ငလျင်သင့်လွှတ်တော်ကို ဘယ်လိုအမြန်ဆောက်ခဲ့လဲ

ဖတ်ရန်အချိန်: မိနစ် ၆

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာခဲ့ပြီးမှ အနိုင်ရကိုယ်စားလှယ်တွေအတွက် တက်စရာလွှတ်တော်ရှိပါ့မလားလို့ စိုးရိမ်မှုကြုံခဲ့ရပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ငလျင်ကြီးကြောင့် နေပြည်တော်က လွှတ်တော်အဆောက်အအုံတွေနဲ့ လမ်းတွေ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့လို့ဖြစ်ပါတယ်။

ကျပ်ဘီလျံပေါင်းများစွာကုန်ကျမယ့် လွှတ်တော်ပြန်လည်ပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရကိုယ်စားငွေစိုက်ထုတ်ပေးထားမယ့်သူနဲ့ ဆောက်လုပ်ပေးမယ့် ကုမ္ပဏီကို အပူတပြင်းရှာဖွေခဲ့ပါတယ်။

နောက်ဆုံးတော့ ငွေကြေးစီးဆင်းမှုတွေအတွက် နာမည်ကျော်ဘဏ်သူဋ္ဌေးကြီး ဦးအောင်ကိုဝင်းကို တာဝန်ပေးခဲ့ပြီး ဆောက်လုပ်ရေးအတွက်ကိုတော့ လွှတ်တော်ကိုဦးဆောင်တည်ဆောက်ခဲ့သူ အားကစားဝန်ကြီးဟောင်းဦးတင့်ဆန်းနဲ့ သူ့ရဲ့ ACE ကုမ္ပဏီကိုတာဝန်ပေးခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တက်သုတ်ရိုက် လွှတ်တော်

ဆရာကျောင်းလို့ လူသိများတဲ့ ဦးအောင်ကိုဝင်းဟာ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် မေလဝန်းကျင်မှာ လွှတ်တော်ကို ရောက်လာခဲ့ပြီး အပျက်အစီးတွေကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီအကြောင်းကို စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ မတွေ့ရပါဘူး။

ဒါပေမဲ့ ဦးအောင်ကိုဝင်းက လွှတ်တော်ခဏသာလာခဲ့သူဖြစ်ပြီး လွှတ်တော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ အမြဲရှိနေသူကတော့ အားကစားဝန်ကြီးဟောင်းဦးတင့်ဆန်း ဖြစ်ပါတယ်။

"သူ(ဦးတင့်ဆန်း)က အချိန်မီ မပြီးမှာတော်တော်စိုးရိမ်နေတာ" လို့ ACE ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

နေပြည်တော်တည်ဆောက်ရေးမှာ အဓိကနေရာကနေပါဝင်ခဲ့တဲ့ ACE ဆောက်လုပ်ရေးတည်ထောင်သူဦးတင့်ဆန်းဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အားကစားဝန်ကြီးအဖြစ်မြှောက်စားခံခဲ့ရပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေလွှမ်းမိုးထားတဲ့ အစိုးရအဖွဲ့မှာ ရှားရှားပါးပါးအရပ်သားဝန်ကြီးဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က အထူးစီမံကိန်းဖြစ်တဲ့ နေပြည်တော်တည်ဆောက်ရေးမှာ နေ့ရောညပါတွေ့ခဲ့ရတဲ့ ဦးတင့်ဆန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် လွှတ်တော်အချိန်မီပြီးစီးရေးစီမံချက်မှာ နေ့ရောညပါ ထပ်မြင်ခဲ့ရတယ်လို့ ACE ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

"ကွယ်လွန်သွားတဲ့သူတွေကလွဲလို့ (ACE) ဝန်ထမ်းဟောင်းတွေ အကုန်ပြန်ခေါ်ခဲ့တာ" လို့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

နေပြည်တော်က ငလျင်သင့်အဆောက်အအုံတွေကို အကြောင်းသိပြီးဖြစ်တဲ့ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီဟောင်းတွေကိုပဲ ပြန်တာဝန်ပေးဖို့ မူ၀ါဒချခဲ့တာဖြစ်ပါတယ်။

ဦးတင့်ဆန်းက ဝန်ထမ်း သုံးထောင်လောက်နဲ့ အလုပ်လုပ်ချင်ပေမဲ့ ငလျင်အလွန်မှာ လုပ်သားရှားပါးမှုကြောင့် ဝန်ထမ်းတစ်ထောင်ဝန်းကျင်နဲ့ပဲ လည်ပတ်ခဲ့ရတယ် လို့ သိရပါတယ်။

ဒါ့အပြင် ဦးတင့်ဆန်းရဲ့သားဖြစ်သူကို ဦးဖြိုးကိုကိုတင့်ဆန်းကိုလည်း လွှတ်တော်တည်ဆောက်ရေးလုပ်ငန်းခွင်မှာတွေ့ရလေ့ရှိတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ၂၀၂၀ ခုနှစ်က ထောင်ဒဏ် အနှစ် ၃၀ ကျခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်ခဲ့ပါတယ်။

လွှတ်တော်အောက်က မြေအောက်လိုဏ်ခေါင်းတွေ

ACE ဟာ လွှတ်တော်အဆောက်အအုံတွေကို ပုဂံခေတ်၊ အနော်ရထာမင်းလက်ထက်က နန်းတော် တည်ဆောက်မှု ဗိသုကာလက်ရာတွေ ပုံစံယူ တည်ဆောက်ခဲ့ပါတယ်။

ခြောက်နှစ်ကြာအောင်တည်ဆောက်ခဲ့တဲ့ လွှတ်တော်ကို အခုတော့ တစ်နှစ်အတွင်းပြီးအောင် ပြင်ခဲ့ရတဲ့အတွက် ဦးတင့်ဆန်း အတွက် စိန်ခေါ်မှုကြီးပါတယ်။

အထူးသဖြင့် လွှတ်တော်အောက်ထဲက ဥမင်ကွန်ရက်လမ်းတွေကြောင့်ဖြစ်ပါတယ်။

သံမဏိပင်မဒေါက်တိုင်တွေဟာ လွှတ်တော်အဆောက်အအုံအောက်မှာ မျက်စိတဆုံးများပြားတယ် လို့ ACE က ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။

"ငလျင်ကြောင့် ပင်မဒေါက်တိုင်တွေ ထိသွားတယ်။ ဦးတင့်ဆန်းက အောက်ထဲအထိတချိန်လုံး ဆင်းပြီးကြီးကြပ်နေတာ" လို့ သူက ပြောပါတယ်။

အရင်က လွှတ်တော်အောက်မှာ ဥမင်လိုဏ်ခေါင်းတွေရှိတယ်ဆိုတဲ့ ကောလဟလတွေထွက်ခဲ့ပြီး အခုတော့ တကယ်ရှိနေတယ်ဆိုတာကို ပြုပြင်ရေးမှာပါဝင်ခဲ့သူတွေက အတည်ပြုပါတယ်။

"စစ်ကားတစ်စီးကောင်းကောင်းသွားလို့ရအောင်လမ်းကျယ်ပါတယ်၊ လမ်းတွေက ဝင်္ဂဘာလိုပဲ" လို့ ဥမင်ထဲကိုရောက်ခဲ့တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေအပြောအရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အဆောက်အအုံ သုံးခုလုံးက ဖွဲ့စည်းတည်ဆောက်ပုံတူကြတယ် လို့ဆိုပါတယ်။

မနှစ်က မေလကုန်မှာ စခဲ့တဲ့ လွှတ်တော်ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းခွင်ဟာ ဖေဖော်ဝါရီ ၂၁ ရက်က အဆုံးသတ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ မှာတော့ လွှတ်တော်တွေပြန်ခေါ်တဲ့အကြောင်း စစ်ကော်မရှင်က ကြေညာပါတယ်။ မတ် ၁၆ ရက်မှာ ပြည်သူ့လွှတ်‌တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်အစည်းအဝေးတွေကို ကျင်းပမှာပါ။

ဒီလွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအပါအဝင် အစိုးရသစ်တစ်ရပ်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေတက်ရောက်မယ့် လွှတ်တော်တွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အထမမြောက်ခဲ့ရပါဘူး။

ငါးနှစ်ကြာအောင် တံခါးတွေပိတ်ထားခဲ့ရတဲ့ လွှတ်တော်တွေ ပြန်ဖွင့်မယ့်အချိန်မှာလည်း ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့အတွက် ဘီလျံပေါင်းများစွာအကုန်အကျခံတည်ဆောက်ခဲ့ရပါတယ်။

ဘီဘီစီက ကြည့်ရှုခွင့်ရခဲ့တဲ့ လွှတ်တော်ပျက်စီးမှုအခြေအနေနဲ့ ပြန်လည်တည်ဆောက်ပြီးလွှတ်တော်ရဲ့ အခြေအနေတွေကတော့ အများကြီးကွာခြားသွားခဲ့ပါပြီ။

ဦးတင့်ဆန်းနဲ့ ACE ရဲ့ လွှတ်တော်ပြန်လည်ပြုပြင်တည်ဆောက်ရေး ကတော့ အဆုံးသတ်သွားပါပြီ။

ပြည်တွင်းပြည်ပက မေးခွန်းထုတ်မှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲကတဆင့် ဖြစ်လာတဲ့ လွှတ်တော်တွေရဲ့ပုံရိပ်ကို လူထုနဲ့နိုင်ငံတကာထောက်ခံမှုရဖို့ကတော့ အခုမှစတင်တည်ဆောက်ရမှာ ဖြစ်ပါတယ်။