ့ ၂၀၀၃ ခုနှစ်က အဖမ်းခံခဲ့ရပြီး ထောင် ၁၀နှစ် ကျခဲ့ပါတယ်။ သူ ထောင်ကလွတ်ပြီးနောက် ရုရှားနိုင်ငံက ထွက်သွားခဲ့ပါတယ်။

ပူတင် အာဏာရလာအောင် အကူအညီပေးခဲ့တဲ့ သူဌေးကြီး ဘောရစ်ဘရာဇောစကီးကတော့ နောက်ပိုင်းမှာ ပူတင်နဲ့သဘောထားမတိုက်ဆိုင်မှုတွေဖြစ်ပြီး ၂၀၁၃ ခုနှစ်က ယူကေမှာ ပြည်ပြေး ဘဝနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ရုရှားနိုင်ငံထဲက အဓိက မီဒီယာအားလုံးဟာလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက် တဖြည်းဖြည်း ရောက်သွားပါတယ်။

အလက်ဇီ နာဗယ်လ်နီ

ပူတင်ကို ဆန့်ကျင်နေတဲ့ ရုရှားနိုင်ငံထဲက အထင်ရှားဆုံးအတိုက်အခံပုဂ္ဂိုလ်ကတော့ အလက်ဇီ နာဗယ်လ်နီ ဖြစ်ပါတယ်။ ပူတင်ဟာ လူထောင်ပေါင်းများစွာ သေကျေ ပျက်စီးအောင်လုပ်တဲ့သူ၊ ရာဇဝတ်ကောင်၊ စစ်ပွဲလိုလားသူလို့ နာဗာလ်နီက ထောင်ထဲကနေ စွပ်စွဲနေပါတယ်။

နာဗယ်လ်နီ ဆိုက်ဘေးရီးယားကို ခရီးထွက်တဲ့အချိန် ၂၀၂၀ သြဂုတ်လက အာရုံကြောတွေကို ထိခိုက်နိုင်တဲ့ နိုဗီချော့အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဆိပ်ဒဏ်က ပြင်းထန်လွန်းလို့ ဆေးကုသမှုခံယူဖို့ ဂျာမနီနိုင်ငံထိတောင် သွားခဲ့ရပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ရုရှားနိုင်ငံကို သူ ပြန်လာပြီးနောက် လိမ်လည်မှု၊ တရားရုံး မထီမဲ့မြင်ပြုမှုတွေနဲ့ စွဲချက်တင်ပြီး ချက်ချင်း ဖမ်းဆီးခံခဲ့ရပါတယ်။

အခု ရုရှားမှာ သူ ထောင်ဒဏ်ကိုးနှစ် ကျခံနေရပြီး သူ့အကြောင်းရိုက်ကူးထားတဲ့ အော်စကာဆုရ မှတ်တမ်းရုပ်ရှင်ကြောင့် လူတွေက သူ့ကို အာရုံပြန်စိုက်လာကြပါတယ်။

နာဗယ်လ်နီဟာ ၂၀၁၀ နှစ်တွေအတွင်းက ရုရှားအစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြချီတက်ပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အဓိက နိုင်ငံရေးပလက်ဖောင်း အကျင့်ပျက်ခြစား မှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း (FBK)အဖွဲ့ ထုတ်ဖော်ပြသမှုတွေကနေ အွန်လိုင်းမှာ ကြည့်ရှုသူ သန်းပေါင်းများစွာအထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ သူ့ရဲ့ FBKအဖွဲ့ဟာ အစွန်းရောက်အဖွဲ့အစည်းအဖြစ် ကြေညာခံခဲ့ရပါတယ်။ ဒီစွပ်စွဲချက်ကို နာဗယ်လ်နီက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး သူတို့အဖွဲ့ကို နိုင်ငံရေးရည်ရွက်ချက်နဲ့ အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲတာလို့ နာဗယ်လ်နီက တုံ့ပြန်ပါတယ်။

နာဗယ်လ်နီရဲ့ လုပ်ဖော်ကိုင်ဖက် အများစုကလည်း လုံခြုံရေးအဖွဲ့တွေရဲ့ စောင့်ကြည့်ခံနေရပါတယ်။ အဖွဲ့ အကြီးအကဲဟောင်း အီဗန်ဇာဒါနော့ဗ်၊ FBK အဖွဲ့ ထိပ်တန်း ရှေ့နေဟောင်း လစ်ဘော့ ဆိုဘောနဲ့ ရုရှားနိုင်ငံတစ်ဝှမ်း နာဗယ်လ်နီတို့ အဖွဲ့ ရုံးခွဲတွေရဲ့ အကြီးအကဲအချို့ လည်း ပြည်ပကို ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

နာဗယ်လ်နီရဲ့ ညာလက်ရုံး လင်းနစ် ဗော့ကော့ဗ်ဟာလည်း ၂၀၁၉ခုနှစ်က ငွေကြေးခဝါချမှုနဲ့ သူ့ကို စွပ်စွဲခဲ့တာကြောင့် ရုရှားနိုင်ငံထဲကနေ ပြည်ပကို ထွက်သွားခဲ့ရပါတယ်။

စစ်ဆန့်ကျင်ရေး

ပူတင်ကို အဓိကဝေဖန်နေတဲ့သူ နောက်တစ်ယောက်ကတော့ ထောင်ထဲရောက်နေတဲ့ အီလီယာ ယာဆင်ဖြစ်ပါတယ်။ သူက ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်သူ တစ်ယောက်ပါ။

၂၀၂၂ ခုနှစ် ဧပြီလက YouTubeက တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ ရုရှားတပ်ဖွဲ့တွေ ကျူးလွန်နိုင်တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ သူက တိုက်တွန်းခဲ့ပြီး သမ္မတ ပူတင်ကိုလည်း “စစ်ပွဲထဲက အဆိုးရွားဆုံး သားသတ်သမား"လို့ ပြောခဲ့ပါတယ်။

အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ရုရှားစစ်တပ်နဲ့ပတ်သက်ပြီး "တမင်တကာ မဟုတ်မမှန်သတင်းတွေ" ဖြန့်ဝေမှု၊တားမြစ်ဥပဒေချိုးဖောက်မှုနဲ့ သူ့ကို ထောင်ဒဏ် ရှစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

သူ့ကိုထောင်ချခဲ့တဲ့ အဲဒီဥပဒေက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီး သိပ်မကြာခင်မှာ ရုရှားပါလီမန်က အလျင်အမြန် ချမှတ်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

ယာဆင်ဟာ သူ အသက် ၁၇ နှစ်အရွယ် ၂၀၀၀ ပြည့်နှစ် ပူတင် အာဏာရလာချိန်ကနေ နိုင်ငံရေးနယ်ထဲ စဝင်လာသူတစ်ယောက် ဖြစ်ပါတယ်။

အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် နှစ်အတန်ကြာ သူလှုပ်ရှားခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ မော်စကိုမြို့၊ ကရာနော့်ဆယ်စကီး ခရိုင်ကောင်စီ အကြီးအကဲအဖြစ် ရွေးကောက်ခံခဲ့ရပြီး ရုရှားအစိုးရကို ဝေဖန်တာတွေလည်း ဆက်လုပ်ခဲ့ပါတယ်။

မော်စကိုမြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလနဲ့ အတိုက်အခံစိတ်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို မှတ်ပုံတင်ခွင့်မပြုခဲ့တာကြောင့် အဲ့ဒါကိုဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ သူပါဝင်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့မှုနဲ့ ၂၀၁၉ခုနှစ်အတွင်းမှာ အဖမ်းခံရပြီး ထောင်ထဲမှာ တစ်လကျော် နေခဲ့ရပါတယ်။

ကိန်းဘရစ်ခ်ျတက္ကသိုလ်ထွက် ဇာနယ်ဇင်းသမား၊ တက်ကြွလှုပ်ရှားသူ ဗလာဒီမီယာ ကာရာ မာဇာဟာလည်း ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆိပ်နဲ့ အတိုက်အခိုက်ခံ ရပြီး မေ့မျောသွားတဲ့အထိဖြစ်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကို ဝေဖန်မှုနဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ သူ ဖမ်းဆီးခံ ခဲ့ရပြီး ရုရှားစစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းအတုတွေ မျှဝေမှု၊ တရားမဝင်အဖွဲ့အစည်းတစ်ခုမှာ ပါဝင်လှုပ်ရှားမှုတွေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်ကြောင်း သူ့ ရှေ့နေက ပြောပါတယ်။

သူဟာ ရုရှားနဲ့ အနောက်တိုင်း မီဒီယာတွေမှာ ပူတင်ကို ဝေဖန်တဲ့ ဆောင်းပါးများစွာ ရေးခဲ့သူ ဖြစ်ပြီး ရုရှားက လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေကို ပစ်မှတ်ထားအရေးယူမယ့် အနောက် နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို အကောင်အထည်ဖော်ဖို့ အတိုက်အခံတွေရဲ့ ၂၀၁၁ ခုနှစ်တွင်းက ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အနောက်နိုင်ငံအများစုက ချမှတ်ခဲ့တဲ့ အဲဒီပိတ်ဆို့အရေးယူမှုကို မဂ္ဂနီစကီး အက်လို့ လူသိများပြီး အဲဒီပိတ်ဆို့မှုဖြစ်လာအောင် ပထမဆုံးလှုံ့ဆော်ခဲ့တဲ့ ရှေ့နေ ဆာဂေး မဂ္ဂနီစကီးကို ရုရှားအစိုးရက လိမ်လည်မှုနဲ့ဖမ်းဆီးခဲ့ပြီးနောက် သူဟာ ရုရှားထောင်ထဲမှာ ၂၀၀၉ ခုနှစ်က သေဆုံးသွားပါတယ်။

ဒီမိုကရေစီတိုက်ပွဲ

ကာရာမာဇာ ဟာ ရုရှားကနေ ထွက်ပြေးနေရတဲ့ သူဌေးကြီး မီခေး ခိုဒေါခေါ့စကီး တည်ထောင်ထားတဲ့ ဒီမိုကရေစီလိုလားတဲ့သူတွေ ဦးဆောင်နေတဲ့ Open Russia အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ရုရှားအစိုးရကသတ်မှတ်ပြီး ၂၀၂၁ခုနှစ်မှာ ပိတ်ပစ် ခဲ့ပါတယ်။ Open Russia အဖွဲ့ အကြီးအကဲ အန်ဒရေ ပီဗော့ဗာရော့ဟာလည်း "တရားမဝင် အဖွဲ့အစည်း" မှာ ပါဝင်ပတ်သက်မှုနဲ့ ထောင်ဒဏ်လေးနှစ် ကျခံနေရပါတယ်။

ကာရာမာဇာဟာလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင်ပေမဲ့ အနည်းဆုံး ဆက်အသက်ရှင် နိုင်သေးတဲ့အတွက် သူ့ရဲ့မိတ်ဆွေ ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ် နမ်ဆော့ဗ်လောက်တော့ မဆိုးဘူးလို့ ပြောရမှာပါ။

ပူတင်ခေတ်မတိုင်မီက နမ်ဆော့ဗ်က နစ်ဇနီ နော့ဂိုရော့ ဒေသအုပ်ချုပ်ရေးမှူး၊ စွမ်းအင်ဝန်ကြီး၊ ပြီးတော့ ဒုတိယဝန်ကြီးချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရုရှားပါလီမန်မှာလည်း လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း သူရဲ့အသံက ရုရှားအစိုးရဆန့်ကျင်ရေးမှာ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဗလာဒီမီယာ ပူတင်ကို ဝေဖန်တဲ့ အစီရင်ခံစာများစွာကို ထုတ်ပြန်ခဲ့သလို ပူတင်ကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲ အများအပြားကိုလည်း ဦးဆောင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ရုရှားက ယူကရိန်းကျူးကျော်မှုကို ဆန့်ကျင်တဲ့ လမ်းလျှောက်ဆန္ဒပြပွဲတစ်ခုအပြီး နာရီပိုင်းအကြာ ကရင်မလင်နန်းတော်အပြင်ဘက် တံတားတစ်ခုကို သူဖြတ်ကူးနေစဥ် သေနတ် လေးချက် ပစ်ခတ်လုပ်ကြံခံရပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့မှာ သူသေဆုံး သွားခဲ့ပါတယ်။

နမ်ဆော့ဗ် လုပ်ကြံခံရမှု အတွက် ချေချင်းနွယ်ဖွား အမျိုးသားငါးဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ၊ ဘာကြောင့်လုပ်ကြံခံရတာလဲဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူ လုပ်ကြံခံရပြီး ခုနစ်နှစ်အကြာ ပေါ်ထွက်လာတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ နမ်ဆော့ဗ်နောက်ကို လျှို့ဝှက်လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အစိုးရအေးအဖွဲ့တစ်ခုက ခြေရာခံလိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။

ဒီ ထိပ်တန်း အတိုက်အခံပုဂ္ဂိုလ်တွေဟာ ရုရှားနိုင်ငံတွင်းက သဘောထားကွဲလွဲမှုတွေကို ပြသနိုင်တဲ့ ပစ်မှတ်ထားခံရတဲ့ ရုရှနိုင်ငံသားအနည်းငယ်ပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ယူကရိန်းကို ရုရှားက အပြည့်အဝ ကျူးကျော်မှု စတင်ချိန်ကစပြီး ရုရှားအခြေစိုက် လွတ်လပ်တဲ့ မီဒီယာတွေကို ကန့်သတ်ချက်တွေ ထပ်လုပ်တာ သို့မဟုတ် ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

သတင်းချန်နယ် TV Rain သတင်းဌာနဆိုရင် ရုရှားနိုင်ငံက ထွက်သွားတဲ့ သတင်းဝက်ဘ်ဆိုက် Meduza နဲ့ ပူးပေါင်းပြီး နိုင်ငံရပ်ခြားကို ပြောင်းရွှေ့သွားပါတယ်။ Novaya Gazeta က မော်စကို မှာ ဆက်ရှိနေပေမယ့် သူတို့ရဲ့ သတင်းစာထုတ်ဝေမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ Echo of Moscow လို မော်စကိုမြို့ အခြေစိုက် ရေဒီယိုအသံလွှင့်ဌာနကိုလည်း ရုရှားအာဏာပိုင်တွေက ပိတ်ပင် ခဲ့ပါ တယ်။

ဝါရင့် စာနယ်ဇင်းသမား အလက်ဇန်းဒါးနက်ဗ်ဇိုရော့တို့လို ရုပ်ပ်မြင်သံကြား သို့မဟုတ် ရေဒီယို တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံသူအများစုဟာ “ပြည်ပအားကိုး”တဲ့သူတွေလို့ ရုရှားမှာ တံဆိပ်ကပ်ခံကြရပါတယ်။ ပြီးတော့ ရုရှားစစ်တပ်ကို ဆန့်ကျင်တဲ့ အတုအယောင် သတင်းမှား တွေဖြန့်ဝေမှုနဲ့ မျက်ကွယ် ထောင်ဒဏ်၈နှစ်ချ ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီလိုအရေးယူခံရတဲ့သူက နက်ဗ်ဇိုရော့တို့လို ပရိတ်သတ် သန်းနဲ့ချီရှိတဲ့ စာနယ်ဇင်း သမားတွေတင်မကပါဘူး။ စစ်ဆန့်ကျင်ရေး တယ်လီဂရမ် ချန်နယ်ကို တည်ထောင်ခဲ့တဲ့ သင်္ချာ ကျောင်းသား ဒီမီထရီအီဗန်နော့ဟာလည်း ရုရှားစစ်တပ်အကြောင်းတွေ အတုအယောင် သတင်း ဖြန့်ဝေမှုနဲ့ ၂၀၂၃ ခုနှစ် မတ်လက ထောင်ရှစ်နှစ်ခွဲချခံခဲ့ရပါတယ်။

ဒါ့အပြင် ၁၃နှစ်အရွယ်သမီးက ကျောင်းမှာ စစ်ဆန့်ကျင်ရေး ကာတွန်းပုံတစ်ပုံဆွဲတာက‌နေ အဲ့ဒီကာတွန်း လူမှုကွန်ယက်ပေါ်ရောက်၊ အဲဒီကနေ စုံစမ်းစစ်ဆေးခံရပြီး ထောင်၂နှစ်ချခံခဲ့ရတဲ့ သမီးတစ်ယောက်အဖေ အလက်ဆီ မော့စကာလက်ကိစ္စလည်း ရှိပါတယ်။

ဗလာဒီမီယာ ပူတင်ဟာ သူ့အာဏာကို စိန်ခေါ်နိုင်တဲ့ ပြိုင်ဘက်တွေ မရှိအောင် ဆယ်စုနှစ် နှစ်ခုကျော် အချိန်ယူလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကို အစီအစဥ်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုရင် သူ့အစီအစဥ် အလုပ်ဖြစ်တယ်လို့ ပြောရမှာပါ။