စက်တင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဆော့လော်မှာတကျော့ပြန်တိုက်ပွဲဖြစ်နေ

KIA သိမ်းပိုက်ထားတဲ့ ကချင်အထူးဒေသ ၁ မှာ ရွေးကောက်ပွဲပြုလုပ်ရေး စစ်တပ်နဲ့လက်တွဲမယ် လို့ ဦးဇခုန်တိန့်ယိန်းထုတ်ပြန်

၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် နေရာဝင်ပြိုင်ပြီး သူ့နယ်မှာ သူပဲ အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GlobalWitness

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် နေရာဝင်ပြိုင်ပြီး သူ့နယ်မှာ သူပဲ အနိုင်ရခဲ့ပါတယ်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားတဲ့ ဆော့လော်မြို့နယ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်နေပြီး ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းအထိ တိုက်ပွဲဆက်ရှိနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီက သိရပါတယ်။

ဒါဟာ ကချင်အထူးဒေသ ၁ လို့ သတ်မှတ်ခဲ့တဲ့ ချီဖွေ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ‌ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် စစ်တပ်နဲ့ တသားတည်းလက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ဦးဇခုန်တိန့်ယိန်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ တိုက်ပွဲပြန်ဖြစ်လာတာလည်းဖြစ်ပါတယ်။

ဆော့လော်အပါအဝင် ချီဖွေ နဲ့ ဝိုင်းမော်မြို့နယ်တွေဟာ KIA မသိမ်းပိုက်ခင်က ကချင်အထူးဒေသ ၁ လို့ သတ်မှတ်ခဲ့ပြီး ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေက နှစ်ပေါင်းဆယ်နဲ့ချီ အုပ်စိုးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ KIA က ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ ကို သိမ်းပိုက်ခဲ့တာ ကြောင့် တစ်နှစ်အကြာမှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တာပါ။

ဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် တွေ၊ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ တရားမျှတအောင်ဝင်ပြိုင်နိုင်ဖို့ အတွက် စစ်တပ်နဲ့ တသားတည်းလက်တွဲပူးပေါင်းမယ်လို့ စက်တင်ဘာ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန် ထားပါတယ်။

"ဇခုန်တိန့်ယိမ်းကလည်း ထောက်ခံကြောင်းစာထုတ်ထားတော့ဒါကိုအကောင်အထည်ဖော်ဖို့ အခုလိုမျိုးစစ်ဆင်ရေးလုပ်တာလည်းဖြစ်နိုင်တာပေါ့" KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီကစတင်ပြီး ဆော့လော်မြို့နယ်နယ်နိမိတ်အစ လန်ဆယ်ရွာမြောက်ဘက်ပိုင်းမှာ တိုက်ပွဲဖြစ်နေကာ ဒီနေ့မနက်အထိ တိုက်ပွဲဆက်ရှိနေပါတယ်။

"ပူတာအို ခေါင်လန်ဖူးဘက်ကနေဆင်းလာတဲ့ ပြည်သူ့စစ်တွေလို့ပြောတယ်။ အတိအကျတော့ တပ်ရင်းနာမည်တွေမသိရသေးဘူး" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA ဟာ အထူးဒေသ ၁ ကို သိမ်းပိုက်ပြီးနောက် အဲဒီသတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရေဖြူမြို့နယ်က စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

နည်းဗျူဟာ ၃၃ တပ်ဖွဲ့ဝင်တွေစစ်ရေးလေ့ကျင့်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, နည်းဗျူဟာ ၃၃

ဓာတ်ပုံ ပုံစာ, နည်းဗျူဟာ ၃၃ တပ်ဖွဲ့ဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မွန် - တနင်္သာရီအစပ်မှာရှိတဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာမှာတပ်စွဲထားတဲ့ စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ် တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း နည်းဗျူဟာ ၃၃ က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာ ပါတယ်။

စစ်အင်အား ၆၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်ဂိတ်စခန်းကို စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများတယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

"တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး။ စစ်တပ်ရဲ့ စစ်ကူတွေရောက်လာပြီး စခန်းဝန်းကျင် နယ်မြေ တဝိုက်ကို ဒီနေ့အထိ ရှင်းလင်းရေးလုပ်နေတယ်" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲပြီးတဲ့နောက် စစ်တပ်ရဲ့ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းက စစ်ကားလေးစီးနဲ့ အင်အား ဖြည့်တင်းခဲ့တယ်လို့ နည်းဗျူဟာ ၃၃ ကလည်း ဖော်ပြထားပါတယ်။

ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ်က မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းတကြောကို လည်း အခုလလယ်ကစလို့ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

"အခုလောလောဆယ်တော့ မလွှဲတောင်ဘက်ကိုပြန်လှုပ်ရှားနေတယ်။ တော်လှန်ရေးတွေက မလွှဲတောင်ဘက်ကို လမ်းပိတ်ဆို့ပြီးနောက်မှာ သူတို့ထိုးစစ်ဆင်နေတာရှိတယ်" လို့ နောက်ထပ် စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒါဟာ မွန်နဲ့ တနင်္သာရီကိုဆက်ထားတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝပြန် ထိန်းချုပ်နိုင်ရေးနဲ့ ဆုံးရှုံးနယ်မြေတွေပြန်ရရှိဖို့အတွက် စစ်တပ်က ပြန်ကြိုးစားလာတဲ့ အခြေအနေပါ။

မနေ့ စက်တင်ဘာ ၁၉ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ခဲ့ချိန်မှာလည်း နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဖို့ ပြောသွားခဲ့ ပါတယ်။

ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေတိုက်ခိုက်ခံရမှု မြန်မာ ၁၅ ဦးအဖမ်းခံရ

ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူတွေကိုဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Thai Police

ဓာတ်ပုံ ပုံစာ, ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူတွေကိုဖမ်းဆီး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က အဝတ်လျှော်ဆိုင်ထဲဝင်ပြေးလာတဲ့ ထိုင်းကျောင်းသား ကျောင်းသူ ၃ ဦးကို ဓားနဲ့လိုက်လံတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ အဓိကကျူးလွန်သူအပါအဝင် ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံသားတွေလို့ ထိုင်းရဲက ထုတ်ပြန်ပါတယ်။

အဓိကကျူးလွန်သူဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုစိုင်းအိုက်မောင်ဟာ ဘန်ကောက်ဘက်ကိုထွက်ပြေးဖို့ကြိုးစားချိန် လန်ဖမ် (Lamphun) ခရိုင်က စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ကြောင်း မနေ့ စက်တင်ဘာ ၁၉ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတွေက ပြောပါတယ်။

သူရဲ့ ထုတ်ဖော်ပြောဆိုချက်အရ တိုက်ခိုက်ခံရသူဟာ ခေါင်းစွပ်အင်္ကျီဝတ်ထားတာကြောင့် အမျိုးသမီးမှန်းမသိခဲ့ဘဲ အုပ်စုမှားတိုက်ခိုက်မိတာလို့ ဆိုပါတယ်။

ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဓားရှည်ကိုင်ဆောင်ပြီးတိုက်ခိုက်မှုကျူးလွန်လို့ ထိန်းသိမ်းခံခဲ့ရပါသေးတယ်။ ဖြစ်စဉ်မှာပါဝင်သူ ၁၅ ဦးကို စက်တင်ဘာ ၁၇ နဲ့ ၁၈ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ထပ်ပါဝင်တဲ့ ကိုစိုင်းလင်း ဆိုသူ မြန်မာနိုင်ငံသားတစ်ဦးကိုလည်း လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။

အခုလို အဝတ်လျှော်ဆိုင်ထဲ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ထိုင်းကျောင်းသားတစ်ဦး နဲ့ အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရုရှားတိုက်လေယာဉ်တွေ လေပိုင်နက်ထဲကျူးကျော်ပြီးတဲ့နောက် နေတိုးအရေးပေါ်အစည်းအဝေးလုပ်ဖို့ အက်စ်တိုးနီးယား တောင်းဆို

ကရင်မလင်မှာ စစ်ရေးပြနေတဲ့ MiG-31 တိုက်လေယာဉ်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရင်မလင်မှာ စစ်ရေးပြနေတဲ့ MiG-31 တိုက်လေယာဉ်တွေ (ပုံဟောင်း)

ရုရှားတိုက်လေယာဉ်တွေ သောကြာနေ့က အက်စ်တိုးနီးယားလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ပြီးနောက်မှာ အက်စ်တိုးနီးယားက နေတိုးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်လိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။

ရုရှား MiG-31 တိုက်လေယာဉ်သုံးစင်းဟာ ခွင့်ပြုချက်မရဘဲ အက်စ်တိုးနီးယားလေပိုင်နက်ကို ဝင်ရောက်ပြီး ဖင်လန်ပင်လယ်ကွေ့ပေါ်မှာ ၁၂ မိနစ်ခန့်ရှိနေခဲ့တယ် လို့ အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အီတလီ၊ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးစစ်ဆင်ရေးအဖြစ် အက်စ်တိုးနီးယားနိုင်ငံအရှေ့ပိုင်းကို တိုက်လေယာဉ်တွေ ချက်ချင်းစေလွှတ်ခဲ့ပါတယ်။

နေတိုးအဖွဲ့က တိုက်လေယာဉ်တွေဟာ အချိန်မဆိုင်းတုံ့ပြန်ပြီး ရုရှားတိုက်လေယာဉ်တွေကို ကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့ နေတိုးရဲ့ပြောခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။

ဒါက ရုရှားရဲ့ အဆင်အခြင်မဲ့အပြုအမူဖြစ်ပြီး နေတိုးရဲ့ ချက်ချင်းတုံ့ပြန်နိုင်စွမ်းလည်းဖြစ်ကြောင်း သူကပြောပါတယ်။

အက်စ်တိုးနီးယားလေပိုင်နက်ကို မကျူးကျော်ခဲ့ဘူးလို့ ရုရှားက နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

သူတို့ရဲ့ တိုက်လေယာဉ်တွေဟာ နိုင်ငံလေပိုင်နက်စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး သတ်မှတ်ထားတဲ့ ပျံသန်းမှုကိုသာပြုလုပ်ခဲ့တာဖြစ်ကာ တခြားနိုင်ငံတွေရဲ့ ပိုင်နက်ကို ကျူးကျော်ခဲ့တာမရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အက်စ်တိုးနီးယားပိုင်ဆိုင်တဲ့ ဗိုင်ဒလူးကျွန်းကနေ ၃ ကီလိုမီတာ(နှစ်မိုင်)အကျော်က ကြားနယ်မြေ ဘော်လ်တစ်ရေပြင်ပေါ် ဖြတ်ပျံခဲ့တာဖြစ်တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ လှုံ့ဆော်မှုဖြစ်ပြီး ညီညီညွတ်ညွတ်တုံ့ပြန်ဖို့ နေတိုးအဖွဲ့ဝင်တွေကို အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး မာဂတ်စ် ဆာခ်နာက တောင်းဆိုလိုက်ပါတယ်။

ရုရှားမောင်းသူမဲ့လေယာဉ်တွေဟာ သူတို့ရဲ့လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ကလည်း လွန်ခဲ့တဲ့အပတ်မှာ ပြောခဲ့ပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ တိုက်လေယာဉ်တွေအပါအဝင် ကာကွယ်ရေးစနစ်တွေကို အရှေ့ဘက်ကိုပို့ပေးမယ်လို့ နေတိုးက ကတိပြုခဲ့ပါတယ်။

အရေးပေါ်အစည်းအဝေးအတွက် နေတိုးအဖွဲ့ရဲ့ ပုဒ်မ ၄ ကိုတောင်းဆိုခဲ့တယ်လို့ အက်စ်တိုးနီးယားဝန်ကြီးချုပ် ခရစ္စတန် မီချဲက သောကြာနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။

ဒါဟာ တစ်ပတ်အတွင်း နေတိုးအဖွဲ့ဝင်တစ်နိုင်ငံက ပုဒ်မ ၄ ကို ဒုတိယအကြိမ်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားမောင်းသူမဲ့လေယာဉ်တွေ လေပိုင်နက်ကိုကျူးကျော်လာပြီးနောက်မှာ ပိုလန်က တောင်းဆိုခဲ့ပါသေးပါတယ်။

ရခိုင်မှာ ARSA နဲ့ RSO လှုပ်ရှားမှုတွေကို ကာကွယ်ဖို့ လုံခြုံရေး အထူးတိုးမြှင့်မယ်လို့ အေအေ ပြော

အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတို့ တွေ့ဆုံခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီး

ဓာတ်ပုံ ပုံစာ, အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတို့ တွေ့ဆုံခဲ့စဉ်

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့နေရာတချို့ကို ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေကဝင်ရောက်ကာ ဥပဒေချိုးဖောက်မှုတွေလုပ်နေတာကို ကာကွယ်တိုက်ဖျက်ဖို့အတွက် အာရက္ခတပ်တော် (အေအေ) အနေနဲ့ လုံခြုံရေးအထူးတိုးမြှင့် သွားမယ်လို့မနေ့ စက်တင်ဘာ ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ လူပြတ်တဲ့နေရာတွေကို တစ်ဦးတည်း ဒါမှမဟုတ် လူနည်းစုနဲ့သွားလာတာမလုပ်ကြဖို့၊ အရေးကြီးသွားလာရဖို့ရှိပါက နီးစပ်ရာမှာရှိတဲ့ အေအေရဲ့ အုပ်ချုပ်ရေး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပို့ဖို့လည်း ထည့်ပြောထားပါတယ်။

ဒီနယ်စပ်နဲ့မောင်တောခရိုင်နေရာတချို့ကို အေအေက လုံခြုံရေးအချိန်ပြည့်မဆောင်ရွက်နိုင်တဲ့အချိန်မှာ ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာခြေကုပ်ယူပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းကနေတဆင့် မောင်တောဘက်ကိုစိမ့်ဝင်လာတယ်လို့ ဆိုပါတယ်။

ဒီလိုဝင်ရောက်လာတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာတဲ့ ပြည်သူတွေထဲကမှ မွတ်ဆလင်မဟုတ်သူတွေကို ပြန်ပေးဆွဲသတ်ဖြတ်တာ တွေ ဒီရက်ပိုင်းဆက်တိုက်လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါအပြင် ARSA နဲ့ RSO အဖွဲ့တွေဟာ အေအေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ပုံစံမျိုး တိုက်ပွဲဖန်တီး ပြီး ‌ထောက်ခံမှုပိုရအောင် ဝါဒဖြန့်နေသလို သူတို့အပေါ်ထောက်ခံတဲ့ အဖွဲ့အစည်းတွေဆီက အားပေးမှုပိုရအောင် ကြိုးစားနေတယ်လို့ အေအေက ဖော်ပြထားတာပါ။

အေအေရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာလည်း စစ်တပ်နဲ့အတူ ရိုဟင်ဂျာလက်နက်ကိုင်တပ် တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အေအေကပြောခဲ့ပေမဲ့ RSO ကတော့ စစ်တပ်ရဲ့ အစိတ်အပိုင်းအနေနဲ့ တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့ အခုနှစ်ဇန်နဝါရီတုန်းက ဘီဘီစီကို ဖြေခဲ့ပါတယ်။

အဲဒီမောင်တောတိုက်ပွဲမှာ ကိုယ်ပိုင် လက်နက်၊ ကိုယ်ပိုင် စစ်ဝတ်စုံ တံဆိပ် အမှတ်အသားတွေကို အသုံးပြုလို့ RSO အဖြစ် အေအေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရန်ကုန်၊ လှိုင်သာယာက လူငယ် ၂ ဦးကို ရွေးကောက်ပွဲကာကွယ်စောင့်ရှောက်ရေးဥ‌ပဒေနဲ့ အမှုဖွင့်

ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်နှစ်ဦးဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်နှစ်ဦးဓာတ်ပုံ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့လူငယ် ၂ ဦးဟာ ရွေးကောက်ပွဲဆန့်ကျင် ကြောင်း စတေကာတွေကပ်လို့ဆိုပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာမှာဖော်ပြပါတယ်။

သူတို့ ၂ ဦးကို ထောင်ဒဏ် ၇ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ ပုဒ်မ ၂၃ (က) နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါဟာ လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ ရွှေလင်ဘန်းကျေးရွာက ကျန်စစ်သားလမ်းနဲ့ ဦးဖိုးလှိုင် လမ်းထောင့်မှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ နောက်ခံအနီရောင်ပါမှာ အဝါရောင်နဲ့ ရွေးကောက်ပွဲ ဆန့်ကျင် ကြောင်းရေးသားထားတဲ့စာတန်းပါ စတေကာနဲ့ အနက်ရောင်မဲပုံးပေါ်မှာ ကျည်ဆံ ပုံသဏ္ဍာန်ပါရှိတဲ့ စတေကာတွေကို စက်တင်ဘာ ၁၇ ရက်၊ မနက် ၆ နာရီကျော်ခန့်မှာ ကပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ညနေပိုင်းမှာပဲ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် (ခ) ကိုရဲထွဋ် နဲ့ အသက် ၂၃ နှစ်အရွယ်ရှိ ကိုရန်နိုင်ကြည်ဝင်း (ခ) ကိုရန်နိုင် (ခ) ကိုအကြီးကောင်တို့ကို သူတို့နေထိုင် တဲ့ လှိုင်သာယာအရှေ့ပိုင်း၊ ၆ ရပ်ကွက်ကနေအိမ်ကနေ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ တာပါ။

ဖမ်းဆီးပြီးတဲ့နောက် ဒီလူငယ်နှစ်ဦးဟာ စက်တင်ဘာ ၁၃ ရက်တုန်းကလည်း လှိုင်သာယာ အရှေ့ပိုင်းရော အနောက်ပိုင်းမှာပါရှိတဲ့ အများပြည်သူသွားလာတဲ့ နေရာ ၁၀ ခုထက်မနည်းမှာ ရွေးကောက်ပွဲဆန့်ကျင်‌ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရတယ်လို့ ပြောပါတယ်။

အတည်ပြုပြဋ္ဌာန်းတာ နှစ်လနီးပါးသက်တမ်းသာရှိသေးတဲ့ ဒီဥပဒေရဲ့ ပုဒ်မ ၂၃ (က) နဲ့ပဲ ရှမ်းပြည်နယ်တောင်ကြီးမြို့က အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ၁၅ ရက်အတွင်းမှာ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ကို ချမှတ်ခဲ့ပါတယ်။