ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အသက် ၈၂ နှစ်အထိ ဓားသိုင်းလေ့ကျင့်နေတဲ့အိန္ဒိယဘွားဘွားကြီး
- ရေးသားသူ, ဆူမီထရာ နိုင်ယာ
- ရာထူးတာဝန်, ကီရားလားပြည်နယ်
ကာလာရီပါယက်တူ လို့ခေါ်တဲ့ အိန္ဒိယ ရှေးဟောင်းဓားသိုင်း ကိုယ်ခံပညာသင်ကြားပေးနေတဲ့ အသက် ၈၂ နှစ်အရွယ် ဘွားဘွားကြီးက သူ့မှာ ဓားသိုင်းနဲ့ပတ်သက်ပြီး အနားယူဖို့ စိတ်ကူးမရှိသေးဘူးလို့ ပြောပါတယ်။
"ကာလာရီ ဓားသိုင်းကို သူ ကွယ်လွန်တဲ့နေ့အထိ ဆက်ကျင့်သွားကောင်း ကျင့်သွားမယ်"လို့ မီနက်ရှီရာဂါဗန် က ပြောပါတယ်။ သူဟာ ဒီရှေးရိုး ဓားသိုင်း လေ့ကျင့်သူတွေထဲမှာ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး ဖြစ်လိမ့်မယ်လို့ အများက ယူဆထားပါတယ်။
ကာလာရီပါယက်တူ ဆိုတာက ကာလာရီနဲ့ ပါယက်တူ ဆိုတဲ့ စကားလုံးနှစ်ခု ပေါင်းထားတာဖြစ်ပါတယ်။ ကာလာရီ ဆိုတာ စစ်မြေပြင် လို့ အဓိပ္ပာယ် ရပြီး ပါယက်တူ ဆိုတာ တိုက်ခိုက်တာ ဆိုတဲ့အဓိပ္ပာယ်ပါ။
ဒီဓားသိုင်းနည်း ဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာရဲလားပြည်နယ်မှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ လောက်ကတည်းက ကျင့်သုံးလာခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ရှေးအကျဆုံး ကိုယ်ခံပညာ အဖြစ် သတ်မှတ်ထားကြပါတယ်။
ဒီဓားသိုင်းပညာကို တိုက်ခိုက်ဖို့အတွက် သက်သက်ပဲ လေ့ကျင့်တာမဟုတ်ဘဲ စည်းကမ်းလိုက်နာတတ်အောင် ခွန်အားတည်ဆောက်တတ်အောင်နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိလာအောင် အတွက်လည်း လေ့ကျင့်တာ ဖြစ်ပါတယ်။
သူနေတဲ့ ကာရဲလားပြည်နယ်က ဗာဒါကာရာမြို့မှာ ဘွားဘွားကြီး မီနက်ရှီ ရာဂါဗန် ကို "မီနက်ရှီ အမား"လို့ အများက ချစ်စနိုးခေါ်ကြပါတယ်။
"အမား" ဆိုတာ မာလာယာလမ် ဘာသာစကားအရ "အမေ" လို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီမြို့ဟာ ယူနီယာချာ၊ အရိုမယ်လ် ချက်ကာဗာ နဲ့ သာချိုလီ အိုသီနန် တို့လို ရှေးဒဏ္ဍာရီလာစစ်သူကြီးတွေ နေထိုင်ခဲ့ရာ မြို့အဖြစ်လည်း ကျော်ကြားပါတယ်။
ဘွားဘွားကြီး မီနက်ရှီ ဟာ တခြားမြို့တွေမှာလည်း အလျဉ်းသင့်သလို ဓားသိုင်း ကပြဖျော်ဖြေလေ့ ရှိပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ၁၉၅၀ ခုနှစ်က သူ့ခင်ပွန်းသည် တည်ထောင်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင် ကာလာရီ ဓားသိုင်းကျောင်းမှာ သင်ပြပေးနေပါတယ်။
ဘွားဘွားကြီး မီနက်ရှီ ဟာ နေ့စဉ် မနက် ၅ နာရီကနေ နေ့လယ်အထိ ဓားသိုင်း သင်တန်းတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။
"နေ့တိုင်း သင်တန်းသား ၅၀ လောက်ကို ကျွန်မ ဓားသိုင်း သင်ပေးပါတယ်။ ကျွန်မရဲ့ သားသမီး လေးယောက်ကိုလည်း ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းက ဓားသိုင်း သင်ပေးထားပါတယ်။ သူတို့လေးတွေက လေးနှစ်အရွယ်လောက်ကတည်းက စပြီး ဓားသိုင်း သင်ယူခဲ့ကြတာပါ"လို့ သူက ပြောပြပါတယ်။
ကာလာရီပါယက်တူ ဓားသိုင်းပညာမှာ အဆင့် လေးဆင့် ရှိပါတယ်။ ဒီပညာကို သင်ယူတတ်မြောက်ဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်။
မေပက်တူ - ကိုယ်ခန္ဓာ ပျော့ပြောင်းအောင် ဆီနဲ့ နှိပ်နယ်တဲ့ လေ့ကျင့်ခန်းနဲ့ စတင်ပါတယ်။
နှစ်နှစ်လောက်ကြာရင် သင်တန်းသားတွေက ကိုလ်သာရီ (တုတ်ချောင်းနဲ့ တိုက်ခိုက်နည်း) ကို တဆင့်တက် သင်ယူရပါတယ်။ အဲဒီနောက်မှာ အန်ဂါသာရီ(လက်နက်နဲ့ တိုက်ခိုက်နည်း) ကို သင်ယူရပါတယ်။ နောက်ဆုံးမှာမှ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ဗီရမ်ကိုင် (လက်မပါ ဗလာ တိုက်ခိုက်နည်း) ကို သင်ယူရပါတယ်။
ကာလာရီပါယက်တူ ဓားသိုင်းပညာကို ထူးထူးချွန်ချွန် တတ်မြောက်နိုင်ဖို့အတွက် ပုံမှန်အားဖြင့် အချိန် ငါးနှစ်လောက်ယူရပါတယ်။
ကွန်ဖူး ကိုယ်ခံပညာကလည်း ကာလာရီပါယာတူ ဓားသိုင်းပညာက အသက်ရှူသွင်း၊ ရှူထုတ်နည်းနဲ့ မာမက်ရှက်စထရာ လို့ခေါ်တဲ့ စွမ်းအင်စီးဆင်းမှုကောင်းအောင် လှုံ့ဆော်ပေးတဲ့နည်းမျိုးတွေကို သုံးထားတာလို့ ယူဆရကြောင်း နောက် ဓားသိုင်း ဆရာတစ်ဦးဖြစ်တဲ့ ဗီနော့ဒ် ကာဒန်ဂယ် ကပြောပါတယ်။
ရှေးဒဏ္ဍာရီသမိုင်းကြောင်းတွေထဲမှာ ၆ ရာစုနားတဝိုက်တုန်းက ဗုဒ္ဓဘုန်းတော်ကြီး ဗောဓိဓမ္မ က ရှောင်လင်ဘုန်းကြီးတွေကို ဒီနည်းပညာတွေ သင်ပေးခဲ့တယ်လို့ ဖော်ပြထားပြီး ဒီနည်းပညာက ပိုလူသိများတဲ့ ရှောင်လင် တရုတ်ကိုယ်ခံပညာမှာ လွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။
ဘွားဘွားကြီး မီနက်ရှီ က လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ပထမဆုံးအကြိမ် ဒီဓားသိုင်းပညာ လေ့ကျင့်ဖို့ ဖြစ်လာတဲ့အကြောင်းကို ခုချိန်ထိ မှတ်မိနေဆဲပဲ လို့ ပြောပြပါတယ်။
"ကျွန်မ အသက် ခုနစ်နှစ်အရွယ်မှာ အက အရမ်းတော်ခဲ့ပါတယ်။ ကျွန်မရဲ့ ဆရာ ဗီပီ ရာဂါဗန်က ကျွန်မ အဖေကို လာတွေ့ပြီး ကျွန်မ ကာလာရီပါယက်တူ ဓားသိုင်းပညာ သင်သင့်တယ်ဆိုပြီး အကြံပေးခဲ့ပါတယ်။ အကပညာလိုပဲ ဒီဓားသိုင်းပညာကလည်း ကိုယ်ခန္ဓာ ပျော့ပြောင်းဖို့ လိုပါတယ်" လို့ သူက ပြောပြပါတယ်။
ဆရာ ဗီပီ ရာဂါဗန် နဲ့ သူ့ရဲ့ အစ်ကိုတွေဟာ ဇာတ်နိမ့်တွေ ဖြစ်တာမို့ တခြားကျောင်းတွေမှာ ဝင်ခွင့် ငြင်းပယ်ခံခဲ့ရအပြီးမှာ သူတို့ကိုယ်ပိုင် ကာလာရီပါယက်တူ ဓားသိုင်းကျောင်း ဖွင့်ခဲ့ကြပါတယ်။ အဲဒီအချိန်က ဗီပီ ရာဂါဗန် ဟာ အသက် ၁၅ နှစ်ပဲ ရှိသေးပြီး ကာရဲလားပြည်နယ်က သီယူယာ လူမှုအသိုင်းအဝိုင်းရဲ့ သောင်းသောင်းဖျဖျ အားပေးမှုကို ခံခဲ့ရပါတယ်။
"ကာလာရီ ဓားသိုင်းပညာ သင်ဖို့ လာစာရင်းသွင်းသူတွေက မိန်းကလေးတွေ ဖြစ်နေလို့ ညှာတာမျိုး မရှိပါဘူး။ အဲဒီအချိန်က ကီရားလားပြည်နယ်က ကျောင်းတွေအားလုံးမှာ ကာယပိုင်းဆိုင်ရာ ဓားသိုင်းပညာကို မဖြစ်မနေ သင်ယူရပါတယ်။ ဒါပေမဲ့ အပျိုဖော်ဝင်ပြီးရင်တော့ ရပ်ရပါတယ်"လို့ သူက ပြောပြပါတယ်။
တခြားသူတွေလို မဟုတ်ဘဲ သူ့ဖခင်က မီနက်ရှီ ကို ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်အထိ ဓားသိုင်းပညာ ဆက်သင်ဖို့ အားပေးခဲ့ပါတယ်။ မီနက်ရှီ အသက် ၁၇ နှစ်မှာ ဆရာ ရာဂါဗန်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး မကြာခင်မှာ လက်ထပ်လိုက်ကြပါတယ်။
သူတို့နှစ်ဦး အတူတွဲပြီး သင်တန်းသား ရာပေါင်းများစွာကို ဓားသိုင်းပညာ သင်ပေးခဲ့ကြပါတယ်။ အများအားဖြင့် အခကြေးငွေ မယူဘဲ သင်ပေးခဲ့တာပါ။
"အဲဒီအချိန်တုန်းက ကလေးအတော်များများက ဆင်းရဲတဲ့ မိသားစုတွေကနေ လာကြတာပါ။ ဆရာအတွက် ကန်တော့တဲ့ငွေမျိုးကိုပဲ ကျွန်မခင်ပွန်းက လက်ခံခဲ့ပါတယ်" လို့ ဘွားဘွားကြီး မီနက်ရှီ က ပြန်ပြောပြပါတယ်။
လှူဒါန်းငွေတွေနဲ့ သူတို့ရဲ့ ကျောင်းလေး ဆက်ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရာဂါဗန်က အပိုဝင်ငွေအတွက် ကျောင်းဆရာ အလုပ်လုပ်ခဲ့ပါတယ်။ ခင်ပွန်းသည် ကွယ်လွန်သွားအပြီး ၂၀၀၇ ခုနှစ်မှာ ဘွားဘွားကြီး မီနက်ရှီ က သင်တန်းကျောင်းကို တရားဝင် အုပ်ချုပ်ခဲ့ပါတယ်။
လောလောဆယ် အငြိမ်းစားယူဖို့ စိတ်ကူး လုံး၀ မရှိသေးပေမဲ့ တစ်နေ့ကျရင် သင်တန်းကျောင်းကို သားအကြီးဆုံး ဆန်ဂျိဗ် ကို လွှဲပေးဖို့ ဘွားဘွားကြီး မီနက်ရှီ က မျှော်လင့်ထားပါတယ်။
သင်တန်းကျောင်းမှာ နည်းပြအဖြစ်လည်း တာ၀န်ယူထားတဲ့ အသက် ၆၂ နှစ်အရွယ် ဆန်ဂျိဗ် က သူ့မိခင်ဆီကနေ ဓားသိုင်းပညာကို အကောင်းဆုံး သင်ယူခွင့် ရခဲ့တဲ့အတွက် သိပ်ကို ကံကောင်းတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သားဖြစ်နေလို့ဆိုပြီး ဘွားဘွားကြီး မီနက်ရှီ ကတော့ မျက်နှာသာပေးတာမျိုး မရှိဘဲ သူ့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ဘက် ဖြစ်နေတုန်းပဲ လို့ ဆန်ဂျိဗ် က ပြောပြပါတယ်။
ဘွားဘွားကြီး မီနက်ရှီ ဟာ သူတို့ဒေသမှာ လူသိများတဲ့ ဆယ်လီတစ်ဦး ဖြစ်ပါတယ်။ ဘီဘီစီက သူ့ကို အင်တာဗျူး လုပ်နေစဉ်မှာပဲ သူ့ကို ဆုပေးပွဲ အခမ်းအနားတစ်ခုမှာ ဖိတ်ဖို့ နိုင်ငံရေးသမား သုံးဦး ရောက်လာခဲ့ပါတယ်။
"အမေကြီး၊ ဆုပေးပွဲမှာ မဖြစ်မနေ လာချီးမြှင့်ပေးပါနော်" လို့ အဲဒီထဲက နိုင်ငံရေးသမားတစ်ဦးက လက်အုပ်ချီ ပန်ကြားခဲ့ပါတယ်။
"ငါ့ကို စဉ်းစားပြီး ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခမ်းအနားပွဲ လာပါ့မယ်" လို့ ဘွားဘွားကြီးက ပြန်ပြောခဲ့ပါတယ်။
သူ့တပည့် သင်တန်းသားတွေက သူ့ကို ကြောက်ရွံ့လေးစားကြတယ်လို့ ပြောပြကြပါတယ်။ သင်တန်းသား အတော်များများက ကီရာလားပြည်နယ်တဝန်းမှာ သူတို့ကိုယ်ပိုင် ကာလာရီ ဓားသိုင်းသင်တန်းကျောင်းတွေ ဖွင့်ခဲ့ကြပါတယ်။ ဒါက ဘွားဘွားကြီး မီနက်ရှီ အတွက် အကြီးအကျယ် ဂုဏ်ယူစရာဖြစ်ပါတယ်။
"ဘွားဘွားကြီး မီနက်ရှီ ဟာ နေရာအနှံ့က အမျိုးသမီးတွေအတွက် အတုယူစရာပါ။ တပည့်သင်တန်းသားတွေအပေါ် မေတ္တာပြတတ်သူ ဖြစ်ပေမဲ့ ကာလာရီ ဓားသိုင်းပညာနဲ့ ပတ်သက်ရင်တော့ စည်းကမ်း တင်းကျပ်လေ့ရှိတဲ့ ရှားပါး ပုဂ္ဂိုလ်အမျိုးသမီးကြီး တစ်ဦး ဖြစ်ပါတယ်" လို့ သူ့ရဲ့ တပည့်ဟောင်းတစ်ဦးဖြစ်သူ ကေအက်ဖ် သောမတ်စ် က ပြောပါတယ်။