ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၁၈ ရက် ထိပ်တန်းသတင်းများ
စာရေးဆရာအကြည်တော် အရေးပေါ်ကုသမှုခံယူနေရ
ရေးဆရာအကြည်တော်ဟာ ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဂီတမှူးဓိရာမိုရ်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
စာရေးဆရာအကြည်တော်ဟာ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရောက်ဆေးကုသမှုခံယူခဲ့တဲ့နောက် မြန်မာနိုင်ငံကိုမကြာသေးခင်က ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ပင်လုံဆေးရုံမှာ အသက်လုနေရတယ်လို့ ဂီတမှူး ဓိရာမိုရ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အကြည်တော်ဟာ သူ့ရဲ့လူမှုကွန်ရက်ကနေ ဆေးကုသမှုခံယူနေတဲ့ဓာတ်ပုံနဲ့အတူ ''လုပ်ချင်ရာလုပ်ပြီးရင်အလှဆုံးပြုံးနေတတ်သူ'' ဆိုပြီး ပို့စ်တင်ပြီးသူ့ရဲ့ကျန်းမာရေးအခြေအနေကို အသိပေးခဲ့ပါတယ်။
စာရေးဆရာအကြည်တော်ရဲ့ ကျန်းမာရေးအခြေအနေကိုအသေးစိတ်ထပ်မံသိရဖို့ ဘီဘီစီက မိသားစုထံ ဆက်သွယ်မေးမြန်းနေပါတယ်။
အကြည်တော်ဟာ ဟာသစာပေတစ်ခေတ်မှာ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲ ဇော်ကကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း စတဲ့ လက်ရာတွေက ထင်ရှားပြီး အဲဒီထဲက တချို့ကို ရုပ်ရှင် ဗီဒီယိုတွေအဖြစ် ပြန်လည်ရိုက်ကူးရာမှာလည်းအလွန်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။
မကြာသေးမီကလည်း သူကိုယ်တိုင်ရွတ်ဆိုထားတဲ့ ကဗျာနဲ့ ဂီတ ပေါင်းစပ်ထားတဲ့ ကဗျာဂီတ အယ်လ်ဘမ်ကို ထုတ်ဝေထားပါတယ်။
အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ရဟတ်ယာဥ်ဆိုင်ရာ အဂတိမှု ၅ မှုအတွက် စွဲချက်တင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူ၊ သုံးစွဲမှုဆိုင်ရာ အဂတိမှုတွေအတွက် ဒီနေ့ ရုံးချိန်းမှာ စွဲချက်တင် လိုက်တယ်လို့ သိရပါတယ်။
အဲဒီအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။
အဲဒီအမှုတွေအတွက် အတိုင်ပင်ခံနဲ့သမ္မတတို့ ပူးတွဲစွပ်စွဲခံရတာဖြစ်ပြီး စစ်ဆေးရမယ့် သက်သေတွေကျန်သေးပေမဲ့ စွဲချက်တင် မတင်ကိစ္စကို ဆုံးဖြတ်လျှောက်လဲဖို့ ပြီးခဲ့တဲ့တစ်ပတ် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
လာမယ့်တစ်ပတ်ရုံးချိန်းမှာတော့ အမှုတွေအတွက် ပြန်ခေါ် သက်သေကို စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီအမှုအတွက် NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုလည်း အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေါက်တာ ဝင်းမြတ်အေးကတော့ အဲဒီအမှုကို တရားမရင်ဆိုင်ဘဲ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ခန္တီး အချုပ်ထောင် ဖောက်မှု နောက်ဆုံးရအခြေအနေ
စစ်ကိုင်းတိုင်း ခန္တီးမြို့က အချုပ်ထောင်ဖောက် ထွက်ပြေးမှုဖြစ်ရပ်မှာ ထွက်ပြေးလွတ်မြောက်သွားသူ ၁၄ ဦးထဲက ၅ ဦးကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ဖမ်းမိထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းက ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်မှာ အချုပ်သား ၁၄ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၂ ဦးကိုပြန်လည်ဖမ်းမိတာကြောင့် ၁၄ ဦးကို အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကပိုက်စိပ်တိုက်ရှာဖွေချိန်မှာ နောက်ထပ် ၃ ဦးကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ဖမ်းမိတာလို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေက တာဝန်ကျရဲတပ်သားတွေရဲ့ လက်နက်အချို့ကိုလည်းယူဆောင်သွားတယ်လို့သိရှိထားရတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။
ထောင်ဖောက်ခံရလို့ ဒီနေ့ မနက် ၆ နာရီလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အနှံ့ပိုက်စိပ်တိုက်ရှာဖွေရေးတွေလုပ်နေသလို ရေလမ်း၊ ကုန်းလမ်း အားလုံးကို ပိတ်ဆို့စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။
''ကားတွေနဲ့လှည့်ပတ်ရှာနေတယ်။ စစ်ကြောင်းတွေထိုးနေတယ်။ ခန္တီးအထက်ပိုင်းသွားမယ့် မော်တော်တွေ စုန်ဆင်းမယ့်မော်တော်တွေအကုန်လုံးကို ပိတ်လိုက်တယ်။ စစ်နေတယ်။ မြို့ထဲမှာ စစ်ကြောင်းထိုးနေတယ်။ ကားတွေနဲ့ပတ်စစ်နေတယ်'' လို့ ဒေသခံတစ်ယောက်ကပြောပြပါတယ်။ လက်ရှိမှာ ထောင်အတွင်း နိုင်ငံရေးအမှုနဲ့ အကျဥ်းကျခံနေရသူအယောက် ၂၀ နဲ့ ၃၀ ကြားရှိပြီးပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကေအိုင်အေအဖွဲ့ကနေ ဖမ်းဆီးခံထားရသူအချို့လည်းရှိတယ်လို့ဆိုပါတယ်။
ခန္တီးထောင်ဖောက်ခံရတယ်ဆိုတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးစစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့စာတစ်စောင်မှာတော့ အချုပ်သား ၁၄ ဦးလွတ်မြောက်လျက်ရှိပြီး ပြန်လည်ဖမ်းမိရေး ရှာဖွေနေတယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီတပ်နဲ့သက်ဆိုင်တဲ့သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ခန္တီး အကျဥ်းထောင်ဖောက်ထွက်ပြေးတာမဟုတ်ဘဲ ခန္တီးရဲစခန်းထဲက အချုပ်ခန်းက အချုပ်သားတွေထွက်ပြေးတာလို့ ဖော်ပြနေပါတယ်။
ခန္တီးအကျဥ်းထောင်ဟာ မြို့ ကနေ ၃မိုင်လောက်သွားရတဲ့ ခန္တီး - နန်စီပွန်လမ်းမှာရှိပြီး ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ခေတ်အဆက်ဆက်အကျဥ်းကျခံခဲ့ရတဲ့ထောင်ဖြစ်ပါတယ်။
(အောက်တိုဘာလ ၁၈ ရက် ညပိုင်းထပ်မံ သိရှိရတဲ့ သတင်းအချက်အလက်များအရ မူလ သတင်းမှာရေးသားထားတဲ့ ခန္တီး အကျဥ်းထောင် စကားရပ် အစား ခန္တီး အချုပ်ထောင် စကားရပ်နဲ့ အစားထိုးပြင်ဆင်ဖြည့်စွက်ထားပါတယ်။)
ဝက်လက်၊ ရွှေပန်းကုံးရွာက စစ်ကောင်စီရဲစခန်းတစ်ခုကိုတိုက်ခိုက်စဥ် နှစ်ဖက် သေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ပြော
စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဆို မနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာမှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ 96 soldiers ၊ အညာဒေသခွဲကနေ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပြန် တိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရကာ ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးသေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ "ဟက်စကီးနဲ့ တောက်လျှောက်ကို ပစ်တာ။ လေးကြိမ်ထက်မနည်း တစ်နာရီနီးပါးပစ်တယ်။ ရွှေပန်းကုံးဒေသခံတွေကတော့ ပြေးနေကြရတာပေါ့ဗျာ။ အခု အောက်တိုဘာ ၂ ပတ်အတွင်းမှာဆိုဝက်လက်မှာ လေကြောင်းအတိုက်ခံရတာ နှစ်ကြိမ်ရှိပြီ" လို့ 96 soldiers တာဝန်ခံတစ်ဦးက ပြောပါတယ်။
အခုအောက်တိုဘာလအတွင်း ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာမှုတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်း သစ်ဆိပ်၊ ပိတောက်ချုံ စတဲ့ကျေးရွာတွေမှာလည်း နေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဒီကနေ့အောက်တိုဘာ ၁၈ရက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခြေအနေငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို စစ်ကောင်စီရဲ့ ရဲစခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံးမှုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပေါက်၊ တောင်မြင့်ရွာမှာ ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်တုန်းက မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့သစ်ညီနောင် ကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ကျောင်းဆရာဦးစောထွန်းမိုးရဲ့ ရုပ်အလောင်းကို မနေ့အောက်တိုဘာ ၁၇ ရက်မှာ တောင်မြင့်ကျေးရွာစာသင်ကျောင်းရှေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သစ်ညီနောင်ကျေးရွာအနီးကတောထဲမှာ စစ်ဘေးတိမ်းရှောင်နေတုန်း စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ကာ ဖမ်းဆီးခံခဲ့ရပြီး သစ်ညီနောင်နဲ့ နှစ်မိုင်အကွာမှာရှိတဲ့ တောင်မြင့်ရွာအထက်တန်းကျောင်းရှေ့မှာ ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ခံရတဲ့အလောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
"ဆရာက သစ်ညီနောင်ဇာတိဗျ၊ ဖမ်းခံရတုန်းကတော့ ဒီတိုင်းဖမ်းသွားတာ။ နောက်မှ ဒလန်သတင်းပေးတွေကတဆင့်သူဆိုတာသိပြီး အသတ်ခံရပုံရပါတယ်၊။ ခေါင်းကို ကျောင်းတံခါးဝမှာ ချိတ်ပြီးတော့ ခန္ဓာကိုယ်မှာက ဆရာရွှေလက်စွပ်ထားတဲ့လက်ချောင်းတွေပါ ဖြတ်ယူသွားတယ်။ အားလုံးကတော့ ပျူစောထီး သတ်တာလို့ ယူဆထားကြတယ်။ ဆရာက ရပ်ရွာမှာ ပညာရေးအတွက် အတော်ကိုအားကိုးရတဲ့သူပါ" လို့ ပေါက်တောင်ပိုင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဆရာဦးစောထွန်းမိုးရုပ်အလောင်းထားရှိခဲ့တဲ့ တောင်မြင့်အထက်တန်းကျောင်းကိုလည်း အောက်တိုဘာ ၁၆ ရက်တုန်းက စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ အခုသတ်ဖြတ်ခံရတဲ့ ဆရာဦးစောထွန်းမိုးဟာ အစိုးရဝန်ထမ်းမဟုတ်ဘဲ ပုဂ္ဂလိကပညာရေး ဘော်ဒါကျောင်းအုပ်တစ်ဦးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ပညာသင်ကြားပေးနေသူလို့ ပညာရေးအသိုင်းအဝိုင်းကဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၁၈ရက်မှာ ပေါက်မြို့နယ်တောင်ပိုင်းတဝိုက် စစ်ကောင်စီက အင်အားထပ်ဖြည့်ထားတာကြောင့် စစ်ရေးတင်းမာနေတဲ့အနေအထားရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောကြပါတယ်။
အခုကျောင်းဆရာ သတ်ဖြတ်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာ့ဒီမိုကရေစီအရေး တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ NUCC ခြေလှမ်း
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးကြိုးပမ်းမှုမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဘက်က ခြေလှမ်းလာပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်ကျင်းပတဲ့ ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ အောင်မြင်စေကြောင်း သဝဏ်လွှာမှာ NUCC က တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်ပြောလာတာပါ။
အတိုင်ပင်ခံကောင်စီအနေနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်မှုရဲ့ အရေးပါမှုနဲ့ နှစ်နိုင်ငံပြည်သူကြား၊ တရုတ်အစိုးရနဲ့ ကွန်ဂရက်ပါတီကြား ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်ရေး တည်ဆောက်မှုကိုလည်း ဆက်လက်ထားရှိလိုကြောင်း အဲဒီ သဝဏ်လွှာမှာပါရှိပါတယ်။
အဲဒီရည်မှန်းချက်ရောက်ရှိရေးမှာ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ မြန်မာပြည်တွင်း တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်ဆန္ဒပြင်းပြတယ်လို့ လည်း ဆိုပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးဆက်လက်ထားရှိပေမဲ့ တစ်ဖက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ NUCC တို့နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံတာမရှိသေးပါဘူး။
ဒါပေမဲ့ NLD အစိုးရ လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ ၂ ကြိမ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သလို သမ္မတရှီကျင့်ဖျင်ဟာလည်း မြန်မာနိုင်ငံကို ၂၀၂၀ ခုနှစ် နှစ်ဆန်းမှာ မြန်မာပြည်ကို အလုပ်သဘောခရီးစဥ် လာရောက်ခဲ့ပါတယ်။
မုံရွာမြို့၊ မြေနဲရွာတံတားအနီးယာဥ်တိုက်မှု အမျိုးသား ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာအနီးတံတားအနီးမှာ အိမ်စီးကားတစ်စီးက ဆိုင်ကယ်တစ်စီးကို ဒီနေ့မနက်ပိုင်းတုန်းက တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်က အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်သက်သေတွေကတော့ မန္တလေးလိုင်စင်နံပါတ်တပ်ထားတဲ့ အဲဒီကားဟာ ယာဥ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ထွက်ပြေးသွားခဲ့တယ်လို့ ပြောသလို တိုက်မိတဲ့ ယာဥ်ကိုတွေ့ရင် အကြောင်းကြားဖို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။
မျက်မြင်အချို့ကတော့ တိုက်ပြီးထွက်ပြေးသွားတဲ့ကားဟာ မန္တလေးက စာသင်တိုက်တစ်တိုက် နာမည် ရေးထိုးထားတာတွေ့ရပြီး ဆရာတော်တစ်ပါးနဲ့ ယာဥ်မောင်းတစ်ဦး၊ နောက်ခန်းမှာ လူတစ်ဦးလိုက်ပါလာတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ခန္တီးထောင်ဖောက်ခံရမှုဖြစ်ပွား၊ အချုပ်သား ၁၄ ဦးလွတ်မြောက်နေတယ်လို့ဆို
စစ်ကိုင်းတိုင်း ခန္တီးမြို့ ခန္တီးထောင်ဖောက်ခံရမှု ဒီကနေ့အောက်တိုဘာ ၁၈ရက်မနက်အစောပိုင်း မှာဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ကနဦးမှာ အချုပ်သား ၁၆ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၂ ဦးကိုပြန်လည်ဖမ်းမိတာကြောင့် ၁၄ ဦးကို အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောလာပြီး ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေက တာဝန်ကျရဲတပ်သားတွေရဲ့ လက်နက်အချို့ကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်။
ထောင်ဖောက်ခံရလို့ ဒီနေ့ မနက် ၆နာရီလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အနှံ့ပိုက်စိပ်တိုက်ရှာဖွေရေးတွေလုပ်နေသလို ရေလမ်း၊ကုန်းလမ်း အားလုံးကို ပိတ်ဆို့စစ်ဆေးနေတယ်လို့မြို့ခံအချို့ကပြောပါတယ်။
'' ကားတွေနဲ့လှည့်ပတ်ရှာနေတယ်။ စစ်ကြောင်းတွေထိုးနေတယ်။ခန္တီးအထက်ပိုင်းသွားမယ့်မော်တော်တွေ စုန်မယ့်မော်တော်တွေအကုန်လုံးကို ပိတ်လိုက်တယ်။ စစ်နေတယ်။ မြို့ထဲမှာ စစ်ကြောင်းထိုးနေတယ်။ ကားတွေနဲ့ပတ်စစ်နေတယ်'' လို့ ဒေသခံတစ်ယောက်ကပြောပြပါတယ်။
လက်ရှိမှာ ထောင်အတွင်း နိုင်ငံရေးအမှုနဲ့ အကျဥ်းကျခံနေရသူအယောက် ၂၀ နဲ့ ၃၀ကြားရှိပြီးပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကေအိုင်အေအဖွဲ့ကနေ ဖမ်းဆီးခံထားရသူအချို့လည်းရှိတယ်လို့ဆိုပါတယ်။
ခန္တီးထောင်ဖောက်ခံရတယ်ဆိုတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးစစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ခန္တီးမြို့ ကနေ ၃မိုင်လောက်သွားရတဲ့ ခန္တီး - နန်စီပွန်လမ်းမှာရှိတဲ့ အဲဒီထောင်ဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေခေတ်အဆက်ဆက်အကျဥ်းကျခံခဲ့ရတဲ့ထောင်ဖြစ်ပါတယ်။
မြဝတီ ကေကေပါ့ခ်ရောက် မလေးရှားတွေအရေး မြန်မာကိုဖိအားပေးဖို့ တရုတ်ကို သက်ဆိုင်ရာမိသားစုဝင်တွေတောင်းဆို
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ထဲက ကေကေပါ့ခ်မှာ အလုပ်စေခိုင်းခံနေရတဲ့ မလေးရှားနိုင်ငံသားတွေကို ကူညီကယ်ဆယ်ရေးအတွက် မြန်မာကို ဖိအားပေးဖို့ တရုတ်နိုင်ငံကို သက်ဆိုင်ရာမိသားစုဝင်တွေက စုပေါင်း စာပို့တောင်းဆိုလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ သူ့ရဲ့သြဇာကို သုံးပြီး ကေကေပါ့ခ်က အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ အလုပ်စေခိုင်းခံနေရသူ မလေးရှားနိုင်ငံသားတွေ လွတ်မြောက်ရေး လုပ်ဆောင်ပေးဖို့ မလေးရှားနိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့ မနေ့ အောက်တိုဘာလ ၁၇ ရက်မှာ ကွာလာလမ်ပူမြို့က တရုတ်သံအမတ်ဆီ စာရေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒီမလေးရှားနိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကသာ မြန်မာဘက်ကို အကြံပြုပြောကြားတာမျိုးရှိမယ်ဆိုရင် မြန်မာဘက်က အဲဒီကိစ္စကို အာရုံစိုက်လာနိုင်တဲ့အကြောင်းကိုလည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။
တရုတ်၊ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လစာငွေကောင်းမွန်မယ်ဆိုတဲ့သွေးဆောင်ခံရမှုတွေကြောင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ရတဲ့သားကောင်တွေဖြစ်လာပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာပဲ အဲဒီလိုလိမ်လည်ခံရတဲ့အိန္ဒိယနိုင်ငံသား ဆယ်ချီကို မြဝတီဘက်ကနေ အိန္ဒိယအာဏာပိုင်တွေက ကယ်ဆယ်ထားပါတယ်။
ဆန်သစ်ပေါ်ပြီဆိုပေမဲ့ ဆန်စျေးဘာလို့အတက်ဘက်မှာဆက်ရှိနေလဲ။
ပြည်တွင်း ဆန်၊ စပါးဈေးကွက်အတွင်း ဆန်သစ်ပေါ်ချိန်ဖြစ်နေပြီး ဈေးအမြင့်နဲ့ပေါ်လာလို့ဆန်ဈေးအတက်ဘက်မှာရှိနေမယ်လို့ဆန်စပါးကုန်သည် တွေကပြောပါတယ်။
ဆန်ထွက်တဲ့ဒေသမစုံသေးလို့ ဆန်ဈေးကိုအတိအကျခန့်မှန်းဖို့ခက်နေပေမဲ့ လက်ရှိမှာတော့ အမြင့်ဈေးနဲ့ ဆန်သစ်တွေပေါ်လာတာပါ။
မိုးစပါးကို ဒေသအများစုမှာ စိုက်ပျိုးခဲ့ပေမယ့်လည်း သွင်းအားစု ဈေးနှုန်းကြီးမြင့်ကုန်ကျစရိတ်ပိုများခဲ့သလို စပါးအထွက်နှုန်လည်းလျော့ကျလို့ဈေးတက်နေတာလို့ခန့်မှန်းချက်တွေလည်းရှိပါတယ်။
ပြည်တွင်းဆန်ဈေးကွက်အခြေအနေကိုမြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ကတော့ "ဆန်သစ်တွေကပေါ်ပြီ။ စျေးသိပ်မကျဘူးဗျ။ ဆန်ဟောင်းကစျေးတက်တော့....။ အရင်ဆန်ဟောင်းစျေးတွေမြင့်တာ၊ နည်းနည်းလည်းအထွက်လည်းနည်းတယ်။ နယ်မစုံသေးဘူး။ နယ်စုံရင်တော့နည်းနည်းကြည့်ရမှာပေ့ါ။ ဧရာဝတီတို့ပဲခူးတို့ကတော့ ဆန်စထွက်နေပြီ။ ဧရာဝတီမှာတောင်နယ်မစုံသေးပါဘူး။ တကယ်ဆန်များများထွက်တဲ့နယ်တွေထွက်လာရင်တော့တစ်ချက်ကြည့်ရမယ်။ နိုဝင်ဘာလောက်ကျရင်။ ဒီနှစ်က အိတ်စ်ပို့ရောင်းထားတဲ့သူတွေလည်းရှိတော့ သူတို့က ဆန်ကလည်း သင်္ဘောတင်နေကြပြီ။ အဲဒီအတွက်လည်း ပြန်ဝယ်နေကြတယ်။ ပြည်တွင်းစားဆန်က မထွက်သေးဘူး။ ပေါ်ဆန်းမွှေး တို့ဘာတို့၊ အကြမ်းရှယ်တွေမထွက်သေးဘူး။ ထွက်တာများတာတော့ ဆန်ကြမ်းလည်း ထွက်တာများတယ်။ အိတ်ပို့ဆန်လည်းထွက်တယ်။ ဒီဘက် အဓိက စားဆန်ကတော့ ထွက်တာနည်းပါသေးတယ်"လို့ သူက ပြောပါတယ်။