နာဇီမျိုးရိုး သီအိုရီကို စိန်ခေါ်ခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ရှေ့ဆောင် မနုဿဗေဒပညာရှင်

    • ရေးသားသူ, ချယ်ရလန်း မိုလန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ မွန်ဘိုင်း

ကိုလိုနီခေတ် အိန္ဒိယမှာ ကြီးပြင်းလာတဲ့ ဧရာဝတီ ကာဗီဟာ အဲဒီခေတ်က အမျိုးသမီးတွေ မရခဲ့တဲ့ အခွင့်အရေးတွေ ရခဲ့ပြီး ပြည်ပမှာ အဆင့်မြင့် ပညာတွေ ဆည်းပူးခဲ့ရာက အိန္ဒိယရဲ့ ပထမဆုံး အမျိုးသမီး မနုဿဗေဒပညာရှင်နဲ့ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။

သူကြိုက်တဲ့ ယောက်ျားကို ရွေးချယ် လက်ထပ်ခဲ့သလို ရေကူး၀တ်စုံနဲ့ ရေကူးတတ်၊ စကူတာ ဆိုင်ကယ် စီးတတ်တဲ့ ကာဗီဟာ သူ့ပါရဂူကို ကြီးကြပ်ပေးရတဲ့ အွိုင်ဂန်ဖစ်ရှား ဆိုတဲ့ နာမည်ကြီး ဂျာမန် မနုဿဗေဒပညာရှင်ရဲ့ လူမျိုးစွဲ အယူအဆတွေကို အံတုရဲခဲ့သူလည်း ဖြစ်ပါတယ်။

သူရေးခဲ့တဲ့ အိန္ဒိယယဉ်ကျေးမှုနဲ့ လူ့အဖွဲအစည်း၊ ဇာတ်စနစ်အကြောင်းတွေက ရှေ့ဆောင်လမ်းပြ အရေးအသားတွေ ဖြစ်ပြီး အိန္ဒိယ ကောလိပ်ကျောင်းတွေမှာ သင်ရိုးအဖြစ် သုံးနေကြပေမယ့် သမိုင်းမှာ သူ့အကြောင်း သိသူက နည်းပါတယ်။

၁၉၀၅ ခုနှစ်က မြန်မာပြည်မှာ မွေးတဲ့သူ့ကို ဧရာဝတီမြစ်ကြီးကို အစွဲပြုပြီး မှည့်ခေါ်ခဲ့ကြပါတယ်။ မွေးချင်း ခြောက်ယောက်ထဲမှာ တဦးတည်းသောသမီးမို့ မိသားစုရဲ့ အချစ်ကို ပိုမို ရရှိကြီးပြင်းခဲ့ပါတယ်။

ခုနစ်နှစ်သမီးမှာ ဧရာဝတီဟာ ပူနေးမှာ ကျောင်းအိပ်ကျောင်းစား သွားနေခဲ့ပါတယ်။ အဲဒီခေတ်က အိန္ဒိယမှာ မိန်းကလေးအများစုကို အိမ်ထောင်ချပေးတတ်တဲ့ အရွယ်မှာ သူ့ဖခင်က ပေးခဲ့တဲ့ အခွင့်အရေးပါ။ ပူနေးမှာ ဧရာဝတီကို ပရန်ဂျ်ပေးဆိုတဲ့ ကောလိပ်ကျောင်းအုပ်ကြီးရဲ့ မိသားစုက သူ့ကို သမီးအရင်းလို စောင့်ရှောက်ပါတယ်။

ပရန်ဂျ်ပေး မိသားစုမှာ ဧရာဝတီအတွက် အိန္ဒိယလူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်စေကာမူ ဝေဖန်တွေးခေါ်မှုနဲ့ ဖြောင့်မတ်စွာ နေထိုင်နိုင်မှုဆိုတဲ့ နည်းလမ်းတွေ ရခဲ့ပါတယ်။ ခေတ်ရှေ့ပြေးတဲ့ ပရန်ဂျ်ပေးကို ဧရာဝတီက ဒုတိယအဖေလို့ သတ်မှတ်ခဲ့ပါတယ်။

အမျိုးသမီးပညာရေးကို အားပေးတဲ့ ပရန်ဂျ်ပေးဟာ သူကိုယ်တိုင်လည်း ဘာသာမဲ့သူ ဖြစ်ပါတယ်။ သူ့ဆီကတဆင့် လူမှုသိပ္ပံပညာတွေရဲ့ လူ့အဖွဲ့အစည်းပေါ် ရိုက်ခတ်မှုကို ဧရာဝတီ ရှာတွေ့ခဲ့ပါတယ်။

ဘာလင်မှာ မနုဿဗေဒ ပါရဂူဘွဲ့ယူဖို့ ဧရာဝတီ ဆုံးဖြတ်ချိန်မှာ သူ့ဖခင်အရင်းက ကန့်ကွက်ခဲ့ပေမယ့် သူ့မွေးစားဖခင် ကျောင်းအုပ်ကြီး ပရန်ဂျ်ပေးနဲ့ သူ့ခင်ပွန်း သိပ္ပံပါမောက္ခ ဒင်ကာ ကာဗီတို့က ထောက်ခံခဲ့ကြပါတယ်။

ဂျာမနီကို သူ သင်္ဘောခရီးရှည်ကြီး စီးပြီး ၁၉၂၇ က ရောက်ခဲ့ပါတယ်။ အဲဒီနောက် မနုဿဗေဒနဲ့ မျိုးရိုးသန့်စင်မှု ပညာရှင် နာမည်ကျော် ပါမောက္ခ ဖစ်ရှာရဲ့ ကွပ်ကဲမှုအောက်မှာ သူ ပညာသင်ခဲ့ပါတယ်။

အဲဒီအချိန်က ဂျာမနီမှာ ပထမကမ္ဘာစစ်အရှိန်မှာ ရိုက်ခတ်နေဆဲ ဖြစ်ပြီး ဟစ်တလာ အာဏာမရသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူးမုန်းတီးရေးအမြင်တွေ စတင်ပေါ်ထွန်းနေပြီး ဧရာဝတီကိုယ်တိုင်လည်း ဒီအမုန်းတရားကို တရက်မှာ ကြုံခဲ့ရပါတယ်။ သူနေတဲ့ ကျောင်းဆောင်က ဂျူးကျောင်းသားတယောက် အသတ်ခံခဲ့ရတာပါ။

အဆောင်အပြင်ဘက်က လူသွားလမ်းမှာ ဒီကျောင်းသားရဲ့ ရုပ်အလောင်းက သွေးတွေ အိုင်ထွန်းနေတာကို တွေ့လိုက်ရတဲ့ ဧရာဝတီဟာ ထိတ်လန့် စက်ဆုပ်မှုတွေ ကြုံခဲ့ရကြောင်း သူ့မြေးရေးတဲ့ သူ့ဘဝအကြောင်း စာအုပ်မှာ ပါရှိပါတယ်။

သူ့ပါမောက္ခ ဖစ်ရှာက ဧရာဝတီရဲ့ ဘွဲ့ယူကျမ်းမှာ လူဖြူ ဥရောပသားတွေက ပိုပြီး စဉ်းစားတွေးခေါ်တတ်ကြောင်း၊ ဒါကြောင့် လူဖြူမဟုတ်သူတွေထက်ပိုပြီး မျိုးရိုးအရ အားသာကြောင်း သက်သေပြခိုင်းတော့လည်း သူ ခံစားခဲ့ရပြန်ပါတယ်။ သူလုပ်ရတဲ့ သုတေသနမှာ လူခေါင်းခွံ ၁၄၉ ခုကို တိုင်းထွာပြီး အသေးစိတ် လေ့လာတာလည်း ပါပါတယ်။

လူဖြူတွေမှာ ဦးခေါင်းခွံ အချိုးမကျလို့ ဦးနှောက်ညာဘက် ရှေ့ပိုင်းပိုကြီးတယ်၊ ဒါကြောင့် ဥာဏ်ပိုကောင်းပြီး အကင်းပါးတယ်လို့ ဖစ်ရှာက ယူဆပါတယ်။ ဒါပေမဲ့ ဦးခေါင်းခွံ အချိုးမကျမှုနဲ့ လူမျိုးရိုးကြားမှာ အဆက်အစပ်မရှိကြောင်း ဧရာဝတီရဲ့ သုတေသနက တွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိချက်က သူ့ဆရာရဲ့ အယူအဆကိုသာမက အဲဒီအချိန်က ခေတ်စားတဲ့ သီအိုရီ သဘောတရားရဲ့ ပင်မရေစီးကိုပါ ဆန့်ကျင်လိုက်တာ ဖြစ်ပါတယ်။

သူ့ပါရဂူဘွဲ့ မရမှာ၊ သူ့ဆရာရဲ့ ဒေါသနဲ့ တွေ့မှာ တွေကို မကြောက်လန့်ဘဲ သူ့တွေ့ရှိချက်ကို ဧရာဝတီက ရဲရဲရင့်ရင့်နဲ့ တင်ပြခဲ့ပါတယ်။ ဖစ်ရှာက သူ့ကို အနိမ့်ဆုံးအဆင့်ဘွဲ့ကို ပေးပေမယ့် သူ့သုတေသနကတော့ လူသားမျိုးနွယ်တွေရဲ့ ကွာခြားချက်တွေကို လူမျိုးရေးခွဲခြားမှုမှာ သုံးတာကို သိပ္ပံနည်းကျ ဝေဖန်ပြီး ပယ်ချခဲ့ပါတယ်။

နောက်ပိုင်းမှာ နာဇီတွေက ဖစ်ရှာရဲ့ လူမျိုးရေး ကြီးမြတ်မှုသီအိုရီတွေကို သူတို့ ဝါဒဖြန့်အတွက် ယူသုံးပြီး ဖစ်ရှာကိုယ်တိုင် နာဇီပါတီကို ဝင်ခဲ့ပါတယ်။

သူ့ဘဝတလျှောက်လုံး ဒီရဲရင့်တဲ့ စိတ်ဓာတ်ကို ကြင်နာ နားလည်မှုနဲ့ ဧရာဝတီ ပြသခဲ့ပါတယ်။ အထူးသဖြင့် သူတွေ့ကြုံခဲ့တဲ့ အမျိုးသမီးတွေအတွက် ဖြစ်ပါတယ်။

အမျိုးသမီးတယောက်အတွက် အိမ်ကနေ အဝေးကြီး သွားဖို့ ဆိုတာ မစဉ်းစားနိုင်ခဲ့တဲ့အချိန်မှာ အိန္ဒိယပြန်ရောက်လာတဲ့ ဧရာဝတီကတော့ ဝေးလံတဲ့ တောင်ပေါ်ရွာတွေကို ကွင်းဆင်းဖို့ သွားခဲ့ပါတယ်။ တခါတလေ အမျိုးသား လုပ်ဖော်ကိုင်ဖက်တွေ၊ တခါတလေမှာ ကျောင်းသားတွေအပြင် သူ့သားသမီးတွေပါ ခေါ်ပြီး မျိုးနွယ်စုတွေရဲ့ စုံလင်တဲ့ ဘဝကို လေ့လာခဲ့ပါတယ်။

အရင် နှစ် တသောင်းခွဲက အရိုးတွေကို ပြန်ဖော်ပြီး အတိတ်နဲ့ ပစ္စုပ္ပန်ကို ပေါင်းကူးတဲ့ ရှေးဟောင်း သုတေသန လေ့လာရေးခရီးတွေကိုလည်း သူပါဝင်ခဲ့ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ ခရီးတွေမှာ တောနက်တွေထဲ သွားရသလို တောင်ပေါ်ခရီးတွေကို သီတင်းပတ်တွေ လတွေနဲ့ချီပြီး နှင်ရတတ်ပါတယ်။ စပါးကျီတွေ၊ ကုန်ကားတွေပေါ်မှာ အိပ်ပြီး တခါတလေ စားစရာ နည်းနည်းလေးနဲ့ ရက်ချီ သွားရတတ်ပါတယ်။

ဧရာဝတီဟာ ဘဝစုံက လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သူ့လူမှုဘဝကို သူမေ့ထားပြီး ရဲရဲရင့်ရင့် ရင်ဆိုင်တတ်ပါတယ်။

ဟိန္ဒူ ဗြဟ္မဏ မျိုးနွယ်ဝင် ဧရာဝတီဟာ သက်သတ်လွတ်ပဲ စားတဲ့ ဟိန္ဒူဇာတ်မြင့်တယောက် ဖြစ်ပေမယ့် သူလေ့လာလိုတဲ့ လူမျိုးစု ခေါင်းဆောင်တယောက်က ပေးတဲ့ အသားစိမ်းကို စားပြတာမျိုးတွေကိုလည်း ရဲရဲဝံ့ဝံ့ လုပ်ပါတယ်။ ဒီလို စားခိုင်းတာဟာ မိတ်ဆွေဖွဲ့မှုနဲ့ သစ္စာရှိမှုကို ပြတဲ့ လက္ခဏာလို့ သူက လက်ခံပြီး ဒါကို ပွင့်ပွင့်လင်းလင်း စူးစမ်းချင်စိတ်နဲ့ တုံ့ပြန်ခဲ့ပါတယ်။

သူ့လေလာမှုတွေကနေ လူမျိုးနွယ်အပေါ် ချစ်ခင်နားလည်မှုကို လေးနက်စေခဲ့ပြီး ဟိန္ဒူအပါအဝင် ဘာသာရေး အယူအဆတွေကြားက ပြင်းထန်တဲ့ အခြေခံဝါဒတွေကို သူကိုယ်တိုင် ဝေဖန်လာစေခဲ့ပါတယ်။ အိန္ဒိယဟာ ဒီနိုင်ငံကို အိမ်လို့ သတ်မှတ်သူတိုင်းနဲ့ ဆိုင်တယ်လို့ သူက ယူဆပါတယ်။

၁၉၇၀ က ကွယ်လွန်ခဲ့ပေမယ့် ဧရာဝတီ ကာဗီရဲ့ ဂုဏ်သတင်းက ခုထိ မွှေးနေဆဲ ဖြစ်ပါတယ်။