မြန်မာစစ်ကောင်စီ၊ ရုရှားနဲ့ တာလီဘန်တို့ တက်ရောက်တဲ့ တရုတ် ပိုးလမ်းမဖိုရမ်

ပြည်တွင်းက အခင်းအကျင်းတွေကြောင့် ကမ္ဘာ့သံခင်းတမန်ခင်းမှာ ‌ဖယ်ကျဥ်မှု အတိုင်းအတာတစ်ခုအထိ ကြုံနေရတဲ့ မြန်မာစစ်ကောင်စီ၊ ရုရှားနဲ့ အာဖဂန် တာလီဘန်တို့ တရုတ်သမ္မတ ဦးဆောင်တဲ့ ပိုးလမ်းမဖိုရမ်ကို တက်ရောက်နေကြပါတယ်။

ဒီဖိုရမ်ကို တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တရုတ် ရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း - One Belt One Road လို့ခေါ်တဲ့ ပိုးလမ်းမ စီမံကိန်းအောက်ကနေ သမ္မတရှီကျင့်ဖျင် ကိုယ်တိုင် ကျင်းပတာဖြစ်ပါတယ်။

အဲဒီဖိုရမ်ကို မြန်မာစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်ဖြစ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့လည်း တက်ရောက်မှာဖြစ်ပါတယ်။

သူနဲ့အတူ စစ်ကောင်စီရုံးအဖွဲ့၊ စက်မှု၊ သယံဇာနဲ့ပတ်ဝန်းကျင်ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ လည်းလိုက်ပါသွားပြီး ဖိုရမ်ခေါင်းစဥ်အလိုက် တက်ရောက်ဆွေးနွေးကြဖို့ ရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာဟာ ပိုးလမ်းမစီမံကိန်းနဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ပါဝင်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု One Belt One Road (OBOR) နဲ့ စပ်လျဉ်းတဲ့ ကော်မတီကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီ ရဲ့ ရည်ရွယ်ချက်ကတော့ ပိုးလမ်းမစီမံကိန်းအောက်ကနေ မြန်မာ - တရုတ် စီပွားရေးစင်္ကြံနဲ့ မြန်မာ - တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ပိုမိုထိရောက် အကောင်အထည် ဖော်နိုင်ဖို့ဆိုပြီးဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ်တုန်းက ဘေကျင်းမှာ ကျင်းပတဲ့ ပိုးလမ်းမဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ သမ္မတ ရှီကျင့်ဖျင် ရဲ့ နေပြည်တော် ခရီးစဥ်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီတုန်းက သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းကို ၅ နှစ်အတွင်း အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

စီးပွားရေးစင်္ကြန်စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနဲ့တရုတ်ကြား နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်ကတည်းက ရေးထိုးခဲ့တာဖြစ်ပေမဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သဘောတူညီချက်တွေကို မြန်မာဘက်က တရားဝင် ထုတ်ဖော်ကြေညာခဲ့တာမရှိပါဘူး။

ဦးစားပေး စီမံကိန်းတွေကိုလည်း ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်အရ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွေတည်ဆောက်ရေး တို့ပါဝင်တယ်ဆိုတာ သိရပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်တစ်လအကြာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ‘‘ပိုးလမ်းမနဲ့စပ်လျဥ်းတဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ’’ ကို ဖျက်သိမ်းခဲ့ပြီး အဲဒီနေရာမှာ သူခန့်အပ်ထားတဲ့ အရာရှိကြီးတွေနဲ့ အစားထိုးခဲ့ပါတယ်။

တာလီဘန် အရာရှိလည်း ဘေကျင်းသွားမယ်

မြန်မာစစ်ကောင်စီနည်းတူ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုသူ ကိုယ်စားလှယ် အတည်ပြုနိုင်ရေး အခက်ကြုံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အဖွဲ့လည်း ဘေဂျင်း က ပိုးလမ်းမဖိုရမ်ကို တက်ရောက်ဖို့ရှိပါတယ်။

တာလီဘန်ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ အာဖဂန်နစ္စတန်အစိုးရကို ဖြုတ်ချပြီးတဲ့နောက် နိုင်ငံကို အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တာလီဘန်ကို အသိအမှတ်ပြုတဲ့အကြောင်း ထင်ထင်ပေါ်ပေါ် မပြထားပါဘူး။ ဒါပေမဲ့ အသစ်ခန့်အပ်ခံရတဲ့ အာဖဂန်ဆိုင်ရာ တရုတ်သံအမတ်ဟာ သူ့ရဲ့ သံတမန်ခန့်အပ်လွှာကို တာလီဘန်ခေါင်း ဆောင်ဆီ မကြာသေးခင်က မှ ပေးအပ်ထားပါတယ်။

ဒါဟာ တာလီဘန်ကို အသိအမှတ်ပြုမှုလားလို့ မေးခွန်းထုတ်ခဲ့ကြပေမဲ့ ဘေဂျင်း ဘက်ကတော့ သံအမတ် ဟောင်းနေရာမှာ သံအမတ်အသစ်တာဝန်ထမ်းဆောင်တာဖြစ်လို့ လုပ်ရိုးလုပ်စဥ်လို့ဆိုပြီး တုံ့ပြန်ခဲ့ဖူးပါတယ်။

အခုတော့ တာလီဘန် စီးပွားကူးသန်းနဲ့စက်မှုဝန်ကြီးဟာ ပိုးလမ်းမစီမံကိန်းကို တက်ရောက်မှာဖြစ်ပါတယ်။

‘‘ဝန်ကြီးဟာ ဖိုရမ်ကိုတက်ရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာအောင် ဖိတ်ခေါ်ဖို့ရှိပါတယ်’’ လို့ တာလီဘန် ပြောခွင့်ရသူက ပြန်ဖြေကြားတဲ့အကြောင်း ရိုက်တာသတင်းဌာန သတင်းဖော်ပြပါတယ်။

ပူတင်လည်း ဘေဂျင်း ကို ရောက်နေပြီ

ယူကရိန်းကို ကျူးကျော်စစ်ကြောင့် သံခင်းတမန်ခင်းမျက်နှာမပွင့်ဖြစ်နေပြီး စီးပွားရေးပိတ်ဆို့မှုဒဏ်တွေလည်း ကြုံနေရတဲ့ ရုရှားနိုင်ငံကတော့ ဒီနှစ် ပိုးလမ်းမဖိုရမ်ကို သမ္မတ ပူတင်ကိုယ်တိုင်တက်ရောက်နေပါတယ်။

အခုဆို မစ္စတာ ပူတင်တစ်ယောက် ဘေကျင်းမြို့ကို ခြေချခဲ့ပြီးဖြစ်ပါတယ်။

မစ္စတာပူတင်ဟာ မနက်ဖြန်မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှု မတိုင်ခင်မှာ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ ထိုင်းနဲ့ လာအို နိုင်ငံ့ခေါင်းဆောင်တွေအပြင် မွန်ဂိုလီးယားနိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံဆွေးနွေးမှုတွေကို ဒီနေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။

ဘေဂျင်း က ပိုးလမ်းမ ဖိုရမ်ဟာ သမ္မတ ပူတင်အတွက်တော့ ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ကျူးကျော်မှုပြုလုပ်ကတည်းကဆိုရင် အရေးပါတဲ့ပထမဆုံးပြည်ပခရီးစဥ်တစ်ခုလည်း ဖြစ်လာပါတယ်။

ပိုးလမ်းမဆိုတာဘာလဲ

One Belt One Road လို့ခေါ်ပြီး ခေတ်သစ်ပိုးလမ်းမစီမံကိန်းလို့ အများသိကြတဲ့ ပိုးလမ်းမ စီမံကိန်းဟာ မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကို ကုန်း ရေ နှစ်သွယ် ကုန်သွယ်လမ်းကြောင်းတွေ အချိတ်အဆက်မိအောင် ကြိုးပမ်းတဲ့ တရုတ်ရဲ့ရည်မှန်းချက် တနည်းအားဖြင့် သမ္မတရှီကျင့်ဖျင်ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

တကယ့်ကို ကြီးကြီးမားမားလုပ်ရမယ့်စီမံကိန်းကြီးလည်းဖြစ်ပါတယ်။ ဒါကို စတင်တဲ့ အနေနဲ့ တရုတ်ဟာ မြန်နှုန်းမြင့်ရထားလမ်းတွေ၊ ဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ ပင်လယ်ဆိပ်ကမ်းတည်ဆောက်တာတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက စတင်နေပြီဖြစ်ပါတယ်။

ဒီအခြေခံအဆောက်အအုံ ကွန်ရက် စီမံကိန်းဟာ ခရီးသွားတွေ လိုတဲ့ ခရီးကို အချိန်လျှော့ချပြီး အမြန်ရောက်အောင်နဲ့ ကုန်စည်တွေ မြန်မြန်ဆန်ဆန်နဲ့ လွတ်လွတ်လပ်လပ်စီးဆင်းဖို့လည်း ရည်ရွယ်ပါတယ်။

ဒါပေမဲ့ အကဲခတ်တချို့ကတော့ ပိုးလမ်းမစီမံကိန်းဟာ လက်ရှိကုန်သွယ်လမ်းကြောင်းတွေကို ပြန်လည်ချိတ်ဆက်ပြီး ကုန်သွယ်လမ်းကြောင်းတွေမှာ တရုတ်က ဗဟိုချက် ဖြစ်လာစေမှာဖြစ်တာကြောင့် တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတယ်ဆိုတဲ့အချက်ကို သေချာအောင် ပန္နက်ရိုက်မှုတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။