ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၂၁ ရက်နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်-မြန်မာမှာ အာဏာရှင်စနစ်အဆုံးသတ်ပြီး တော်လှန်ရေးအောင်ဖို့ ညီညွတ်ရေးလိုအပ်တယ်လို့ မဟာမိတ်တပ်တွေပြော
BPLA စစ်သင်တန်းဆင်းပွဲကို တော်လှန်ရေးအင်အားစုတွေက စစ်ဖက်/အရပ်ဘက် တာဝန်ရှိသူတွေတက်ရောက်
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားကို NUG ၊ တအာင်း TNLA ၊ အာရက္ခတပ်တော် AA ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့ က စစ်ဖက်/အရပ်ဘက် အကြီးအမှူးတွေ တက်ရောက်တာတွေ့ရပါတယ်။
မဟာမိတ်ခေါင်းဆောင်များက တော်လှန်ရေးအောင်မြင်ဖို့ မတူညီတဲ့ အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်းနဲ့ မိမိတို့ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မှာ ဖြစ်ကြောင်း အဓိကထားပြောကြားခဲ့ကြတယ်လို့ဆိုပါတယ်။
ဇွန် ၇ ရက်က TNLA ရဲ့ တအာင်းပြည်တစ်နေရာမှာ ပြုလုပ်ခဲ့တဲ့ အဲဒီသင်တန်းဆင်းပွဲ မှတ်တမ်း ဓာတ်ပုံတွေကို BPLA က ဒီကနေ့ ဇွန် ၂၁ ရက်မှ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အဲဒီ စစ်သင်တန်းဆင်းပွဲကို NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဋ္ဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)က တပ်မှူးတစ်ဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဋ္ဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခ တို့ တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။
သင်တန်းအတွင်း ထူးချွန်ဆုရရှိသူများထဲမှာ လက်ဖြောင့်ဆု ရရှိခဲ့တဲ့ စစ်မေတစ်ဦး ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အသက်စွန့်ခဲ့တဲ့ ရဲဘော်အောင်ပိုင်ရဲ့ ညီမဖြစ်တယ်လို့အမှတ်(၂၀၃)စစ်ဒေသ၊ ဗျူဟာမှူးက သင်တန်းဆင်းပွဲအစီရင်ခံချက်မှာထည့်ပြောထားပါတယ်။
BPLA အပြောအရ သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
BPLA ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ က အညာမှာအခြေစိုက်စစ်ရေးလှုပ်ရှားမယ့်အကြောင်း ထုတ်ပြောထားပါတယ်။ ဒါကြောင့် အညာဟာ (BPLA) ရဲ့ တတိယမြောက်စစ်ဒေသ ဖြစ်ပြီး ကရင်မှာ အမှတ်(၁၀၇) စစ်ဒေသ နဲ့ ရှမ်းမြောက်မှာ အခုသင်တန်းဆင်းတဲ့ အမှတ်(၂၀၃)စစ်ဒေသတို့ ရှိနေပါတယ်။
BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ဘူး လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောထားတာကြောင့် အခုသင်တန်းဆင်းပွဲကိုတက်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေက မဟာမိတ်တပ်တွေအနေနဲ့ တက်ရောက်ခဲ့ကြတာလို့နားလည်ရပါတယ်။
ချင်းတွင်းနဲ့ ပဲခူးမြစ်ရေ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်လို့ ကြိုရှောင်ဖို့ မိုးဇလသတိပေး
ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ နယ်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့နယ်မှာ လာမယ့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇွန် ၂၁ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၂၁ ရက် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ ၊ ပဲခူးမြစ်ရေက ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ငါးပေဝန်းကျင်မှာ ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကိုရောက်လာမှာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဟုမ္မလင်းနဲ့ ပဲခူးမြို့နယ်ထဲက မြစ်ကမ်းနားမှာ နေထိုင်သူတွေ၊ မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေ ကြိုတင်သတိထားပြီး အချိန်မီ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်ကလည်း လာမယ့် ဇွန် ၃၀ ရက်မှာ မိုးဦးကာလ ကုန်ဆုံးမှာဖြစ်ပြီး ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၀ အထိ မိုးလယ်ကာလကို ဝင်ရောက်တော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မိုးလယ်ကာလအတွင်းမှာလည်း တောင်တရုတ်ပင်လယ်ထဲမှာ မုန်တိုင်း ဖြစ်နိုင်ခြေတွေ မြင့်တက်နေသလို နှစ်တိုင်းရွာနေတာထက် ၅၀ ရာခိုင်နှုန်း မိုးပိုရွာနိုင်တယ်လို့လည်း ဆိုပါတယ်။
ရေကြီးတတ်တဲ့ ကာလကို ဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် အခု မိုးဦးကာလအချိန်ကစလို မိုးလယ်ကာလအတွင်းမှာ မြစ်ကမ်းဘေး၊ ချောင်းဘေးတွေမှာ နေထိုင်သူတွေ၊ တောင်ကျချောင်းရေ ကျဆင်းနိုင်တဲ့ ဒေသမှာ နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ကိုလည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရေကြီးကာလမှာ လူဦးရေ ၅ ဒသမ ၆ သန်း ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ် တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)ရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကို ပြန်ရဖို့ စစ်ကောင်စီတပ်တွေ အပြင်းအထန်ကြိုးပမ်း
အင်အားဖြည့်လာတဲ့ စစ်တပ်စစ်ကြောင်းကို မွန်-ကရင် ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်
ကရင်ပြည်နယ်၊ ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲတွေမှာ အင်အားဖြည့်ဖို့အတွက် ကျုံဒိုးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNU/PDFနဲ့ မွန်တော်လှန်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ် က သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ KNLA တပ်၊ မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP/AD) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တပ်မ ၄၄ နဲ့ တပ်မ ၅၅ ပူးပေါင်းထားတဲ့ စစ်ကြောင်းကို ဇွန် ၁၉ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် ၇ နာရီကြာခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရသလို သေဆုံးသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါအပြင် တိုက်ပွဲကနေ RPG လောင်ချာ၊ ဗုံးသီး၊ သေနတ်များနဲ့ ကျည်မျိုးစုံအပါအဝင် စစ်သုံးပစ္စည်းတွေရတယ်လို့လည်း ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြပါတယ်။
ဘီဘီစီသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ ဇွန် ပထမပတ်ကစလို့ ဇွန် ၂၁ ရက် ဒီကနေ့အထိ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်း ၄ ကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
'' ကျုံဒိုး ဘက်က စစ်ကြောင်း ၃ ကြောင်း၊ ကော့ကရိတ် စကခ ၁၂ က တစ်ကြောင်း ညှပ် တိုက်နေတာပါ။ တိုးမပေါက် သေးဘူး။ ကျုံဒိုးခမရ ၅၄၆/၅၄၅ တပ်ဘက်ကစစ်ကူ စစ်ကြောင်း တွေပါ အထိအကျများနေတယ်'' လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ နှစ်ဖက်လုံးက ဒီလမ်းပိုင်းကို စိုးမိုးနိုင်ရေးအတွက် လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်ပစ်ခတ်မှုတွေ အပြန်အလှန်ရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ကျုံဒိုးမြို့ဘက်ခြမ်းကနေ စစ်ကြောင်းထိုးနေတာကြောင့် အနီးတဝိုက်က ကျေးရွာတွေဒေသခံတွေအနေနဲ့ လက်နက်ကြီး ၊ လက်နက်ငယ်အသံတွေကို နားစွင့်နေကြဖို့လည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမတွေ့ရသေးပါဘူး။
မြန်မာဒုက္ခသည်များရဲ့ အခွင့်အရေးအတွက် UNHCR ကို အိန္ဒိယရောက်မြန်မာတွေ ဆန္ဒပြ
မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့နဲ့ ဒုက္ခသည် အခွင့်အရေးတွေကို လိုက်လျောဖို့ ပျက်ကွက်ခဲ့တာကြောင့် ဆိုတဲ့အချက်တွေနဲ့ အိန္ဒိယနိုင်ငံ နယူဒေလီမြို့၊ ဂျန်တာမန်တားရပ်ကွက်မှာ အိန္ဒိယရောက် မြန်မာတွေက ဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေကို မြန်မာဒုက္ခသည်တွေရဲ့ ရသင့်ရထိုက်တာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပေမဲ့ လိုက်လျောဖို့ ပျက်ကွက်ခဲ့တာကြောင့် ဇွန် ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာဆန္ဒပြတာဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ(CRC) ဥက္ကဋ္ဌ မစုထွေးအောင်က ပြောပါတယ်။
"Refugee (ဒုက္ခသည်) ဆိုတာ တော်တော်လေး ခက်ခဲတယ်။ ဒုက္ခသည်တွေက စားဝတ်နေရေးကို ရင်ဆိုင်ကျော်လွှားနေရတာ ဖြစ်တဲ့အတွက် အခက်အခဲများစွာထဲကနေ ကိုယ့်အခွင့်အရေးကို တောင်းဆိုကြရတာ ဖြစ်ပါတယ်" လို့ မစုထွေးအောင်ကပြောပါတယ်။
အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေဟာ ဒုက္ခသည်အဖြစ် သတ်မှတ်ခံရဖို့ လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာတာ၊ အသိအမှတ်ပြုခံရတာ မရှိတဲ့အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ အကူအညီ အစောင့်ရှောက်တွေ မရတာတွေ ရင်ဆိုင်နေကြရပါတယ်။
ဒါ့အပြင် ကာလရှည်နေထိုင်သူတွေနဲ့ ရပ်တည်ဖို့ခက်ခဲနေသူတွေက တတိယနိုင်ငံဆီ ရွှေ့ပြောင်းအခြေချခွင့်တွေ တောင်းဆိုပေမဲ့လည်း UNHCR က လိုက်လျောတာ မရှိဘူးလို့ ပြောပါတယ်။ နှစ်စဉ် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ အိန္ဒိယနိုင်ငံက UNHCR နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက မြန်မာဒုက္ခသည်တွေ အပါအဝင် နိုင်ငံတကာက ခိုလှုံလာသူတွေ ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ဒီနှစ်မှာတော့ အဲဒီအဖွဲ့အစည်းတွေက အခမ်းအနားကျင်းပဖို့ ကမ်းလှမ်းတာတွေကို လက်မခံဘူးလို့ ဆိုပါတယ်။
ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသား ၃၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ အိတ်ဖွင့်ပေးစာတစ်စောင် UNCHR ရုံးကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်း၊ ပင်လည်ဘူးမြို့ က စာသင်ကျောင်းပေါ် လေကြောင်းဗုံးကျလို့ ကိုယ်ဝန်ဆောင် ဆရာမ ၁ ဦး သေဆုံး
မကွေး၊ ဆောမြို့မှာလည်း ဒီကနေ့ လေကြောင်းတိုက်ခိုက်ခံရလို့ ပျက်စီးမှုများရှိ
စစ်ကိုင်းတိုင်းထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာ ကို ဇွန် ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ရွာစာသင်ကျောင်းပေါ် ဗုံးကျပြီး CDM ကိုယ်ဝန်ဆောင် ဆရာမ ၁ ဦး သေဆုံးခဲ့ တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
'' ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ လေယာဥ်ကနေ ပေါင် ၅၀၀ ဗုံးနဲ့ ပေါင် ၃၀၀ ဗုံးတို့ကို ကြဲသွားတာ'' လို့ စစ်ရေးအရင်းအမြစ်က ဆိုပါတယ်။
ကိုယ်ဝန်ဆောင် ကျောင်းဆရာမဟာ ကျောင်းဝင်းထဲက ဝန်ထမ်းအိမ်ရာမှာ ထမင်းချက်နေချိန်မှာ ဗုံးကျရောက်ပေါက်ကွဲပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
"စာသင်ကျောင်းက နှစ်ထပ်ဆောင်ဆိုတော့ တစ်လုံးက တည့်မှန်တယ်။ နောက်တစ်လုံးက ဆရာမရှိတဲ့နားကို ကျတာ ဆရာမအမျိုးသားလည်း ဒဏ်ရာရတယ်"လို့ သူကဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနားက အသက် ၄ နှစ်အရွယ် မိန်းကလေး ၁ ဦး ဘယ်ဘက်ခြေထောက် ဆုံးရှုံးလိုက်ရသလို နောက်ထပ် အသက် ၄ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကျောင်းဆောင်အသစ်ဆောက်ပေးနေတဲ့ လူ ၄ ဦးလည်း ထိခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၇ ဦး ရှိနေပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်းက ဝန်ထမ်းအိမ်ရာ၊ အထပ်မြင့်စာသင်ကျောင်း ပင်မဆောင်နဲ့ ကျောင်းနားက နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
မကွေးတိုင်းဆောမြို့မှာလည်း ဒီကနေ့ ဇွန်လ ၂၁ ရက် မနက်ပိုင်းက ဆောမြို့တွင်း ကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူအထိအခိုက်မရှိပေမဲ့ ယာယီတဲတစ်လုံးနဲ့ စက်သုံးဆီပေပါ အလုံး ၈၀ ကျော် မီးလောင်သွားတယ်လို့ ဒေသတွင်း သတင်းတွေကို ရေးသားနေတဲ့ ယောအလင်းတန်းကနေ သိရပါတယ်။
အဲဒီစက်သုံးဆီတွေဟာ ဆောမြို့ထဲမှာ ထားရင် မီးဘေးအန္တရာယ် စိုးရိမ်ရတာကြောင့် မြို့ပြင်ဘက်မှာ ထားထားတဲ့ ဆီပေပါတွေဖြစ်တယ်လို့ ယောအလင်းတန်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဆောမြို့နယ်ဝန်းကျင်မှာ စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့လည်း ပြောပြပါတယ်။
ဖားကန့်၊ကျောက်စိမ်းလုပ်ကွက်ထဲ ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပုံပိလို့ ပျောက်ဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုက ကျောက်စိမ်းလုပ်ကွက်တစ်ခုထဲမှာ မြေစာပုံပြိုလို့ ရေမဆေးကျောက်ရှာတဲ့ အမျိုးသား ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသအခြေအနေသိရှိသူက ပြောပါတယ်။
သူတို့ ၂ ဦးဟာ မှော်ရှန်ကျေးရွာက ကိုဇော်အောင်နဲ့ ကိုအားစန်းဆိုသူတွေဖြစ်ပြီး ဇွန် ၂၀ ရက် ညနေပိုင်းက ကျောက်ရှာဖို့ထွက်သွားတာဖြစ်ပြီး ပြန်မလာတာကြောင့် လိုက်ရှာတဲ့အခါမှာ မြေစာပုံပြိုကျတဲ့ နေရာမှာ သူတို့ယူသွားတဲ့ မျောဖတ်နှစ်ဖက်ကို ရှာတွေ့တာလို့ သိရပါတယ်။
ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ မြေစာပုံအရှိန်ကြောင့် သေဆုံးသွားနိုင်ခြေရှိတယ်လို့ ဆိုပြီး ဒီနေ့ ဇွန် ၂၁ ရက် မနက်ပိုင်းအထိ ရှာဖွေမရသေးဘူးလို့လည်း အဲဒီမှာ ရှိနေတဲ့ ဒေသခံက ပြောပါတယ်။
သူတို့ ၂ ဦးဟာ ဆုထူးပန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟောင်းက လျှိုထဲမှာ ကျောက်ဝင်ရှာတုန်း မြေစာပုံပြိုတာနဲ့ ကြုံခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာသူတို့ကိုပြန်ရှာဖွေနိုင်ဖို့ လူမှုကူညီရေးအဖွဲ့တွေလည်းရောက်နေပေမဲ့ စက်ယန္တရား မရှိတဲ့အခက်အခဲကြောင့် ရှာဖွေရေးမလုပ်နိုင်သေးပါဘူး။
ဇွန်လအစောပိုင်းပိုင်းကတော့ ဖားကန့်ကျောက်စိမ်းဒေသမှာ မိုးရာသီဖြစ်တာကြောင့်နဲ့ ဒေသတွင်းမှာ စစ်ကြောင်းထိုးနေတာကြောင့် ကုမ္ပဏီလုပ်ကွက်တွေလည်း ရပ်နားထားကြတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောထားပါတယ်။
ဒါကြောင့် အခုအမျိုးသား ၂ ဦးဟာ လုပ်ကွက်ရပ်နားထားတဲ့လုပ်ကွက်ထဲက စွန့်ပစ်မြေစာပုံထဲ ရေမဆေးကျောက်ရှာရင်း မြေစာပုံပိတာလို့နားလည်ရပြီး သေဆုံးခဲ့မှုရှိ မရှိနဲ့ နောက်ဆက်တွဲ အခြေအနေကို ဆက်လက်မေးမြန်းနေပါတယ်။
ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးစက်အသုံးပြုနိုင်ဖို့ လုပ်မယ်လို့ စစ်ကောင်စီ ရွေး/ကော် ပြော
ဒီဇင်ဘာမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးစက်တွေသုံးပြီး မဲပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဇွန် ၂၀ ရက်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အစည်းအဝေးမှာ ပြောပါတယ်။
ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ မဲပေးစက်တွေကို ထုတ်လုပ်နေပြီး ရရှိလာတဲ့ မဲပေးစက်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို သယ်ယူပို့ဆောင်တာ၊ သိုလှောင်ထိန်းသိမ်းတာ မပျက်စီးအောင် စနစ်တကျ သိမ်းဆည်းတာတွေ စီမံထားတယ်လို့ ဆိုပါတယ်။
အခုနှစ် ဒီဇင်ဘာလ တတိယပတ်ကစလို့ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ့်ပါတီ ၉ ပါတီနဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် ပြိုင်မယ့်ပါတီ ၄၅ ပါတီရှိပါတယ်။
တချို့သော နိုင်ငံရေးအင်အားစုတွေကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးသဘောတူညီချက်တခုကိုရအောင် ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပသင့်တယ်လို့ ပြောဆိုထားကြပါတယ်။
တဖက်မှာလည်း လူထုထောက်ခံတဲ့ ပါတီနဲ့ နိုင်ငံရေးသမားတွေ မပါဝင်နိုင်တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြထားကြပါတယ်။
ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေပိုပြင်းထန်လာပြီး လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေချိန်မှာ စစ်တပ်က ရွေးကောက်ပွဲတွေ ကျင်းပဖို့ကြိုးပမ်းနေတာကို စိုးရိမ်တယ်လို့ ပြောထားပါတယ်။
ဇွန် ၂၅ ရက်အတွင်း နိုင်ငံတဝန်းမိုးကြီးမယ်
စစ်တောင်းမြစ်ရေဆက်တက်နိုင်တယ်လို့ မိုး/ဇလသတိပေး
အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာတာကြောင့် ဇွန် ၂၅ ရက်အထိ နိုင်ငံတဝန်းမှာ ဒေသအလိုက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတာဖြစ်သလို အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ အနောက်ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းအရှိန်တွေကြောင့် နေရာကွက်ပြီး မိုးကြီးနိုင်တာလို့ဆိုပါတယ်။
မိုးကြီးပြီးလေပြင်းတိုက်တာနဲ့ အတူ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စစ်လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုစေတာတွေလည်း ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နဲ့ မွန်တို့မှာ နေရာကွက်ပြီး မိုးများမိုးကြီးမယ်လို့ ဆိုပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ဇွန် ၂၁ ရက်ကနေ ဇူလိုင် ၂ ရက်အတွင်း ဧရာဝတီမြစ်ဖျားဒေသနဲ့ ချင်းတွင်းမြစ်ဖျားဒေသတွေမှာ မိုးဆက်ကြီးပြီး မိုးရေချိန်များနိုင်တာကြောင့် မြစ်ရေတွေ ဆက်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေဟာ ပဲခူးတိုင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်နိုင်တာကြောင့် မြေကမ်းနားနဲ့ မြေနိမ့်ပိုင်းက နေထိုင်သူတွေ သတိထားကြဖို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေ စတက်နေပေမဲ့ စိုးရိမ်ရေမှတ်အောက်မှာပဲ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီလို စတက်နေချိန်မှာပဲ ဇွန် ၂၀ ရက်ကစလို့ တောင်ငူမြို့မှာ ခပေါင်းချောင်း ရုတ်တရက်ရေကြီးပြီး မြို့ထဲကို ရေတက်လာတာကြောင့် ရေဘေးရှောင်ကြရတဲ့ လူဦးရေ ၇၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။
"ချောင်းအထက်ပိုင်းမိုးများတာရယ်၊ ရေများလို့ ဆည်ကရေလွှတ်လိုက်တာနဲ့ပေါင်းပြီး ရေကြီးသွားတာပါ။ ခပေါင်ချောင်းရေရော စစ်တောင်းမြစ်ရေတက်တာရောနဲ့ ဒီနေ့မနက်မှာလည်း ရေကြီးနေပါသေးတယ်"လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ Save The Trees အဖွဲ့က ပြောပါတယ်။
ရုတ်တရက်ရေတက်လာတာကြောင့် တောင်ငူမြို့နယ် ဆူးတက်ရွာက ကျောင်းတံတား၊ လက်ခုတ်ကုန်းတံတားတွေလည်း ကျိုးသွားတယ်လို့ သိရပါတယ်။
မိုးဇလက စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ သတိပေးထားတဲ့အတွက် စစ်တောင်းမြစ်ရေနဲ့ ခပေါင်းချောင်းရေကြီးတာတွေကို သတိထားစောင့်ကြည့်နေကြပါတယ်။
ရန်ကုန်မြို့မှာဆိုရင်လည်း ပန်းပဲတန်း၊ လသာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေ၊ ကမာရွတ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံအပါအဝင် မြို့နယ်တော်တော်များများမှာ ဇွန် ၂၀ ရက် ညနေပိုင်းကပြီး ဒီကနေ့ ဇွန် ၂၁ ရက်မနက်ပိုင်းအထိ မိုးဆက်တိုက် ရွာနေပါတယ်။
ရန်ကုန်က တချို့မြို့နယ်တွေမှာဆိုရင် လမ်းတွေရေလျှံတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
ပေထုန်တန်အခက်နဲ့ မြန်မာတွေ အကျပ်အတည်း
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့တဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးသံတွေ ကျယ်လောင်လာပါတယ်။
အသံဖိုင်ထဲမှာ ပေထုန်တန်က ထိုင်းစစ်တပ် တစ်ခုလုံးကို စော်ကားထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိတာကြောင့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေနဲ့ လူထုအများစုက ပေထုန်တန်ကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။
ဒီဖြစ်စဥ်နောက်မှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှာလည်း ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ နုတ်ထွက်စာတင်ထားကြပါတယ်။
ဒါကြောင့် ထိုင်းအစိုးရအတွင်း အကွဲအပြဲကလည်း ကြီးထွားနေပါတယ်။
ပြဿနာကြီး ၂ ရပ်ကို တပြိုင်တည်းရင်ဆိုင်နေရတဲ့ ပေထုန်တန်ဟာ သူဖခင်နဲ့ အဒေါ်လို ဝန်ကြီးချုပ် ရာထူး ကနေ နုတ်ထွက်ရနိုင်တဲ့အထိ ဖြစ်လာပါတယ်။ ဒီ ထိုင်းနိုင်ငံရေးပြဿနာက ထိုင်းမှာ သန်းနဲ့ချီလူဦးရေရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုသက်ရောက်လာပါသလဲ။
လက်ရှိထိုင်းနိုင်ငံရေးပြဿနာကိုစေ့စေ့ငုငု ဖော်ပြထားသလို မြန်မာမှာ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းမှာနေထိုင်နေရတဲ့ မြန်မာတွေအတွက် ဘယ်လိုပြဿနာတွေရင်ဆိုင်လာရမလဲဆိုတာကို ရှင်းပြထားတဲ့ ဆောင်းပါးအပြည့်အစုံကို ဒီလင့် မှာ ဖတ်နိုင်ပါပြီ။