သြဂုတ် ၁၇ ရက်ထိပ်တန်းသတင်းများ - UNOCHA အကြီးအကဲ ရခိုင်ပြည်နယ် သွားရောက်

မိုခါအတွက် စာနာထောက်ထားမှုအကူညီတွေ ဆိုင်းငံ့ခံခဲ့ရဖူးတဲ့ UNOCHA (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, UNOCHA

ဓာတ်ပုံ ပုံစာ, မိုခါအတွက် စာနာထောက်ထားမှုအကူညီတွေ ဆိုင်းငံ့ခံခဲ့ရဖူးတဲ့ UNOCHA (ပုံဟောင်း)

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတချို့ကို မနေ့က သွားရောက်ခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့တွေ့ဆုံခဲ့တဲ့ UNOCHA အကြီးအကဲဟာ ရခိုင်ပြည်နယ်မှာ သူသွားရောက်ချင်တဲ့ ဒုက္ခသည်စခန်းတချို့ကို ပြောပြခဲ့ပြီး စစ်ကောင်စီက စီစဉ်ပေးခဲ့တာ လို့ စစ်ကောင်စီရုံးနဲ့ နီးစပ်တဲ့ သတင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ခရီးစဉ်အတွင်း UNOCHA အကြီးအကဲဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တယ် လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက အတည်ပြုပြီး ခရီးစဉ်အသေးစိတ်ကိုတော့ မပြောပြပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်တွေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပေးမှု နည်းပါးခဲ့တဲ့အကြောင်း UNOCHA အကြီးအကဲနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

‘’ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အကူအညီဆိုတာ အစိုးရအပေါ်ကြည့်ပြီးကူညီတာမဟုတ်ဘဲ ပြည်သူအပေါ်ကြည့်ပြီး ကူညီတာက ပိုကောင်းတယ်’’ လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ ကို ပြောပါတယ်။

UNOCHA နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

UNOCHA အကြီးအကဲ Mr. Martin Griffiths ရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်လို့ UNOCHA Myanmar ဘက်က ဒီကနေ့မနက်အထိ ထုတ်ပြန်ချက် တစုံတရာ ထုတ်တာမတွေ့ရသေးပါဘူး။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူ၊မယူ စစ်ကောင်စီဘာပြောလဲ

မြန်မာကိုယ်စားပြု ထိုင်ခုံလွတ်နေတဲ့ အာဆီယံ အစည်းအဝေး တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာကိုယ်စားပြု ထိုင်ခုံလွတ်နေတဲ့ အာဆီယံ အစည်းအဝေး တစ်ခု

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက လက်မခံနိုင်သေးဘူးဆိုတဲ့ သတင်းတွေအပေါ် စစ်ကောင်စီဘက်က ငြင်းချက်ထုတ်လိုက်ပြီး စဉ်းစားနေဆဲ အဆင့်မှာပဲ ရှိသေးတယ် လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘’ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချထားတာ မရှိသေးဘူး’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ ကိုပြောပါတယ်။

မြန်မာနိုင်ငံတွင်းက မတည်ငြိမ်သေးတဲ့အခြေအနေ နဲ့ ကြိုတင်ပြင်ဆင်စရာတွေ လိုအပ်နေသေးလို့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမယ့်အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် PBS သတင်းဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာအစား ဖိလစ်ပိုင်နိုင်ငံက လက်ခံမှာဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်ကျမှ တာဝန်ယူမယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကလည်း မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရှောင်လွှဲခဲ့တဲ့ သမိုင်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ အင်္ဂလိပ်အက္ခရာရှေ့စာလုံးအလိုက် အလှည့်ကျ တာဝန်ယူရတာဖြစ်ပြီး လာမဲ့ ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံက တာဝန် ယူမှာဖြစ်သလို သူပြီးရင် မလေးရှားနိုင်ငံက လွှဲပြောင်း တာဝန်ယူမှာ ဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်တားမြစ်ထားခံရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ( ၅၆ ) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ကို သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ ဆိုထားပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ် စာတမ်းပါအချက်တွေကို လေးစားလိုက်နာပြီး အာဆီယံ အခြေခံမူတွေနဲ့ အညီ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း သဝဏ်လွှာမှာ သူက တိုက်တွန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီဘဏ်ငွေစာရင်းတွေ အပိတ်ခံရ

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ကုန်သွယ်ဘဏ်ဖြစ်တဲ့ Sonali ဘဏ်က မြန်မာစစ်ကောင်စီလက်အောက်က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တွေရဲ့ ငွေစာရင်းတွေကို အခုသီတင်းပတ်တွေအတွင်း ပိတ်ထားလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်က MFTB နဲ့ MICB ဘဏ်တွေ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို လိုက်နာတဲ့အနေနဲ့ နှစ်ဘဏ်ပေါင်း ဒေါ်လာ သန်း ၁၀၀ ကျော်ရှိတဲ့ငွေစာရင်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပိတ်လိုက်တာလို့ ဘီနာသတင်းမှာဖော်ပြပါတယ်။

Sonali ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ဘဏ်လည်း ဖြစ်ပါတယ်။

MFTB နဲ့ MICB တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို လိုက်ပါဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကို အခုလ ၃ ရက်မှာ စာပေးပို့ခဲ့ပြီးတဲ့ နောက် အဲဒီစာကို နိုင်ငံခြားရေးဘက်က Sonali ဘဏ်ကို ဆက်လွှဲလာတာကြောင့် ငွေစာရင်းတွေကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

ငွေစာရင်းတွေ ပိတ်လိုက်တဲ့အကြောင်း ဘဏ်အမှုဆောင်ချုပ်က အတည်ပြုပေးပေမဲ့ ဘယ်တုန်းက ပိတ်လိုက်တယ်ဆိုတာကိုတော့ တိတိကျကျ မပြောထားဘူးလို့ သတင်းက ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတရုံး ပြောခွင့်ရသူကတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူထားတဲ့ MFTB နဲ့ MICB ဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းတာကို သြဂုတ်လ ၅ ရက်နောက်ဆုံး ပြုလုပ်ပြီး အဲဒီနောက်ပိုင်းငွေကြေးလွှဲပြောင်းမှုတွေကို လိုသလို စောင့်ကြည့်အရေးယူသွားမယ်လို့ အခုလ အစောပိုင်းမှာ ကြေညာထားတာဖြစ်ပါတယ်။

ဘဏ်စာရင်းတွေ အပိတ်ခံရပြီးနောက်မှာ မြန်မာစစ်ကောင်စီဘက်က အဲဒီငွေတွေကို ပြန်ထုတ်ဖို့ ကြိုးပမ်း လာတာရှိတယ်လို့လည်း Sonali ဘဏ်ဘက်က ပြောထားပါတယ်။

Sonali ဘဏ်ဘက်ကလည်း MFTB နဲ့ MICB ဘဏ်မှာရှိတဲ့သူတို့ ဘဏ်စာရင်းတွေမှာ ဒေါ်လာ ၂ သိန်းထက် မနည်းရှိနေပြန်တယ်လို့ ပြောထားပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုဖွင့်ခံရ

ဒေါ်ညိုအေး

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးနဲ့လူ့အခွင့်ရေးကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်မှုနဲ့လူသိများသူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတဲ့နောက် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရုံးမှာပြုလုပ်တဲ့ စစ်တွေ ဆန်ပြဿနာနေ့ ၅၆ နှစ်မြောက် အောက်မေ့ဖွယ်နေ့မှာ မိန့်ခွန်းပြောပြီး နောက်တစ်ရက် သြဂုတ်လ ၁၅ ရက်မှာ စစ်တွေရဲစခန်းရဲ့ ဖမ်းဆီးမှု ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနေ့ တစ်နေ့တည်းမှာပဲ သူ့ကို ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုဖွင့်ပြီး စစ်တွေထောင်ကို ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တွေ ဆန်ပြဿနာနေ့လို့ သိကြတဲ့ဖြစ်ရပ်ဟာ ဦးနေဝင်းအုပ်ချုပ်နေတဲ့ ၁၉၆၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲ ဆန်ရှားပါးမှုကြောင့်ဖြစ်လာတဲ့ အငတ်ဘေးကို ဖြေရှင်းဖို့ စစ်တွေ ဒေသခံတွေက တောင်းဆိုဆန္ဒပြမှုကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပေါင်းများစွာသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။

အောက်မေ့ဖွယ်နေ့မှာ ဒေါ်ညိုအေး ဘာပြောခဲ့လဲလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကို ဘီဘီစီက မေးကြည့်တဲ့အခါမှာတော့ ‘’စစ်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တုန်းက ဆန်ပြဿနာဖြစ်တော့ သူ့ အသက် ၁၃ နှစ်ပဲ ရှိသေးပေမဲ့ အဲဒီတုန်းက ကြုံခဲ့ရတဲ့အခက်အခဲတွေ၊ ကြုံခဲ့ရတာတွေကို အခုခေတ်လူငယ် တွေကို ပြန်ပြောင်းပြောပြတာပဲရှိပါတယ်’’ လို့ ပြောပြပါတယ်။

အခမ်းအနားတက်အပြီး ပြန်လာတဲ့‌ဒေါ်ညိုအေးကို စစ်တွေမြို့ရဲစခန်းက ဖုန်းဆက်ပြီး မေးမြန်းတဲ့အခါ ဒေါ်ညိုအေးက သူ့အတွေ့အကြုံတွေကို လူငယ်တွေကို ပြောပြခဲ့တာလို့ ပြန်ဖြေခဲ့တဲ့အကြောင်း အဖမ်း မခံရခင်မှာ ဒေါ်ညိုအေးက ပြောပြခဲ့တယ်လို့လည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒေါ်ညိုအေးကို အခုလို ဖမ်းဆီးမှုဟာ ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကြိုးပမ်းသူတွေအပေါ် ခြိမ်းခြောက်မှုလို့ ပြောထားပါတယ်။

စစ်ကြောင်းကဖမ်းသွားတဲ့ တောင်သူလေးဦး အလောင်း မြောက်ယမားချောင်းထဲပြန်တွေ့

 မြောက်ယမားတံတား‌ပေါ်က သွေးကွက်တွေ

ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, မြောက်ယမားတံတား‌ပေါ်က သွေးကွက်တွေ

စစ်ကိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ယမားချောင်းထဲမှာ မနေ့ သြဂုတ် ၁၆ ရက်က လည်ပင်းပြတ်ရှဒဏ်ရာတွေ အပါအဝင် သတ်ဖြတ်ခံထားရတဲ့ အမျိုးသား အလောင်း ၄ လောင်း တွေ့တယ်လို့ ယင်းမာပင်ဒေသခံအချို့က ပြောပါတယ်။

သေဆုံးသူတွေဟာ လည်ငေါက်ကျေးရွာက ဒေသခံတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က စစ်ကောင်စီစစ်ကြောင်း ပုလဲမြို့နယ်ကနေ ယင်းမာပင်မြို့နယ်ကို ဝင်ရောက်လာချိန် စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံရတဲ့ တောင်သူတွေဖြစ်တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ ရဲ့ ပစ္စည်းသယ်ထုတ်အတွက် လုံခြုံရေးသွားတဲ့ အဲဒီစစ်ကြောင်းက ဆားလင်းကြီးနယ်ထဲ ၃ ရက် လောက်နေထိုင်ပြီး ဆားလင်းကြီး ကနေ ယင်းမာပင်ဘက်ပြန်ထွက်တဲ့ သြဂုတ် ၁၄ ရက်မှာ ‌မြောက်ယမားတံတားပေါ်မှာ သတ်ဖြတ်ခဲ့တာလို့ ဒေသအခြေစိုက်စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

''‌‌ယင်းမာပင် နဲ့ ဆားလင်းကြီး ကိုဆက်တဲ့ မြောက်ယမားတံတား‌ပေါ်မှာ သတ်ခဲ့တာ၊ လည်လှီးဖြတ်ဒဏ်ရာနဲ့ သေတဲ့သူ၊ နံချောင်တွေဓားနဲ့ထိုးခံရတဲ့သူ၊ ခေါင်းမှာ သေနတ်ဒဏ်ရာ‌နဲ့သေတဲ့သူက သေတယ်၊ ‌သေတဲ့သူတွေကို စုံစမ်းတော့ တောင်သူတွေပါ။ နွားစာပြန်ကျွေးချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံရပြီးမှ အသတ်ခံရတာပါ။သတ်ပြီးမှ ချောင်းထဲပစ်ချခဲ့တာပါ '' လို့ သေဆုံးသူတွေ ရဲ့ အခြေအနေကိုသိရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ အနီးအနား ကျေးရွာတွေကို စီးနင်းနေသလို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း တရုတ်ကြေးနီစီမံကိန်း မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယင်းမာပင်မြို့နယ် မုံရွာ - ပုသိမ် လမ်းဘေးက ပေကုန်းရွာထဲ လက်နက်ကြီးကျည်ကျရောက်လို့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သလို ဒေသခံ ၅ ဦး ထက်မနည်း ဒဏ်ရာရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ကြောင်းဟာ သြဂုတ် ၁၄ ရက်က ယင်းမာပင်နယ် ဒုန်းတောနဲ့ ကံကုန်းရွာတွေထဲလည်း ဝင်ရောက်ခဲ့ပြီးဒေသခံ ၇ ဦးထက်မနည်း ဖမ်းဆီးသွားတာကြောင့် ယင်းမာပင်နဲ့ ဆားလင်းကြီးနယ် တရုတ်စီမံကိန်းအနီး ကျေးရွာတွေက ပြည်သူထောင်သောင်းချီ ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တချို့က ပြောပါတယ်။

ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ရုရှားလုံခြုံရေးညီလာခံမှာ စစ်ခေါင်းဆောင် ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့

ဓာတ်ပုံ ရင်းမြစ်, cincds

(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ၊ မော်စကိုမှာ မနေ့က ကျင်းပခဲ့ပြီး မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်နေပါတယ်။

နိုင်ငံပေါင်း ၂၀ က ကာကွယ်ရေးဝန်ကြီးအယောက် ၂၀ တက်တဲ့ ဒီညီလာခံကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထည့်သွင်းပြောခဲ့ပြီး အချို့ဒေသတွေကလွဲရင် နေရာဒေသအများစုမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီလို့ ပြောပါတယ်။

လွတ်လပ်တရားမျှတတဲ့ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်အာဏာ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေတယ် လို့ ညီလာခံကိုပေးပို့တဲ့ မိန့်ခွန်းမှာ သူက ထည့်ပြောပါတယ်။

အာဆီယံထိပ်သီးညီလာခံတွေကို တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ စစ်ခေါင်းဆောင်က ရုရှားကညီလာခံမှာ “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု”ဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ လူဦးရေများပြီး ကမ္ဘာ့ကုန်သွယ်ရေးမှာ အချက်အချာကျလို့ အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေက သူတို့ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

‘’ဒေသတွင်းနိုင်ငံတွေ နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာတာ တွေ့ရှိရတယ်’’ လို့ စစ်ကောင်စီဥက္ကဋ္ဌ ကပြောပါတယ်။

“အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု”က အရေးပါတယ်လို့သူကပြောခဲ့ပြီး ဒီစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေတဲ့ ခြိမ်း‌ခြောက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဟာ စစ်ရေးမဟာမိတ်အုပ်စု မဟုတ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးပေါင်းစည်းအင်အားက ကြီးမားပြီး စစ်ရေးအတွေ့ အကြုံရှိတဲ့ ဗီယက်နမ်၊ မြန်မာနဲ့ အစွမ်းထက်လက်နက်တွေပိုင်ဆိုင်ထားတဲ့ အာဆီယံနိုင်ငံတွေရဲ့ ပေါင်းစည်းအင်အားက ကမ္ဘာကြီးအတွက် အသင့်အတင့်အားထားနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သူကပြောပါတယ်။

ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်နေတဲ့ အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးက အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးလိုအပ်ချက်တစ်ခု ဖြစ်လာတယ် လို့ စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

စားနပ်ရိက္ခာလုံခြုံမှုမှာ အဓိကကျတဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာနဲ့ တခြားအထောက်အကူပြုပစ္စည်းတွေ ရောင်းဝယ်တဲ့နေရာမှာ အချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေနဲ့ အဓိကဆိုင်တဲ့ နိုင်ငံပိုင် ဘဏ် နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ထားလို့ ဒေါ်လာအကျပ်အတည်းဖြစ်နေတဲ့အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရုရှားမှာ မနှစ်ကကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)မှာလည်း စစ်ခေါင်းဆောင်က အလားတူပြောခဲ့ဖူးပြီး နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို ဒေါ်လာ အနိုင်ကျင့်မှုလုပ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

မနှစ်က အာရှ-ပစိဖိတ်ဒေသရဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်တာကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိခဲ့တယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီညီလာခံကို ရုရှားသမ္မတပူတင် လည်း video message ပေးပို့ခဲ့တာ တွေ့ရပါတယ်။