လေကြောင်းရန်ကြောင့် ပိတ်လိုက်ရတဲ့ကျောင်းတွေနဲ့ မလုံလောက်တဲ့ ဗုံးခိုကျင်းတွေ

စစ်ကိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ကျောင်းသားကလေးငယ်တွေနဲ့ ဆရာမတွေ သေဆုံးခဲ့တဲ့နောက်မှာ တော်လှန်ရေးနယ်မြေတွေမှာရှိနေတဲ့ ကြားကာလ စာသင်ကျောင်းတွေကို ပိတ်လိုက်ကြပါတယ်။

ဧပြီနဲ့မေလဟာ ပုံမှန်ကျောင်းပိတ်ချိန်ဖြစ်ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးမူဝါဒတွေထဲက တစ်ခုဖြစ်တဲ့ ၂၀၂၆ မှာ ကျောင်းသားတိုင်း အသက်နဲ့အတန်းညီမျှဖို့ဆိုတဲ့မူဝါဒအရ ကြားကာလကျောင်းတွေမှာ ဖြည့်စွက်သင်ခန်းစာ အတန်းသင်ကြားရေးတွေကို ဆက်ဖွင့်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ နေ့စဥ်လေကြောင်းရန်ကြောင့် ကြားကာလ စာသင်ကျောင်းတွေဟာ လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်ချက်တွေ ကြီးလာပါတယ်။

ဒီအတွက် ပညာရေးစဥ်ဆက်မပြတ်ဖို့နဲ့ ဗုံးခိုကျင်းတွေကလည်း ချိတ်ဆက်လာပါတယ်။ ဒါပေမဲ့ ကျောင်းတိုင်းမှာ ဗုံးခိုကျင်းတွေ မရှိပါဘူး။ ရှိတဲ့ဗုံးခိုကျင်းနဲ့ ကျောင်းသားအရေအတွက်ကလည်း မလုံလောက်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကျပ်အတည်းကို တော်လှန်ရေးအင်အားစုတွေ ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်နေကြလဲ။

ဗုံးခိုကျင်းနဲ့ တွဲလျက်စာသင်ခန်းတွေ လိုအပ်ကြောင်း ဆော်သြလာ

အညာဒေသမဟုတ်တဲ့ တော်လှန်ရေးနယ်မြေ ကရင်နီဒေသမှာတော့ စာသင်ကျောင်းဆောင်တွေမှာ ဗုံးခိုကျင်းတွေ ထည့်သွင်းတည်ဆောက်တာကို လုပ်ကိုင်လာကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက်နဲ့ ပညာသင်ကြားနိုင်ရေးအတွက် ဒီနည်းလမ်းတွေကို တွက်ချက်လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအမြင့်ဆုံးဒေသဖြစ်နေတဲ့ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးမှာလည်း ဒီလိုလုပ်ဆောင်ကြဖို့ တိုက်တွန်းမှုတွေရှိလာတာဖြစ်ပါတယ်။

တော်လှန်ရေးမှာပါဝင်နေတဲ့ ထင်ရှားသူတွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခါရာက ဗုံးခိုကျင်းတွေတူးဖို့ ရန်ပုံငွေအတွက် ကမ်ပိန်းတစ်ခုကို စတင်လုပ်ဆောင်ပြီး ဆော်သြလာပါတယ်။

သူ့ရဲ့ Merchandise Hope ဆွဲကြိုးရောင်းရငွေနဲ့ Facebook ကနေ ရတဲ့ငွေထဲက ကျပ်သိန်း ၂၀ မတည်မယ်လို့ သူရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

"အခုကြားရတဲ့သတင်းတွေ မြင်နေရတဲ့ သတင်းတွေက တကယ်ကို ရင်ကွဲမတတ် ခံစားရပါတယ်။ ဒီဗုံးခိုကျင်း ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည် အနာဂတ်လူ‌ငယ်တွေ ထပ်ပြီးတော့ ဆုံးရှုံးမခံနိုင်တော့လို့ လုပ်ရခြင်းဖြစ်ပါတယ်"လို့ ခါရာက ပြောထားပါတယ်။

သူရောက်ခဲ့ဖူးတဲ့ ကရင်နီပြည်နယ်(ကယား)မှာဆိုရင်လည်း အခိုင်အမာဆောက်ထားနိုင်တဲ့ ဗုံးခိုကျင်း နည်းပါးတာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လေးနှစ်တာ ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့မြို့ ပေါင်း ၉၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပါတယ်။

ဒီလိုအခြေအနေမှာ စစ်ကောင်စီက သူတို့အုပ်ချုပ်ခွင့်မရတဲ့ဒေသတွေမှာ အရပ်သားနေရာတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာကြတာလို့ စစ်ရေးသုံးသပ်သူတွေက ပြောကြပါတယ်။

ဗုံးခိုကျင်းတွေ တူးကြဖို့ ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြတာက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာဖြစ် ပါတယ်။ အထူးသဖြင့် ကျောင်းသားတွေ တစုတဝေးတည်း ရှိနေတဲ့ စာသင်ကျောင်းတွေမှာ မဖြစ်မနေ တူးကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် စစ်ရေးအဖွဲ့အစည်းတွေက သတိပေးထားကြပါတယ်။

NUG အနေနဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း တည်ဆောက်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ငွေကျပ် ၁၈ ဒသမ ၂ ဘီလျံအသုံးပြုခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စာသင်ကျောင်းတွေနားမှာ ဗုံးခိုကျင်းတူးဖို့ တစ်ကျင်းကို ငါးသိန်း ထောက်ပံ့တာတွေရှိပေမဲ့ ကျောင်းတိုင်းအတွက်တော့ မရကြဘူးလို့ ဆားလင်းကြီးမြို့နယ်ထဲက အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"တချို့ကျောင်းတွေကလည်း ထောက်ပံ့တာမရပေမဲ့ သူတို့ဘာသာ တူးကြတယ်။ ဒါပေမဲ့ တစ်ကျင်းကိုမှ ကျောင်းသား အယောက် ၂၀ ကနေ ၃၀ လောက်ပဲ ဆံ့တယ်။ ဗုံးခိုကျင်းတွေ မလောက်ဘူးပေါ့"လို့ သူက ပြောပါတယ်။

ထန်းလက်၊ သဲအိတ်သုံးထားတဲ့ ဗုံးခိုကျင်းတစ်ကျင်းကို ငွေကျပ် သိန်းနှစ်ဆယ်ဝန်းကျင်၊ ဘိလပ်မြေနဲ့ သုံးရင်တော့ ကျပ် သိန်း ၃၀ ကျော် ကုန်ကျစရိတ်ရှိနေတာကြောင့် အညာဒေသက လူထုအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးလည်း ဖြစ်နေပါတယ်။

အညာဒေသမှာ ဗုံးခိုကျင်းတွေတူးနိုင်အောင် လိုက်လံကူညီပေးနေသလို လေကြောင်းရန်နဲ့ပတ်သက်လို့ အသိပညာပေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ CDM ကထိက ဒေါ်ရတီအုန်းကတော့ အစောပိုင်းနှစ်တွေကတည်းက ဗုံးခိုကျင်းတွေလုပ်ဖို့ ဆော်သြနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ကထိက/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ရတီအုန်းဟာ စစ်အာဏာသိမ်းချိန်မှာတော့ အကြမ်းမဖက်အာဏာဖီဆန်သူ CDM တစ်ယောက် ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု ၁,၀၀၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်အရ သိရပါတယ်။

အခုအရေအတွက်ဟာ စစ်တပ်က လေယာဥ်အသုံးပြုတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ စက်တပ်လေထီး တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ အရပ်သား ၆၆၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁,၂၃၆ ဦးရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၂၄ ကာလတူနဲ့နှိုင်းယှဥ်ရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀၀ နီးပါးတိုးလာပြီး ထိခိုက်သေဆုံးတဲ့အရပ်သားတွေလည်း ပိုပြီးများပြားလာပါတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို မြန်မြန်ဆန်ဆန်လုပ်နိုင်‌အောင် အမိန့်ပေးကွပ်ကဲပုံ လျှော့ချတာနဲ့ စစ်နည်းဗျူဟာတွေမှာ ပြင်ဆင်ပေါင်းစပ်တာတွေ လုပ်လာတယ်လို့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ မေ ၁ ရက် အစီရင်ခံစာမှာ ဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၁၅၀ ကျော် လုပ်ထားခဲ့ပြီး စာသင်ကျောင်းတိုက်ခိုက်ခံရမှုက ၁၇၄ ကျောင်း ရှိတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ ရဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီအစီရင်ခံစာက ဖော်ပြထားပါတယ်။

ကရင်နီမှာစတင်တဲ့ မြေအောက် စာသင်ခန်း

ကရင်နီပြည်နယ်ဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းရန်ကို မကြာခဏ ခံစားနေရတဲ့ဒေသတစ်ခုပါ။ အဲဒီဒေသမှာတော့ Hope For Burma အဖွဲ့က ဦးဆောင်ပြီး မြေအောက် ဗုံးခိုကျင်းတွေ ဆောက်လုပ်ပေးနေပါတယ်။

လေကြောင်းတိုက်ခိုက်ခံနေရတာကြောင့် ကလေးငယ်တွေ "စာသင်ကြားမှု မရပ်တန့်စေရေးနဲ့ လုံခြုံစွာနဲ့ စာသင်ကြားခွင့်ရရှိနိုင်ရေး" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေအောက် ဗုံးခိုကျင်းတွေ ဆောက်လုပ်ခဲ့တာ တစ်နှစ်တိတိရှိခဲ့ပါပြီလို့ Hope For Burma အဖွဲ့က ဦးဆောင်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

တစ်နှစ်တာ ကာလအတွင်းမှာ မြေအောက် စာသင်ခန်းပေါင်း ငါးခုအထိ ဆောက်လုပ်နိုင်ခဲ့သလို နေ့ဘက်ပိုင်းမှာ မူကြိုကနေ အတန်းစုံ အလှည့်ကျ စာသင်ပြီး ညဘက်မှာ အိပ်ကြတယ်လို့ သိရပါတယ်။

ဒီမြေအောက် စာသင်ကျောင်းကြောင့်လည်း ကလေးတွေ အသက်ဘေးက လွတ်မြောက်ခဲ့တာတွေ ရှိတာကြောင့် ဒီထက်ပိုပြီး ဆောက်နိုင်ဖို့ နှိုးဆော်တယ်လို့ ကရင်နီဒေသရဲ့ တော်လှန်ရေးအဖွဲ့တွေကိုထောက်ပို့လုပ်နေသူတစ်ဦးက အကြုံပြုပါတယ်။

Hope For Burma အဖွဲ့က ဖွင့်ထုတ်ပြထားတဲ့ ဗုံးခိုကျင်းစာသင်ကျောင်း ဓာတ်ပုံတွေအရ အလင်းရောင်နဲ့ လေဝင်လေထွက် အဆင်ပြေအောင် ကလေး အရေအတွက် နည်းနည်းနဲ့ သင်ကြားပေးနေတာတွေ့ရပါတယ်။

ဗုံးခိုကျင်းတူးကြဖို့အထိ အခက်အခဲရှိတဲ့ အညာဒေသ

ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ အညာဒေသ စစ်ကိုင်းနဲ့ မကွေးမှာတော့ ဗုံးခိုကျင်းနဲ့ တွဲလျက် စာသင်ကြောင်းတွေလုပ်ဖို့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေရှိနေပါတယ်။

ဒီပဲယင်းနဲ့ ဆားလင်းကြီးမြို့နယ်တွေက ပညာရေးဝန်ထမ်းတချို့ကတော့ ခိုင်မာပြီး စနစ်ကျတဲ့ ဗုံးခိုကျင်း မြေအောက်စာသင်ခန်းမျိုးတွေ လုပ်ဆောင်ဖို့ ငွေကြေးနဲ့ နည်းပညာအပါအဝင် ဒေသရဲ့ မြေသားအနေအထားအရ လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။

"မြေက ခက်ခဲတယ်။ တူးရင်တောင် ပြိုလွယ်တဲ့မြေတွေ ဖြစ်နေတယ်။ ပြီးတော့ ဝမ်းစာအတွက်လည်း ဖြည့်ရတော့ ငွေကြေး လိုအပ်ချက်ရှိတယ် "လို့ ဒီပဲယင်းမြို့နယ်က ကြားကာလပညာရေးကျောင်းက ဆရာမတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားအင်အားများတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းလို ကြားကာလကျောင်းတွေအတွက်လည်း မြေအောက်စာသင်ကျောင်းတွေ ဆောက်ဖို့က အခက်အခဲတွေရှိတယ်လို့ ပညာရေးဆရာများ သမဂ္ဂကလည်း မှတ်ချက်ပေးပါတယ်။

နောက်ထပ်ထည့်တွက်ကြတဲ့အချက်က စစ်ကောင်စီတပ်တွေ လေကြောင်းက ကြဲချတဲ့ ဗုံးတွေက ပေါင် ၅၀၀ အထိ သုံးတာကြောင့် ဗုံးပေါက်ကွဲရင် မြေကျင်းကြီးတွေ ဖြစ်တဲ့အထိ ပြင်းအားရှိပါတယ်။ ဒါကလည်း လုံခြုံရေးအတွက် သတိထားထည့်တွက်စရာ ဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ်က ကြားကာလပညာရေးထောက်ပံ့သူ တစ်ဦးက ပြောပါတယ်။

"စစ်တပ်က ထောက်လှမ်းမှု အားကောင်းတယ်၊ ပစ်မှတ် ဘယ်နေရာရှိလဲ သူတို့သိပြီး မြေအောက်စာသင်ကျောင်းလည်း မကြဲဘူးလို့ မပြောနိုင်ဘူး"လို့ သူက စိုးရိမ်ချက်ကိုပြောပါတယ်။

ဒါအပြင် အညာက ဒေသအများစုဟာ မိုးများပြီး မြစ်ရေတက်တဲ့ သဘောရှိတာကြောင့် ဗုံးခိုကျင်းတွေထဲ ရေတွေဝင်တာ၊ ရေနဲ့အတူပါလာတဲ့နှုန်းတွေနဲ့ ပြန်ပြည့်သွားလို့ ပြန်တူးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဗုံးခိုကျင်းနဲ့ လုံခြုံရေးကျိုးပေါက်နိုင်ခြေသတိပေးချက်

လေကြောင်းအန္တရာယ် ကာကွယ်ရေးနည်းလမ်းတွေကလည်း ကြားကာလကျောင်းတွေမှာ မဖြစ်မနေ သင်ကြားရတဲ့ လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

စာသင်ခန်းတွေထဲမှာ လေယာဉ်သံက ဘယ်လိုရှိတယ်၊ လေယာဉ်လာရင် ဘယ်လိုပြေး၊ ဘယ်လိုဝပ်ဆိုတာနဲ့ ဗုံးက ဘယ်လိုပေါက်ကွဲတယ်ဆိုတာမျိုးကို သင်ကြားပေးနေကြတာပါ။

ဒါပေမဲ့ ဗုံးခိုကျင်းလို နေရာမျိုးတွေ၊ လေ့ကျင့်ရေး လုပ်တဲ့ ရုပ်သံဗွီဒီယို၊ ဓာတ်ပုံတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်ဖို့ နေရာပြသသလို ဖြစ်နိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေရှိနေပါတယ်။

အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မစိုးမြတ်သင်းကတော့ ဗုံးခိုကျင်းပါတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ မတင်ကြဖို့ သူ့ရဲ့ ဆိုရှယ်စာမျက်နှာကနေ အကြံပြုထားပါတယ်။

စစ်ကောင်စီရဲ့ စစ်အင်ဂျင်နီယာတပ်က လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်တွေက တဆင့် ဗုံးခိုကျင်းရှိတဲ့နေရာ တူးထားတဲ့ပုံစံတွေကို ခန့်မှန်းသိရှိနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

"ဗုံးခိုကျင်းပုံတွေကို မတင်ပါနဲ့လို့ အတန်တန်ပြောပါတယ်။ ဘာလို့ဆိုတော့ စစ်တပ်ထဲမှာ စစ်အင်ဂျင်နီယာတွေရှိတယ်။ စစ်အင်ဂျင်နီယာတွေကလေ ဗုံးဖောက်ခွဲတဲ့လူတွေ၊ ဗုံးခိုကျင်း တူးတဲ့သူတွေ၊ မြန်မာစစ်တပ်မှာလည်းရှိတယ်"လို့ မစိုးမြတ်သင်းက ပြောထားတာပါ။

ပညာရေးဆရာများသမဂ္ဂပူးပေါင်းဆောင်ရွက်ရေး တာဝန်ခံ ကိုနောင်ချိုကလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတဲ့ ဘုန်းကြီး‌ကျောင်း၊ စာသင်ကျောင်းတွေဟာ မြေပုံမှာ အညွှန်းပေါက်ထားတဲ့ နေရာတွေဖြစ်ပြီး စစ်တပ်က လွယ်လွယ်ကူကူ တွေ့နိုင်တဲ့နေရာတွေ ဖြစ်နေပြီလို့ ကောက်ချက်ချပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်တာတွေ လျော့နည်းအောင်၊ ကာကွယ်နိုင်အောင် လေဆိပ်ကနေ လေယာဉ် ပျံတက်လာတာ၊ လေကြောင်းသတင်းရတာနဲ့ ရပ်ရွာထဲ အကုန်သိအောင် သတင်းဖြန့်ဝေတာ၊ ကျောင်းတွေမှာဆိုရင် အသိပေးခေါင်းလောင်း တီးတာတွေကို ဒီထက်မက ပိုလုပ်သွားဖို့ လိုအပ်တယ်လို့လည်း အကြံပြုပါတယ်။

တိုက်ပွဲတွေမရှိတဲ့ မြို့ပြတွေမှာလို ကျောင်းတက်ချိန်၊ စာသင်ချိန်တွေကို ပုံမှန် မသတ်မှတ်နိုင်တဲ့ တော်လှန်ရေးမြို့တွေက ကြားကာလ စာသင်ကျောင်းတွေဟာ အချိန်ကာလသတ်မှတ်မထားဘဲ သင့်တော်သလို သင်ကြားနေကြရပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့ ကျောင်းပိတ်ကာလ ကျောင်းဖွင့်စာသင်တယ်ဆိုတဲ့ အပေါ် ပြောဆိုချက်တွေကို ကြားကာလပညာရေးသင်ဆရာ၊ ဆရာမတွေကလည်း တုံ့ပြန်ကြပါတယ်။

"စစ်ပြေးနေရတာနဲ့၊ ရေကြီး၊ ငလျင်လှုပ်၊ ကြောင်းထိုးတာနဲ့ လေကြောင်းလာလို့နဲ့ ပုံမှန်စာသင်ချိန်တွေ မရှိကြဘူးလေ"လို့ ဒီပဲယင်းမြို့နယ်က ကြားကာလသင်ကြားရေး ဆရာမက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ကြားကာလကျောင်းတွေ ပိတ်ထားရပြီး ဘယ်တော့ ပြန်ဖွင့်နိုင်မလဲဆိုတာလည်း တိတိကျကျပြောနိုင်တာမရှိပါဘူး။

"အခြေအနေတစ်ခုထိ စောင့်ကြည့်ပြီး ဆက်သင်ကြမှာပါ။ ကလေးတွေရဲ့ ပညာရေး အဆက်ပြတ်လို့မဖြစ်ဘူး။ သူတို့ ရဲ့ စာသင်ကြားခွင့်တွေ ရပ်သွားလို့ မဖြစ်ဘူးလေ၊ ဒီလိုပဲ လေကြောင်းရန် တထိတ်ထိတ်နဲ့ပဲ ရှေ့ဆက်ကြရမှာပါ" လို့ ဒီပဲယင်းမြို့နယ် ကြားကာလပညာသင် ဆရာမက ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းကာလ ၄ နှစ်အတွင်း လေကြောင်းအန္တရာယ်ကာကွယ်ရေးသင်ခန်းစာက တော်လှန်ရေးနယ်မြေက ကျောင်းတွေမှာ ထပ်တိုးရတဲ့သင်ရိုးတစ်ခုဖြစ်လာနေပါတယ်။