မတ် ၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန်က အီရန်ကို စစ်အင်အားထပ်တိုးမယ်
အမေရိကန်က အီရန်ကို စစ်အင်အားထပ်တိုးမယ်ဆိုတဲ့သတင်းအပါအဝင် မတ် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ဗန်းမော်တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ရဲ့ Mi-17 အမျိုးအစားထောက်ပို့ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရ
- မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးမှာ NUG လက်အောက်ခံတပ်တွေနဲ့ SRA တပ်ဖွဲ့ဝင်တချို့ ပူးပေါင်းတိုက်ခိုက်နေပါတယ်
- အမေရိကန်ရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်က အီရန်အပေါ် စစ်အင်အားသိသိသာသာ ထပ်တိုးတိုက်မယ်လို့ ပြော
- ကူဝိတ်မှာရှိတဲ့ အမေရိကန်သံရုံးက ဝန်ထမ်းတွေ နိုင်ငံထဲက ထွက်ခွာဖို့ အမေရိကန်အစိုးရညွှန်ကြား
- Homeland Security အမိမြေလုံခြုံရေးဌာနဝန်ကြီး ကရစ္စတီနုမ်း ရာထူးကနေ ဖယ်ရှားခံရ
- မတ်လလယ်မှာ လွှတ်တော်အစည်းအဝေးတွေ စတင်တော့မှာကြောင့် လွှတ်တော်ဝင်းလုံခြုံရေးကို ဦးစားပေးပြီး လိုအပ်တာတွေကို ပြီးပြတ်အောင်ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဦးညိုစောညွှန်ကြား
- စက်သုံးဆီဈေး ကျပ်တစ်ရာကျော်စတက်နေပြီး မွန်ပြည်နယ်မှာလည်း စက်သုံးဆီအရောင်းဆိုင်တွေကို ယာဉ်အမျိုးအစားအလိုက် ဆီတွေကို ကန့်သတ်ရောင်းချဖို့ ညွှန်ကြားမှုတွေရှိလာ
တိုက်ရိုက် ထုတ်လွှင့်ချက်
တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား
မြန်မာ့တပ်မတော်မှာ ၁၅ နှစ်အတွင်း တပ်ချုပ်ရာထူးအပြောင်းအလဲကို စမြင်ရဖို့ အလားအလာများနေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူအယုံကြည်ရဆုံးလူကို တပ်ချုပ်နေရာမှာ ချန်ရစ်ပြီး တပ်ကို ဆက်လက်သြဇာလွှမ်းမိုးထားဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်။ဗိုလ်သင်တန်း အပတ်စဥ် ၇၇ ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးသာ တပ်ချုပ်ဖြစ်လာရင် စစ်တက္ကသိုလ် DSA ဆင်းမဟုတ်တဲ့ တပ်ချုပ်တစ်ဦး ထပ်ပေါ်လာမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ OTS ကနေ တပ်ချုပ်ဖြစ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ဒါပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွယ်လွယ်မရနိုင်ဘဲ အစဥ်အလာတွေအတိုင်း မထင်မှတ်တာတွေဖြစ်လာတတ်တာကိုလည်း မေ့မထားသင့်ပါဘူး။ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကယား၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ စက်သုံးဆီမရောင်းပေးလို့ ပစ်ခတ်မှုဖြစ်
ကယား(ကရင်နီ)ပြည်နယ်ထဲက ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စက်သုံးဆီရောင်းတဲ့နေရာမှာ ဆီဝယ်ဖို့လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဆီဆိုင်အနီးမှာ သေနတ်နဲ့ ပစ်ခတ်မှုတချို့လုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က အတည်ပြုပါတယ်။
“မနက်အစော ၁ နာရီလောက်မှာဖြစ်တာ။ လူတော့မထိဘူး။ ဆီထည့်ဖို့ ဆိုင်ရှင်ကို နှိုးတာ မနိုးလို့ စိတ်ဆိုးပြီး သေနတ်ဖောက်တာပါ။ မူးလည်းမူးနေတယ်ထင်တယ်။ ဘယ်တပ်ဖွဲ့ဝင်တွေလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီးမော့ဆိုဘက်မှာ စက်သုံးဆီဆိုင်အပါအဝင် အရောင်းဆိုင်တွေဟာ ညဘက် ၈ နာရီဆို လုံခြုံရေးအရ
ဆိုင်တွေပိတ်ကြသလို လူထုကိုလည်း ညဘက် ၉ နာရီနောက်ပိုင်းအချိန်တွေကို အပြင်ထွက်ခွင့်ကန့်သတ်ထားတယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ၁ နာရီဆို ဘယ်သူမှ ထရောင်းမှာမဟုတ်ဘူး။ အကုန်လုံးတံခါးပိတ် အိမ်ထဲပဲ နေနေကြတာ” လို့ သူကဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာ နိုင်တီတူးအမျိုးအစား(92)စက်သုံးဆီ တစ်လီတာကို ကျပ် ၁,၁၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဒေသခံတချို့က အတည်ပြုပါတယ်။
စစ်ကော်ရှင်ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာတော့ နိုင်တီတူးနဲ့ နိုင်တီဖိုက် အမျိုးအစား စက်သုံးဆီဈေးနှုန်းတွေဟာ မနေ့ကထက် ကျပ်တစ်ရာကျော် ဈေးတက်လာပြီး ကျပ် ၂,၅၀၀ ကျော်ဖြစ်နေပါတယ်။
ဗန်းမော်မှာ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရ
ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ရဲ့ Mi-17 အမျိုးအစားထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်နောက်ပိုင်း ထိမှန်ပြီး မီးခိုးငွေ့တွေထွက်လာတာကြောင့် ရွှေကူမြို့အပြင်ဘက်ကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
ဒေသခံတချို့ကတော့ ရဟတ်ယာဉ်ရဲ့ ဆီတိုင်ကီပါ ထိမှန်သွားတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားနေကြတာတွေ့ရပေမဲ့ ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီအခြေအနေကို “ညနေလောက်မှ ထပ်ဆက်သွယ်ပေးပါ” လို့ ဘီဘီစီကို မတ် ၆ ရက်နေ့လယ်ပိုင်းမှာ တုံ့ပြန်ဖြေကြားပါတယ်။
စစ်ကော်မရှင်ကတော့ ရဟတ်ယာဉ်ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ မတ် ၆ ရက် နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
၂၀၂၅ မေလတုန်းကလည်း ဗန်းမော်တိုက်ပွဲကိုလာတဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ကပစ်ခတ်ခဲ့လို့ ရွှေကူမြို့နယ်ထဲမှာ ပျက်ကျခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးခဲ့ပါတယ်။
IMEI မှတ်ပုံတင်စနစ် - နိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်ထိန်းချုပ်မှု နောက်တစ်ခုလား
နိုင်ငံ့လူဦးရေထက် သန်းနဲ့ချီပြီး ဖုန်းအသုံးပြုတာ ပိုများတဲ့မြန်မာမှာ မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့နေရာမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ် နံပါတ်ကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ပြောလာပါတယ်။
မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှာ ဖုန်းအသုံးပြုသူက သန်း ၆၀ ကျော်အထိရှိနေတယ်လို့ ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
ဒီအချိန်မှာပဲ စစ်ကော်မရှင်က မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ ဖုန်းတွေကို တရားမဝင်တင်သွင်းတာ မဖြစ်တော့အောင် ဖုန်းမှာပါတဲ့ နိုင်ငံတကာသက်သေခံ ကုတ် (IMEI Code)ကို မှတ်ပုံတင်ဖို့ ပြောလာတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကုတ်ကို မှတ်ပုံတင်လိုက်ရင် ဖုန်းပိုင်ရှင် ဘယ်နေရာမှာ ရောက်နေတယ်၊ ဘာတွေအတွက် ဖုန်းကို အသုံးပြုနိုင်တယ်ဆိုတာမျိုးကို နည်းပညာပိုင်းအရ အာဏာပိုင်တွေလည်း သိနိုင်တာမို့ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုအပိုင်းကို စိုးရိမ်ကြောင်း ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောကြပါတယ်။
အာဏာသိမ်းမှုစတင်ကတည်းက မြန်မာက နည်းပညာအဆင့်ဆင့် တင်းကျပ်မှုကို စောင့်ကြည့်သုတေသနပြုတဲ့နွေဦးလုံခြုံရေး(Spring Revolution Security)ကတော့ IMEI ကုတ် မှတ်ပုံတင်ခိုင်းတဲ့အစီအစဉ်ကြောင့် အာဏာပိုင်တွေဟာ နိုင်ငံသားတွေအပေါ် စောင့်ကြည့်ရေးယန္တရားတွေကို နောက်ကွယ်ကနေ ဖော်ဆောင်နိုင်လိမ့်မယ်လို့ သတိပေးပါတယ်။
ဆောင်းပါးအပြည့်အစုံကိုဒီလင့်ခ် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
မိုးကုတ်-မိုးမိတ် စစ်ဆင်ရေးမှာ NUG တပ်တွေနဲ့ SRA တပ်ပူးပေါင်းတိုက်ခိုက်
မိုးကုတ်မြို့နယ် အနောက်ဘက်ခြမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လက်အောက်ခံတပ်နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) တို့ ပူးပေါင်းပြီး စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
“အနောက်ပိုင်းနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ၊ စစ်တပ်ကလည်း ခံစစ်အခိုင်အမာပြင်ထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
SRA တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်တဲ့ စစ်ကိုင်း PDF က မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးမှာ NUG ရဲ့ ကာကွယ်ဝန်ကြီးဌာနလက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သတင်းထုတ်လာပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းမှာ NUG ဝန်ကြီးတွေနဲ့ SRA ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း မတ်လ ၆ ရက်မနက်ပိုင်းအထိ “မိုးကုတ်-မိုးမိတ်အစပ်က တောင်ပေါ်ရွာတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်” လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ကလည်း မိုးကုတ်-မိုးမိတ်ဒေသထဲက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကော်မရှင်ကတော့ မိုးကုတ်နဲ့ မိုးမိတ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
အမေရိကန်က အီရန်ကို စစ်အင်အားထပ်တိုးတိုက်မယ်, အမေရိကန်လက်နက်ကုမ္ပဏီတွေနဲ့တွေ့ဖို့ရှိတယ်လို့ အိမ်ဖြူတော်ပြော
အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (US Central Command) ရဲ့သတင်းစာရှင်းလင်းပွဲမှာကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်က အီရန်အပေါ် စစ်အင်အားသိသိသာသာ ထပ်တိုးတိုက်မယ်လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန်အနေနဲ့ လိုသလောက် ဆက်လုပ်သွားနိုင်စွမ်းရှိတယ်လို့ပြောပြီး မဟာမိတ်နိုင်ငံတွေကလည်း ဝိုင်းကူဖို့ ရှိနေတယ်လို့ သူက ဆိုပါတယ်။
အီရန်ရဲ့ခေါင်းဆောင်သစ်ကို သမ္မတ ထရမ့်က "အဓိက ဆုံးဖြတ်ပေးလိမ့်မယ်’’ လို့ ဟက်ဆက်က ပြောပါတယ်။
ထရမ့်ကိုယ်တိုင်ကလည်း အီရန်ခေါင်းဆောင်သစ် ခန့်အပ်တဲ့နေရာမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်ရလိမ့်မယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။
အမေရိကန်စစ်တပ်ဟာအီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်စနစ်တွေကို "နာရီမပြတ်" တိုက်ခိုက်ဖျက်ဆီးနေတယ်လို့ထရမ့်ကပြောပါတယ်။
အီရန်စစ်ကိုတိုးမြှင့်မှုနဲ့အတူ အမေရိကန်ကာကွယ်ရေးကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေနဲ့ အိမ်ဖြူတော်ကတွေ့ဖို့ စီစဥ်နေပါတယ်။
လော့ဟိမာတင်၊ ရေသီယွန်ရဲ့ မိခင်ကုမ္ပဏီ အာအက်စ်အိပ်စ်တို့အပါအဝင်ကုမ္ပဏီများစွာတက်ရောက်မယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။
ပင်တဂွန်ဟာ အီရန်ကိုတိုက်ခိုက်မှုကြောင့် လျော့နည်းသွားတဲ့လက်နက်တွေကိုဖြည့်တင်းဖို့နဲ့ တခြားစစ်ရေးဆိုင်ရာလုပ်ဆောင်မှုတွေ ရှိနေတာကြောင့် လက်နက်ထုတ်လုပ်ရေးကို အရှိန်မြှင့်တင်နိုင်ရေးအပါအဝင် အရေးကြီးတဲ့ကိစ္စတွေကိုဆွေးနွေးမှာဖြစ်ပါတယ်။
အမေရိကန်မှာ လက်နက်ခဲယမ်းအလျှံပယ်ရှိနေပြီး အီရန်ကို တိုက်ခိုက်ရေးအတွက် လက်နက်တွေ လိုအပ်သလောက် ရှိနေသေးတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်က မကြာသေးမီကပြောပါတယ်။
ကူဝိတ်က အမေရိကန်သံရုံး၀န်ထမ်းတွေထွက်ခွာမယ်
ကူဝိတ်က အမေရိကန်သံရုံး ၀န်ထမ်းတွေ နိုင်ငံထဲက ထွက်ခွာဖို့ အမေရိကန်အစိုးရ ညွှန်ကြားလိုက်ပါပြီ။
နိုင်ငံလေပိုင်နက်ထဲ ၀င်ရောက်လာတဲ့ ဒုံးကျည်တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က တားဆီးခဲ့ရတယ်လို့ ကူဝိတ်စစ်တပ်က ပြောဆိုပြီးနောက် အမေရိကန်သံရုံး၀န်ထမ်းတွေကို ထွက်ခွာဖို့ ညွှန်ကြားချက်ထွက်လာတာပါ။
သောကြာနေ့ နောက်ဆုံးထားထွက်ခွာရမှာဖြစ်ပြီး သတင်းအချက်အလက်တွေကို ဖျက်ဆီးကာ လျှို့ဝှက်ဆာဗာတွေကို ရှင်းလင်းရမှာဖြစ်တယ်လို့အမေရိကန်အစိုးရအရာရှိနှစ်ဦးက ဘီဘီစီရဲ့မိတ်ဖက် အမေရိကန်သတင်းဌာန CBS News ကို ပြောပါတယ်။
ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးနောက် အပျက်အစီးတချို့ မြေပေါ်ကျလာပြီးမော်တော်ယာဉ်တစ်စင်းပျက်စီးခဲ့ပေမဲ့ လူသားထိခိုက်ဒဏ်ရတာတော့မရှိဘူးလို့ ကူဝိတ်စစ်တပ်ပြောခွင့်ရသူက လူမှုကွန်ရက်မှာ ရေးပါတယ်။
ဘာရိန်းဘက်မှာဆိုရင်လည်း ဟိုတယ်တစ်လုံးကို အီရန်က ပစ်မှတ်ထားခဲ့တယ်လို့ ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
မြို့တော်မနာမာက ဟိုတယ်တစ်လုံးနဲ့လူနေအဆောက်အအုံနှစ်ခုကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။ နောက်ဆုံးတိုက်ခိုက်မှုကြောင့်အဆောက်အအုံတွေထိခိုက်မှုရှိပေမယ့်လူအသက်ဆုံးရှုံးတာတော့မရှိဘူးလို့ဝန်ကြီးဌာနက လူမှုမီဒီယာ X မှာရေးသားခဲ့ပါတယ်။ အခုအပတ်အစောပိုင်းမှာလည်းဘာရိန်းကအမေရိကန်ရေတပ်စခန်းကို အီရန်ကဒုံးကျည်တွေနဲ့ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ငလျင်သင့်လွှတ်တော်ကို ဘယ်လိုအမြန်ဆောက်ခဲ့လဲ
ACE ဟာ လွှတ်တော်အဆောက်အအုံတွေကို ပုဂံခေတ်၊ အနော်ရထာမင်းလက်ထက်က နန်းတော် တည်ဆောက်မှု ဗိသုကာလက်ရာတွေ ပုံစံယူ တည်ဆောက်ခဲ့ပါတယ်။ခြောက်နှစ်ကြာအောင်တည်ဆောက်ခဲ့တဲ့ လွှတ်တော်ကို အခုတော့ တစ်နှစ်အတွင်းပြီးအောင် ပြင်ခဲ့ရတဲ့အတွက် ဦးတင့်ဆန်း အတွက် စိန်ခေါ်မှုကြီးပါတယ်။
အထူးသဖြင့် လွှတ်တော်အောက်ထဲက ဥမင်ကွန်ရက်လမ်းတွေကြောင့်ဖြစ်ပါတယ်။သူဋ္ဌေးကြီးဦးအောင်ကိုဝင်းကရော လွှတ်တော်တည်ဆောက်ရေးမှာ ဘယ်လိုပါဝင်ပတ်သက်နေပါသလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထရမ့်က အမိမြေလုံခြုံရေးဝန်ကြီးကို ရာထူးကဖယ်ရှား
အမေရိကန်မှာ သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး၊ တရားမဝင်ဝင်ရောက်နေထိုင်သူတွေ နိုင်ငံခြားသားတွေကို နိုင်ငံတွင်းက ဖယ်ရှားရေးအစီအစဥ်တွေကို အဓိကတာဝန်ခံ လုပ်ဆောင်ပေးခဲ့ရသူ Homeland Security အမိမြေလုံခြုံရေးဌာနဝန်ကြီး ကရစ္စတီနုမ်းကို ရာထူးကဖယ်ရှားလိုက်ပါတယ်။
ဒါ ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း သူ့အတွင်းစည်း အဆင့်အမြင့်ဆုံးရာထူးယူထားသူတွေထဲက ပထမဆုံး ထုတ်ခံရသူပါ။ ကရစ္စတီနုမ်းဟာ ထရမ့်ရဲ့မူဝါဒတွေအတိုင်း မက္ကဆီကိုနဲ့ နယ်စပ်ကို တင်းကျပ်ပိတ်ပင်တာ၊ ပြည်တွင်းမှာ ရောက်ရှိနေထိုင်နေသူတွေကို အဓမ္မဖယ်ရှားနှင်ထုတ်တာတွေလုပ်ခဲ့လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေ ခံနေခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒီနှစ်အစပိုင်းက မင်နီဆိုးတားပြည်နယ်မှာ ဖက်ဒရယ်အရာရှိတွေရဲ့ ပစ်ခတ်မှုနဲ့ အမေရိကန်နိုင်ငံသားနှစ်ယောက် သေဆုံးခဲ့ရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နုမ်းရဲ့ ကိုင်တွယ်ခဲ့ပုံအပေါ်လည်း ထရမ့်က မကျေနပ်ခဲ့ဘူးလို့ ရီပတ်ဘလီကန်ပါတီထဲက အမတ်တွေက မီဒီယာတွေကို ပြောပြကြပါတယ်။
အဲဒီလို အမေရိကန်တွေ သေဆုံးခဲ့မှုအပေါ် လူထုရဲ့ အမျက်ဒေါသတွေကြီးခဲ့ကြပြီး ထရမ့်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုတွေ တိုးခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် ကရစ္စတီနုမ်းဟာ ထရမ့်အစိုးရအဖွဲ့ထဲ မရောက်ခင်က ၂၀၁၉ ကနေ ၂၀၂၅ အထိ တောင်ဒါကိုတာပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပါတယ်။ အခုတော့သူ့ကို အသစ်ဖွဲ့စည်းလိုက်တဲ့ The Shield of the Americas အမေရိကားရဲ့ဒိုင်းဌာနမှာ အထူးကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့ထားရှိမယ်လို့ ထရမ့်က သူ့ဆိုရှယ်မီဒီယာကနေ ပြောခဲ့ပါတယ်။
နုမ်းနဲ့နေရာမှာ အိုကလာဟိုးမားက ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမာလင်ကို အမိမြေလုံခြုံရေးဌာနဝန်ကြီးအဖြစ် ခန့်မယ်လို့လည်း ကြေညာခဲ့ပါတယ်။
လွှတ်တော်လုံခြုံရေး ဦးစားပေးဖို့ စစ်ကော်မရှင် ဝန်ကြီးချုပ်ပြော
လွှတ်တော်ဝင်းလုံခြုံရေးကို ဦးစားပေးပြီး လိုအပ်တာတွေကို ပြီးပြတ်အောင်ဆောင်ရွက်ဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ် ဦးညိုစောက ညွှန်ကြားလိုက်ပါတယ်။
မနေ့ မတ်လ ၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဦးညိုစောက ပြောလိုက်တာပါ။
လွှတ်တော်အဆောက်အဦပြင်ဆင်မှုတွေကို အပြီးသတ်လုပ်ဖို့နဲ့ လွှတ်တော်အစည်းအဝေးတွေမှာသုံးမယ့် ရုပ်/သံရိုက်ကူးရေးဆိုင်ရာနဲ့ စက်ပိုင်းဆိုင်ရာတွေကိုလည်း စမ်းသပ်လေ့ကျင့်ဖို့ကိုလည်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
လွှတ်တော်သုံးရပ်ရဲ့ အစည်းအဝေးတွေကို မတ်လလယ်ကစပြီး ကျင်းပမယ်လို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)က ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာ ကြေညာထားပါတယ်။
မတ် ၁၆ ရက်မှာ ပြည်သူ့လွှတ်တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ကျင်းပမှာဖြစ်ပါတယ်။
စက်သုံးဆီဈေးစတက်
အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကော်မရှင်က ဆီချွေတာဖို့ ယာဉ်အမျိုးအစားအလိုက် လိုက်နာမောင်းနှင်းရမယ့် စည်းကမ်းချက်တွေသတ်ပြီးရက်ပိုင်းအကြာမှာပဲ စက်ဆုံးဆီဈေး တစ်လီတာကို ကျပ် ၁၀၀ ကျော်စတက်လာပါတယ်။
မတ် ၅ ရက်တုန်းက နိုင်တီတူး(92)ဆီအမျိုးအစား တစ်လီတာကို ၂,၄၁၅ ကျပ်ရှိခဲ့ရာကနေ ဒီနေ့ မတ် ၆ ရက်မှာ နိုင်တီတူး တစ်လီတာကို ၂,၅၂၅ ကျပ်အထိ ကျပ်တစ်ရာကျော် ဈေးတက်လာပါတယ်။
နိုင်တီဖိုက်(95)ဆီအမျိုးအစားလည်း မနေ့ကဈေး တစ်လီတာ ၂,၄၈၀ ကျပ်ကနေ ၂,၅၉၅ ကျပ်အထိ တစ်ရာကျော်ဈေးတက်လာတာပါ။
စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဓာတ်ဆီဂါလံ သန်း ၆၀ နဲ့ ဒီဇယ်ဆီဂါလံ သန်း ၇၀ ခန့် ရှိပြီး ဒါဟာ ရက်ပေါင်း ၄၀ စာ အရန်စက်သုံးဆီရှိသေးတယ်လို့ ထုတ်ပြောထားပါတယ်။
ဒါပေမဲ့ မတ် ၆ ရက်မနက်ပိုင်းအထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့ကြီးတွေက ဆီဆိုင်အများစုမှာ ကားတွေ၊ ဆိုင်ကယ်တွေ စီတန်းပြီး စက်သုံးဆီတွေ ဝယ်ယူနေရတယ်လို့ ယာဉ်မောင်းနဲ့ မြို့ခံတချို့တို့က ပြောပါတယ်။
“ဆီပြတ်ရင် လုပ်ငန်းလည်း ရပ်လိုက်ရမှာ၊ ဆီက ကားထဲမှာ မပြတ်ရှိနေမှရမယ်” လို့ ရန်ကုန်မြို့မှာ နေထိုင်ပြီး ပစ္စည်းလက်ကားပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း မွန်ပြည်နယ်မှာ စက်သုံးဆီလုံလောက်မှုရှိဖို့အတွက်ဆိုပြီး စက်သုံးဆီအရောင်းဆိုင်တွေကို ယာဉ်အမျိုးအစားအလိုက် ဆီတွေကို ကန့်သတ်ရောင်းချဖို့ စစ်ကော်မရှင်ရဲ့ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနကနေ ညွှန်ကြားစာနဲ့ အကြောင်းကြားထားတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေကနေ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာယာဉ်တွေကိုတော့ ဌာနအကြီးအကဲနဲ့ထောက်ခံချက်ပါရင် သီးသန့်ရောင်းပေးဖို့ ညွှန်ကြားစာထဲမှာ ရေးသားထားပါတယ်။
မင်္ဂလာပါ။ မတ် ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။