“ရေမရှိရင် သင်္ကြန်က အဆင်မပြေဘူး”

စစ်အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက်ကျရောက်မယ့် သင်္ကြန်ပွဲတော်မှာ စစ်ကောင်စီက အရင်နှစ်တွေထက် စည်စည်ကားကား ဖြစ်အောင်ကျင်းပ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေပေါ်မှာ မဏ္ဍပ်တွေ ဆောက်လုပ်နေသလို သံချပ်တွေနဲ့ ယိမ်းအကပြိုင်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်အတွက်ပါ ကျင်းပဖို့ ပြင်ဆင်နေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနှစ်သင်္ကြန်ပွဲမှာ တေးသီချင်းသီဆိုမှုအတွက် မူပိုင်ခွင့်ရှိတဲ့ သီချင်းတွေကို အများပြည်သူဖျော်ဖြေဖို့ဖြစ်လို့ အခမဲ့သုံးစွဲခွင့်ပြုဖို့ ပန်ကြားလွှာကို သတင်းစာမှာ ကြေညာထည့်သွင်း ဖော်ပြထားပါတယ်။

“မရှောင်နိုင်လို့ ငြိသွားရင် မတတ်နိုင်ဘူး “ - စစ်ကောင်စီသင်္ကြန်နဲ့ လုံခြုံရေး

တိုင်းနဲ့ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ နေရာတွေမှာ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ ရေကစား မဏ္ဍပ်တွေကို တည်ဆောက်ကြပြီး လုံခြုံရေးအတွက် ဒီနှစ်မှာ နယ်တွေဘက်က စစ်ကောင်စီ စစ်ကြောင်းတွေကို ပြန်လည်ခေါ်ယူတာတွေ ရှိတာကို တွေ့ရတယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

" အခုဆို နယ်တွေဘက်က စစ်ကြောင်းတွေ ပြန်ခေါက်ကုန်ပြီ။ နောက်ဆုတ်ဆုတ်နေပြီ။ မြို့မှာ အထိုင်ချပြီး လုံခြုံရေးတိုးမြှင့်မှာ။ နယ်တွေမှာ အင်အား တဖြေးဖြေးနောက်ဆုတ်နေပြီ"လို့ မန္တလေးမြို့ပြ ယူဂျီအဖွဲ့ဝင်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း လာမယ့် သင်္ကြန်ကာလအတွက် စစ်ကောင်စီက စည်ပင်ရုံး ဗဟိုမဏ္ဍပ်အပြင် ဌာနဆိုင်ရာ မဏ္ဍပ်နဲ့ ကျုံးပတ်လည်တချို့မှာ မဏ္ဍပ်တွေ တည်ဆောက်တာအပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရေပက်ခံ မဏ္ဍပ်တွေတည်ဆောက်ဖို့ ညွှန်ကြားထားတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တချို့ကနေ သိရပါတယ်။

ဒါပေမဲ့ လုံခြုံရေးအရ တာဝန်ယူမှုကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိလဲဆိုတာ ဖြေကြားမှု မရှိခဲ့ပါဘူး။

ဒီနှစ်သင်္ကြန်အတွက် အိမ်ရာ၊ဟိုတယ်နဲ့ စျေးဝယ်စင်တာတွေရှိတဲ့ မင်္ဂလာမန္တလေးမှာလည်း လမ်းလျှောက်သင်္ကြန်နဲ့ မဏ္ဍပ်တချို့ တိုးချဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီထောက်တိုင်တွေကို ပစ်မှတ်ထားတဲ့ မန္တလေး မြို့ပြ ယူဂျီအဖွဲ့တချို့က သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို ရှောင်ကြဖို့၊ အပျော်လွန် မကဲဖို့၊ တိတ်တိတ်လေးပျော်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ယူဂျီအဖွဲ့ဝင်တဦးကလည်း သင်္ကြန်ကာလအတွက် တခုခုဖြစ်ရင် တာဝန်မယူနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

" အစောထဲက ပျော်ရွှင်လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ရှောင်ဖို့ ထုတ်ပြန်ထားပါတယ်။ သူတို့ (စစ်ကောင်စီ)က အဲ့ဒီနေရာမှာ သိန်းထောင်ချီပေးပြီးလုပ်ဖို့ အစီစဉ် ချပြီးပြီကိုး။ ပြည်သူလူထုကို လူမစည် စည်အောင် ဆွဲဆောင်တာလေ။ တကယ်လို့ ပြည်သူကပျော်ချင်ရင် လွတ်လွတ်လပ်လပ်ပျော်ပါ။ သူတို့နဲ့ ဆက်သွယ်ပြီး ပျော်မယ်ဆို မရှောင်နိုင်လို့ ငြိသွားရင် မတတ်နိုင်ဘူးပေါ့။ "

"ပြေးနေရလို့ ဘာမှလုပ်မရဘူး” - တိုက်ပွဲဒေသတွေက သင်္ကြန်

နေအိမ်တွေ မီးရှို့ခံရတာ အိမ်ခြေသောင်းချီရှိနေပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ထိတွေ့မှုရှိနေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီ ရုံးစိုက်တဲ့ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ မဏ္ဍပ် နှစ်ခု၊ သုံးခုသာ မနှစ်က ရှိခဲ့သလို ဒီနှစ်မှာလည်း မဖြစ်မနေ ဗဟိုမဏ္ဍပ်တွေ တည်ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နေစရာအိမ်မရှိတာနဲ့ ထွက်ပြေးနေရလို့ အခါတွင်း ဥပုသ်သီလ ဆောက်တည်ဖို့ပါ အခက်ခဲရှိတယ်လို့ ဆိုပါတယ်။

"ပြေးနေရလို့ ဘာမှလုပ်မရဘူး။ တချို့ရွာတွေ မီးလောင်ထားလို့ အခါတွင်းလည်း ဥပုသ်မစောင့်နိုင်ဘူး ။ မလွယ်ဘူးလေ။ ဘုန်းကြီးက မရှိ။ ဘုန်းကြီးကျောင်းတွေ မီးလောင်။ ဘုန်းကြီးလည်း မနေရဲ။ သင်္ကြန်တွင်း တရားနာဖို့ဆိုတာ မလွယ်တော့ဘူး။ ဘေးမဖြစ်သေးတဲ့ ရွာတွေက သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့"လို့ စစ်ကိုင်းမြို့နယ် ဒေသခံတဦးက ပြောပြပါတယ်။

“ရေမရှိရင် သင်္ကြန်က အဆင်မပြေဘူး” - ရခိုင်က စစ်ကောင်စီနဲ့ အေအေ သင်္ကြန်

ရခိုင်ပြည်နယ်မှာ အပစ်ရပ်ကာလအတွင်းဖြစ်နေတာကြောင့် ဒီနှစ် သင်္ကြန်ပွဲတော်ကို စစ်ကောင်စီကရော ရက္ခိုင့်တပ်တော် အေအေဘက်ကပါ အပြိုင်အဆိုင် ပြင်ဆင်နေကြတာလည်း ရှိနေပါတယ်။

စစ်ကောင်စီ အစိုးရအဖွဲ့ရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေနဲ့ ခရိုင်မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်တွေကို ယခင်နှစ်တွေကထက် တိုးချဲ့ပြီးကျင်းပပြုလုပ်ဖို့အတွက် ပြည်နယ်ကောင်စီကနေ စတင် ပြင်ဆင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် အေအေဘက်ကလည်း သူတို့ရဲ့ထိန်းချုပ်နေမြေတွေမှာ သင်္ကြန်ပွဲတွေကို ပြီးခဲ့တဲ့နှစ်ကထက် အကြီးအကျယ် ကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်တွေမြို့ပေါ်မှာ ဗဟိုမဏ္ဍပ်အပြင် ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်ကိုပါ ပြုလုပ်ကျင်းပဖို့အတွက် ငွေကျပ်သိန်း ၂၅၀ ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း ရခိုင်လူမျိုးတွေရဲ့ အစဉ်အလာအရ ပြုလုပ်လေ့ရှိတဲ့ နံ့သာသွေးပွဲတော်၊ ဘုရားရေသပ္ပာယ်ပွဲတော်နဲ့ အသက် ၈၀ အထက် သက်ကြီးရွယ်အို ၁၁၀၀ တို့ကို သက်ကြီးပူဇော်ဖို့ရှိတယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

“သင်္ကြန်ကို အရင်နှစ်တွေထက် စည်စည်ကားဖြစ်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ စစ်တွေမှာ ဗဟိုမဏ္ဍပ်နဲ့ ရခိုင်ရိုးရာမဏ္ဍပ် ရှိပါမယ်။ မြို့နယ်တွေလည်း စည်ကားစွာဖြစ်ဖို့ လမ်းညွှန်ထားပါတယ်” လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် အေအေဘက်ကလည်း သူတို့စိုးမိုးတဲ့ ဒေသတွေမှာ သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ဖို့ရှိနေရာမှာ ကျောက်တော်မြို့နယ် ဇီးချောင်းသင်္ကြန်ပွဲတော်နဲ့ မြောက်ဦးမြို့နယ် လေးမြို့သင်္ကြန်ပွဲတော်တွေကို အဓိက ကျင်းပပြုလုပ်ဖို့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ကျင်းမယ့်မြို့ပေါ်သင်္ကြန်ပွဲတွေနဲ့ အေအေကကျင်းပမယ့် နယ်ဘက်သင်္ကြန်ပွဲတွေနဲ့ပတ်သက်လို့ ပြည်သူတွေ စိတ်ဝင်စားမှုအပေါ် မြောက်ဦးမြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

" ရေက ငါးရက်မှ တခါလာတော့ ရေမရှိရင် သင်္ကြန်က အဆင်မပြေဘူး။ ဇီးချောင်း သင်္ကြန်၊ လေးမြို့ သင်္ကြန်ကို သွားကြမှာ။ အဲဒီမှာ ရေက ပေါပေါရတယ်။ နောက်ပြီး အဆိုတော်တွေက လူကြိုက်များတဲ့ အဆိုတော်တွေ ဖြစ်လို့ စိတ်ဝင်စားမှုများတယ်။ သွားဖို့လည်း များတယ်။"

လက်ရှိမှာတော့ စစ်တွေမြို့ပေါ် မှာ သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ ပြဿနာတွေနဲ့ ကြုံနေကြရပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးပုံမှန်မရတာကလည်း သင်္ကြန်ကာလ ပွဲတော်ရက်တွေအတွင်း ရေရရှိမှု အခက်အခဲတွေ့နိုင်တယ်လို့ ဒေသခံတွေရဲ့ ထောက်ပြပြောဆိုမှုတွေလည်း ရှိပါတယ်။