ထိုင်းလေဆိပ်ထဲ ထိန်းသိမ်းခံထားရတဲ့အလှမယ်ဟန်လေးနဲ့ဘီဘီစီဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ စစ်ကောင်စီက ဝရမ်းထုတ်ခံထားရတဲ့ မြန်မာအလှမယ်ဟန်လေးကို မနေ့စက်တင်ဘာ ၂၁ ရက်မှာ ထိုင်းနိုင်ငံဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာအင်တာပိုလ်ရဲ့အလိုရှိစာရင်းထဲပါဝင်နေတယ်ဆိုပြီးဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ဘန်ကောက်လေဆိပ်ထဲမှာရှိနေတဲ့ ဟန်လေးကို ဘီဘီစီက လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

မဟန်လေး ထိန်းသိမ်းခံထားရတဲ့ဖြစ်စဥ်ကို ပြောပြပေးပါ။

ကျွန်မ အခု ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ် international lounge ထဲမှာပါ။ မနေ့က နေ့လယ် ၂ နာရီခွဲမှာ ကျွန်မ ဗီယက်နမ်ကနေ ထိုင်းကိုပြန်ရောက်ပါတယ်။ ထိုင်းကို အဝင်မှာ လေဆိပ်က အင်မီဂရေးရှင်းမှာ ကျွန်မပတ်စ်ပို့ကို သိမ်းပါတယ်။ ကျွန်မရဲ့ပတ်ပို့စ်ကို ပျောက်ဆုံးအနေနဲ့ လျှောက်ထားတယ်ဆိုပြီး ဗီယက်နမ်ဘက်ကိုလည်း သတင်းပို့ထားတယ်လို့ပြောပါတယ်။ ပြီးတော့ ကျွန်မဟာ မြန်မာမှာ ရာဇဝတ်မှုကျူးလွန်ထားတယ်ဆိုပြီး အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ရဲ့အလိုရှိစာရင်းအနီရောင်လစ်စ်ထဲပါနေတယ်ဆိုပြီး ပြောပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ လုပ်ကြပါတယ်။ ဒါပေမဲ့ ထိုင်းမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကျွန်မကို အစစအရာရာကူညီကြသလို တက်နိုင်သလောက်ကူညီနေပါတယ်။ ကျွန်မ ချက်ချင်း UNHCR ကိုဆက်သွယ်တော့ ချက်ချင်းပဲ လိုက်လာပြီး အကူအညီတွေပေးသလို ထိုင်းအစိုးရဘက်ကိုလည်း ဆက်သွယ်ထားပါတယ်။

မနေ့တည်းက ဖြစ်စဥ်ဖြစ်ပြီးတော့ ဘယ်မှာဘယ်လိုထိန်းသိမ်းခံထားရပါသလဲ။ နောက်ဆက်တွဲ မြန်မာနိုင်ငံထဲပြန်ပို့ဖို့ဖိအားပေးတာမျိုးကြုံရပါသလား။ ဘယ်လိုရှိပါသလဲ။

အခုတော့ မြန်မာကို ပြန်ပို့ဖို့ဆိုတဲ့ အခြေအနေကနေ ကျော်လာခဲ့ပါပြီ။ မနေ့ကတော့ချက်ချင်းပဲကျွန်မကို ဗီယက်နမ်ကိုပြန်ဖို့လေယာဥ်ပေါ်တက်ဖို့ပြောပါတယ်။ ကျွန်မကတော့ လုံးဝမတက်ပါဘူး။ ဗီယက်နမ်ပြန်ရောက်ရင် ကျွန်မကို မြန်မာပြည်ထဲပြန်ပို့မှာပါ။ ဒါကြောင့် ကျွန်မ ထိုင်းမှာပဲ ဆက်နေပါတယ်။ လုံးဝလေယာဥ်ပေါ်မတက်ပါဘူး။ တက်လိုက်တာနဲ့ကျွန်မကို မြန်မာကိုပြန်ပို့မှာပါ။ ကျွန်မကိုကူညီတဲ့အဖွဲ့အစည်းတွေကလည်း လေယာဥ်ပေါ် လုံးဝမတက်ဖို့မှာထားပါတယ်။ ဒါကြောင့် ထိန်းသိမ်းရေးစခန်းကို ခေါ်သွားပါတယ်။ လေဆိပ်ထဲမှာပါပဲ။ အခန်းကကျဥ်းကျဥ်းလေးပါ။ လေးယောက်တစ်ခန်းနေရပါတယ်။ ဒီမနက်မှာတော့ ကျွန်မကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေကြောင့်ထိန်းသိမ်းရေးအခန်းထဲကနေ လေဆိပ် international lounge ထဲ ရောက်နေပါပြီ။ ကျွန်မကို ဗီယက်နမ်လေကြောင်းလိုင်းက ဝန်ထမ်းတချို့လည်း စောင့်ပေးနေပါတယ်။ သူတို့လေကြောင်းလိုင်းနဲ့ လိုက်လာပြီးပတ်စ်ပို့လည်း သိမ်းခံရတော့သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ယူဆချက်နဲ့ပါ။

ထိုင်းနိုင်ငံတွင်းမှာမဟန်လေးက ဒီမတိုင်ခင်ဘယ်လိုဆက်နေထိုင်နေတာပါလဲ။ အခု ဗီယက်နမ်ကိုရောဘာကြောင့်ထွက်ခွာတာပါလဲ။

ကျွန်မက ထိုင်းမှာ တိုးရစ်ဗီဇာနဲ့နေတာတစ်နှစ်ကျော်နေပါပြီ။ သက်တမ်းကတော့ နှစ်လတစ်ကြိမ်နဲ့ အင်မီဂရေးရှင်းမှာကျွန်မသွားသွားတိုးနေတာပါ။ အခု အဲဒီလိုတိုးလို့မရတော့တဲ့အဆုံး တခြားနိုင်ငံတစ်ခုကိုပြန်ထွက်ပြီး ပြန်ဝင်ပြီးမှ သက်တမ်းတိုးလို့ရမှာမို့ ဗီယက်နမ်ကိုပြန်ထွက်ပြီး ထိုင်းကိုအဝင်မှာ ခုလိုကြုံရတာပါ။

အခုလို ကိုယ့်ရဲ့ ရပ်တည်ချက်ကြောင့် ဒီလိုကြုံရတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ကျွန်မလုပ်ခဲ့တဲ့အရာတွေကို ကျွန်မနောင်တမရပါဘူး။ ကျွန်မရဲ့ လူ့အခွင့်အရေးအရ ကျွန်မ မှာ ပြောရေးဆိုခွင့်အပြည့်အဝရှိပါတယ်။ ကျွန်မမကြိုက်တာကိုမကြိုက်ကြောင်းပြောတယ်။ မြန်မာမှာဖြစ်နေတာတွေအတွက် အကူအညီတွေတောင်းခဲ့တယ်။ ဒါကြောင့် ခုလိုဖြစ်လာလည်း အရမ်းဝမ်းမနည်းပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံသားတစ်ယောက်ကို တခြားနိုင်ငံမှာ ခုလို ကြုံရအောင် ဒုက္ခတွေ့အောင်လုပ်တာကိုတော့ ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ကျွန်မဘက်က လက်မလျှော့ပါဘူး။

အခု ဒီဖြစ်စဥ်အပြီးမှာ UNHCRကနေတစ်ဆင့်သွားနေတဲ့ အခြေအနေကရော ဘယ်လိုဆက်ဖြစ်လာမလဲ။ ထိုင်းမှာပဲဆက်ရှိမလား။ တတိယနိုင်ငံတစ်ခုခုကိုသွားတော့မလား။

ကျွန်မ ကနေဒါသံအမတ်နဲ့လည်းတွေ့ဆုံထားပြီးပါပြီ။ ကျွန်မ UNHCR နဲ့လုပ်နေတဲ့ကျွန်မရဲ့ ကနေဒါနိုင်ငံကို သွားရောက်ဖို့ကိစ္စကလည်းအရင်တည်းက ရှိနေတာပါ။ ခုတော့ ဒီလုပ်ငန်းစဥ်ကို အရင်ထက်ပိုမြန်အောင်လို့ UNHCR ကလည်း အစွမ်းကုန်ကူညီနေပါတယ်။ အခုလို ဖြစ်စဥ်ဖြစ်လာတော့ ထိုင်းကိုပဲပြန်ဝင်ရမလား။ နဂိုလုပ်ထားတဲ့ ကနေဒါကိုပဲ အမြန်ထွက်သွားရမလား။ ဒါမှမဟုတ် ထိုင်းကနေပဲ​တခြားနိုင်ငံတစ်ခုခုကို ချက်ချင်း ကူးရတော့မှာလားဆိုတာတော့ကျွန်မကိုယ်တိုင်မသိသေးပါဘူး။

ကျေးဇူးတင်ပါတယ်။