နမခ အနီးက ရွာတွေ ဘာကြောင့် လေကြောင်း တိုက်ခိုက်ခံရသလဲ

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ လက်တစ်ကမ်းအကွာက ရွာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သား ၁၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။

တိုင်းစစ်ဌာနချုပ်တစ်ခုအနီးမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းမထိုးဘဲ လေကြောင်းနဲ့ လက်နက်ကြီးသုံးခဲ့တာက လက်ဦးမှုရယူတဲ့ သဘောလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းကို ဝင်သိမ်းမယ့် သတင်းပေါက်သွားတာကြောင့် အခုလိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရတာလို့ စစ်ကိုင်းက စစ်ရေးအရင်းအမြစ်တွေက ပြောကြပါတယ်။

လေကြောင်းတိုက်ခိုက်ပြီးတဲ့ နောက်ရက် ဖေဖော်ဝါရီ ၁၄ မှာ မုံရွာမြို့ တောင်ဘက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေပါတယ်။

ဗုံးသံတွေညံခဲ့တဲ့ မြို့နယ် ၃ ခု

မုံရွာမြို့နယ်တောင်ပိုင်းက ဘုဘ၊ ညောင်ဖြူပင်၊ ကိုးရှင်းကျွန်းရွာ ၊ ကုလားကြီးရွာထဲက စစ်ဘေးရှောင်စခန်း၊ ချောင်းဦးမြို့နယ်ထဲက သစ်စိမ့်ရွာ ၊ ဆားလင်းကြီးမြို့နယ်က ဝဲကြီးရွာက ဒေသခံတွေဟာ ပုံမှန်ညတွေလိုပဲ အိပ်စက်နေခဲ့ကြပါတယ်။

ည ၁ နာရီဝန်းကျင်မှာတော့ ဗုံးတွေ သုံးလုံးတွဲ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတာ ၈ ကြိမ်ထက်မနည်း ရှိခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း အသံတွေရပ်သွားတာကြောင့် လေကြောင်းကဗုံးကြဲတာ ရပ်သွားပြီ ထင်ခဲ့ပေမဲ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ ဗုံးသံတွေဟာ ငါးလုံးတွဲဆက်တိုက် ထပ်ကြားကြရပြန်ပါတယ်။

"လေကြောင်းသံတွေကြားတော့ စခန်းသိမ်းတိုက်ပွဲဖြစ်တဲ့နေရာတွေကို ပစ်ကူသွားဖို့ ထင်နေတာ၊ နောက်မှ အတွဲလိုက်အသံကြီးတွေ ကြားရတော့တာပဲ"လို့ မုံရွာမြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်မှာ လေကြောင်းကရောလက်နက်ကြီးနဲ့ပါ တိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

မြေကြီးပေါ်မှာ ဖျာခင်းအိပ်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကလည်း "စခန်းနဲ့က မိုင်ဆယ်ချီဝေးတယ်။ ဒါပေမဲ့ ခေါင်းနဲ့ မြေကြီးထိထားချိန်မှာ 'အုတ်၊ အုတ်၊ အုတ်' ဆိုပြီး တုန်ခါသံတွေနဲ့ 'ဂျိန်း ၊ ဂျိန်း' ဆိုတာတွေ ဆက်တိုက်ပဲ၊ မြေကြီးပေါ် ခေါင်းချလို့မရအောင် နားတွေအူလာတာ"လို့ ပြောပါတယ်။

မနက် ၅ နာရီကနေ ၆ နာရီ မိနစ် ၂၀ လောက်အထိကို ဗုံးပေါင်း ၂၇ လုံးဝန်းကျင် လေကြောင်းကနေ ကြဲချခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြုကင်းထောက် ကွန်ရက်ကနေ သိရပါတယ်။

လေကြောင်းသံတွေဆက်တိုက်ကြားနေရတဲ့ မြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အနီးကပ်မဟုတ်ဘဲ ကြားနေရတဲ့ အခြေအနေတွေကြောင့် ဗုံးတွေကြားမှာ ပြည်သူတွေ အထိအခိုက်နည်းဖို့ ဆုတောင်းခဲ့ကြပေမဲ့ မပြည့်ခဲ့ကြပါဘူး။

ညဘက်နဲ့ မနက်ပိုင်းမှာ ဗုံးကြဲပြီးတဲ့နောက် မအူရွာထိပ်မှာ တပ်စွဲထားတဲ့စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သလို နေ့လယ်ပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ဘုဘရွာကို မအူစစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပါတယ်။

ဗုံးဆန်ကြောင့် ဒဏ်ရာရခဲ့တဲ့ ၂၃ ယောက်လည်း ဆေးကုသဖို့ အခက်အခဲ ရှိနေကြပါတယ်။

"ဒဏ်ရာရတဲ့သူတွေကို ကျေးလက်ဆေးပေးခန်းတွေကိုပဲ ပို့ပေးထားရတယ်၊ ဆေးရုံကို ပို့ဖို့ကလည်း စစ်ကြောင်းကထိုးနေတယ်၊ ဖြတ်သွားရမယ့် မန္တလေး-မုံရွာလမ်းတစ်လျှောက်မှာလည်း စစ်ဆေးရေးဂိတ်တွေနဲ့ဆိုတော့ ဆေးရုံပို့ဖို့ အခက်အခဲတွေ ဖြစ်နေကြတယ်" လို့ ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေလည်း ထပ်တိုးလာတာကြောင့် ရိက္ခာ၊ ဆေးဝါးအပါအဝင် အရေးပေါ် ထောက်ပံ့ကူညီရေးတွေလည်း လိုအပ်နေကြပါတယ်။

"ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ စစ်တပ်ဟာ ခုချိန်မှာ ပြည်သူတွေကို လူမဆန်ဘဲ ဆက်ဆံပြုမူနေတာကို ဗိုလ်ချုပ်သာ သိရင် ဘယ်လိုနေမလဲ တွေးတောင် မကြည့်ရဲပါဘူး''လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ရက် တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ဟာ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ စစ်တပ်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့ဆိုတာ ဗုံးကြဲခံရတဲ့ ရွာသားတွေကမှတ်မိနေပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ဟာ မြန်မာကလေးများနေ့လည်းဖြစ်ပြီး သေဆုံးသူ အရပ်သားတွေထဲမှာ ငါးနှစ်အရွယ်နဲ့ ရှစ်နှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီ ဘာကြောင့်တိုက်ခိုက်သလဲ

မုံရွာမြို့ခံတွေနဲ့ စစ်ရေးအရင်းအမြစ်တွေကို ဘီဘီစီရဲ့ မေးမြန်းချက်အရ စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့မှာ ပျူစောထီးရွာနဲ့ ညောင်ဖြူပင်ရွာနားက စစ်ကောင်စီတပ်စခန်းကို ဝင်သိမ်းမယ့် သတင်းပေါက်သွားတာကြောင့် အခုလိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရတာလို့ စစ်ရေးအရင်းအမြစ်တွေက ပြောကြတာပါ။

"ကိုယ့်အတွင်းစည်းပေါက်တာပေါ့လေ။ နုတ်မလုံတာပေါ့၊ ဒီတော့ စစ်ကောင်စီက သူက အရင်ဦးအောင်လုပ်တဲ့သဘောပေါ့၊ ဒါပေမဲ့ အခုပစ်သွားတဲ့ ရွာတွေက ဘယ်တော်လှန်ရေးအဖွဲ့မှ ရှိမနေဘူး" လို့ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအဖွဲ့အစည်း ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နှောင်းပိုင်းစပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိတဲ့ မုံရွာမြို့နယ် ပတ်ဝန်းကျင်က ဘုတလင်၊ ဝက်လက် စတဲ့ မြို့နယ်တွေမှာ စစ်ကြောင်းတွေ အထိနာတာနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။

ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၂၀ ပါ စစ်ကြောင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတာကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၃၅ ယောက် ရှိခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကနေ စစ်သုံ့ပန်း ၄၃ ယောက် နဲ့ အတူ စစ်လက်နက်ပစ္စည်းတွေလည်း ဖမ်းဆီးရရှိတယ်လို့ 96 Soldiers -PDF (အညာဒေသ) က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာလည်း ဝက်လက်မြို့နယ်မှာ တပ်မ (၃၃) လက်အောက်ခံ အင်အား ၈၃ ယောက်ပါ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာကြောင့် လက်နက် ၄၅ လက် သိမ်းဆည်းရမိတယ်လို့လည်း အမှတ် (၁) စစ်ဒေသကနေ သိရပါတယ်။

နမခတိုင်းမှူး အပြောင်းအလဲ

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးကို မကြာခင်ကမှ အပြောင်းအလဲလုပ်ထားတာဖြစ်ပြီး တိုင်းမှူးအသစ်ဟာ စစ်ကြောင်းတွေ အထိနာခဲ့ရတာကို အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ လားရှိုးတိုက်ပွဲမှာ ကိုးကန့်တပ် (MNDAA) က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီးမှ ပြန်လွတ်လာသူ ဖြစ်ပြီး ရာထူးတိုးခဲ့တာဖြစ်ပါတယ်။

သူရောက်လာပြီးနောက်ပိုင်း မုံရွာမြို့ကို လုံခြုံရေးပိုတင်းကျပ်လာတယ်လို့ သိရပါတယ်။

အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အမျိုးသားတွေဆိုလည်း စစ်သားစုဆောင်းဖို့ခေါ်တယ်၊ အမျိုးသမီးတွေကိုတော့ ချက်ပြုတ်ဖို့ ခေါ်တယ်။ သူတို့ဖမ်းမှာကြောက်ပြီး ကိစ္စမရှိရင် လူတွေ မထွက်ရဲလို့ မြို့ဆိုပေမဲ့ ခြောက်ကပ်နေတာပဲ၊ အိမ်စီးကားတွေနဲ့ကို လိုက်ဖမ်းတာ"လို့ ဒီနှစ်ဆန်းပိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေကို မုံရွာမြို့ခံတစ်ယောက်က ပြောပါတယ်။

စစ်သားစုဆောင်းဖို့အတွက် နေအိမ်တွေအထိ ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေရှိနေတာကြောင့် ဂရုတစိုက်နေကြဖို့ကိုလည်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ရက်ကနေလည်း သတိပေးထားပါတယ်။

ဒါ့အပြင် မုံရွာမြို့ နဲ့ နှစ်မိုင်ပတ်လည်ဝန်းကျင်မှာလည်း စစ်ကောင်စီလုံခြုံရေးဂိတ်တွေ တိုးမြှင့် ချထားသလို အင်အားဖြည့်တာ၊ အဆောက်အဦအခိုင်အမာ ဆောက်တာတွေလည်း ရှိလာပါတယ်။

တိုင်းမှူးအသစ် လက်ထက်မှာတင်ပဲ နမခ နားမှာရှိတဲ့ ကာကင်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ ၁၄ ရက်မှာ ရှော့တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အသေအပျောက် ရှိခဲ့ပါတယ်။

အဲဒီနောက်ရက်မှာပဲ ရှော့တိုက်ဒုံးတွေ ပစ်ခတ်နိုင်တဲ့နေရာဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ကလေးတစ်ယောက်အပါအဝင် အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီစခန်းတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်မယ်ဆိုတဲ့ သတင်းပေါက်ကြားမှုကို နမခတိုင်းမှူးသစ်က တင်းတင်းမာမာ ကိုင်တွယ်တာ ဖြစ်နိုင်တယ် လို့ စစ်ရေး အရင်းအမြစ်တွေက သုံးသပ်ကြပါတယ်။