ကမ္ဘောဒီးယားက အလိမ်လုပ်ငန်း - အရှေ့တောင် အာရှက လိမ်လည်လူကုန်ကူး ခံရသူများ

    • ရေးသားသူ, ဘီဘီစီသတင်းထောက် တက်ဆာဝေါင်း၊ ဘွီသူးနဲ့ လော့ခ်လီးတို့ ပူးတွဲရေးသားသည်။
    • ရာထူးတာဝန်, BBC News

နိုင်ငံခြားမှာ အလုပ်ရမယ်၊ လခလည်းကောင်းမယ်၊ ဟိုတယ်ကောင်းကောင်းမှာ အားကစားလေ့ကျင့်ပေးမယ့် သူတွေနဲ့ အဆင့်မြင့်မြင့် နေရမယ် ဆိုပြီး ပြောလာတော့ ထိုင်ဝမ်က ယန်ဝေဘင်း တစ်ယောက် နှစ်ခါတောင် မစဉ်းစားတော့ပါဘူး။

သူလုပ်ရမယ့် အလုပ်က တယ်လီဆေးလ် လို့ ခေါ်ကြတဲ့ အွန်လိုင်းပေါ်ကနေ ဆက်သွယ် ဈေးရောင်းတဲ့ အလုပ်မျိုးပါ။ ကမ္ဘောဒီးယားမှာ သွားလုပ်ရမှာ ဖြစ်ပါတယ်။ သူ့အသက်က ၃၅ နှစ်ရှိပါပြီ၊ အနှိပ်သည် အဖြစ် အသက်မွေးနေပေမဲ့ သိပ်မချောင်လည်ပါဘူး။ ဖခင်ဖြစ်သူ လေဖြတ်သွားပြီးနောက်ပိုင်းကတည်းက မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေခဲ့တာဖြစ်ပါတယ်။

သီတင်းပတ် အတော်ကြာပြီးနောက်မှာ ဝေဘင်း ဖနွမ်ပင်ကို ရောက်လာခဲ့ပါတယ်။ ကမ္ဘောဒီးယား မြို့တော်ဆီ သူခြေချလိုက်တာနဲ့ လူတစ်စုက သူ့ကို လာခေါ်သွားကြပါတယ်။ လူပြတ်တဲ့ လမ်းတစ်လမ်းထဲက လိပ်စာမသိတဲ့ အဆောက်အအုံ တစ်လုံးဆီ ခေါ်သွားပါတယ်။ သူ့ကို အလုပ်ပွဲစား ပြခဲ့တဲ့ ပုံတွေထဲက ဟိုတယ်အကောင်းစားမျိုးတော့ မဟုတ်တာ သေချာပါတယ်။

အလုပ်အတွက် စာရွက်စာတမ်းတွေ လုပ်ဖို့ ဆိုပြီး သူ့ နိုင်ငံကူးလက်မှတ်ကို ယူသွားကြပါတယ်။ နောက် နေဖို့ ဘာမှ မရှိတဲ့ အခန်းငယ် တစ်ခန်းပေးပါတယ်။ နောက်ပြီး ဒီဝင်းထဲက ဘယ်တော့မှ အပြင်မထွက်ပါနဲ့လို့ ပြောသွားပါသေးတယ်။ ဘယ်တေ့ာမှ ထွက်ခွင့်မရဘူးလို့ သူ့ကို အသိပေးသွားကြတာပါ။

သူတော့ အသွားမတော် တစ်လှမ်းဆိုသလို လာမိတာ မှားပြီ၊ တော်တော် အန္တရာယ်ရှိနေပြီ ဆိုတာ သူသိလိုက်ပြီလို့ ဝေဘင်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဝေဘင်းလိုပဲ အရှေ့တောင်အာရှ ဒေသထဲမှာ ကျက်စားနေကြတဲ့ လူကုန်ကူးသမားတွေရဲ့ အလုပ်အတုတွေချပြပြီး ဆွဲဆောင် စည်းရုံးမှုတွေ အောက်မှာ ယုံကြည်မိကြသူ ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲဒါကြောင့်လည်း အခုဆို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဟောင်ကောင်နဲ့ တိုင်ဝမ်တို့ အပါအဝင် အာရှ ဒေသထဲက အစိုးရတွေက စိုးရိမ်လာနေကြပါပြီ။

လွယ်ကူသက်သာပြီး အကျိုးခံစားခွင့်တွေ များများရမယ် ဆိုတဲ့ အလုပ်ကြော်ငြာ တွေကြောင့် တော်တော်များများဟာ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေဆီ ရောက်လာကြပါတယ်။ သူတို့ ရောက်ပြီ ဆိုတာနဲ့ သူတို့ကို အကျဉ်းသားတွေ သဖွယ် ထိန်းသိမ်းထားလိုက်ကြပြီး မုသားစက်ရုံတွေလို့ တင်စားကြတဲ့ အွန်လိုင်းပေါ်က အလိမ်အညာ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စေခိုင်းခံကြရပါတယ်။

အရှေ့တောင်အာရှဒေသထဲမှာ လူကုန်ကူးမှုတွေက တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရာဇဝတ်ကွန်ရက်တွေက အခုဆို တော်တော်လှမ်းလှမ်းက လူတွေကိုတောင် လိမ်ညာနည်း အသစ်တွေနဲ့ ပစ်မှတ်ထားလာနေကြပြီ ဖြစ်ပါတယ်။

သူတို့ ချိန်လာတာက ဆယ်ကျော်သက် တော်တော်များများအပါအဝင် လူငယ်တွေကိုပဲ ဖြစ်ပါတယ်။ ဒီလူငယ်တွေက ပညာအရည်အချင်းလည်းရှိပါတယ်၊ ကွန်ပျူတာလည်း ကောင်းကောင်းသုံးတတ်သလို ဘာသာစကားကိုလည်း တမျိုးမက ပြောနိုင်ကြသူတွေပါ။

အဲဒီလို အရည်အချင်းကောင်းတွေ ရှိနေကြတဲ့ လူငယ်တွေဟာ လူကုန်ကူးသမားတွေရဲ့ ပစ်မှတ် ဖြစ်လာနေပါတယ်။ "ဝက်သတ်တယ်" လို့ ခေါ်ကြတဲ့ အွန်လိုင်းပေါ်ကနေ အချစ်ဇာတ်လမ်းတုတွေ ဖန်တီးတာမျိုးအပြင် ခရစ်ပ်တို ငွေကြေး လိမ်လည်မှု၊ ငွေခဝါချတဲ့ ကိစ္စတွေနဲ့ တရားမဝင် လောင်းကစား မှုတွေမှာ အသုံးချဖို့ အတွက် ဖြစ်ပါတယ်။

ဗီယက်နမ်က ချီတင် ဆိုသူကတော့ အမျိုးသမီးတစ်ယောက်ဟန်ဆောင်ပြီး အွန်လိုင်းပေါ်ကနေ သူစိမ်းတွေကို လိုက်ပြီး မိတ်ဆွေဖွဲ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အွန်လိုင်းပေါ်က လောင်းကစားနဲ့ ထီ ဝက်ဘ်ဆိုက်တွေမှာ လာပြီး ကစားကြဖို့ နေ့စဉ် လူ ၁၅ ယောက်လောက်ကို လိုက်ပြီးမိတ်ဆွေဖွဲ့ စည်းရုံးဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။ အဲဒီထဲကမှ လူ ၅ ယောက်ကို လောင်းကစားလုပ်ဖို့ ငွေစာရင်းဖွင့်ပြီး ငွေတွေ သွင်းဖို့ ဆွဲဆောင် စည်းရုံးပေးရတယ်လို့ သူက ပြောပါတယ်။

မန်နေဂျာလုပ်တဲ့လူက သူ့ကို ကလန်ကဆန် မလုပ်ဖို့နဲ့ မထွက်ပြေးဖို့ ပြောပြီး လုပ်ခဲ့ရင်တော့ နှိပ်စက်ညှင်းပန်းခံရမယ်လို့ ပြောခဲ့သလို တော်တော်များများကလည်း သူတို့ ရဲ့ နေ့စဉ် အရောင်းပစ်မှတ်တွေ ပြည့်အောင် မရောင်းနိုင်ရင် အစားမကျွေးဘဲ အငတ်ထားသလို အရိုက်အနှက်လည်း ခံရတယ်လို့ သူ့ကို ပြောပြခဲ့ကြတယ်လို့ ဆိုပါတယ်။

တခါတရံမှာ အဲဒီထက်တောင် ပိုဆိုးတတ်ပါသေးတယ်။ အမည်မဖော်ပြချင်တဲ့ ဗီယက်နမ် လူမျိုး နှစ်ယောက်ကဆို ရိုက်နှက်ရုံတင်မကဘဲ ကျင်စက်နဲ့ အတို့ခံရတာ၊ အစာမကျွေးဘဲ ထားတာမျိုးတွေ ကြုံခဲ့ရကြောင်း ဘီဘီစီကို ပြောပြကြပါတယ်။ နောက်ပြီး သူတို့ကို အဲဒီလို အလိမ်အညာ လုပ်နေတဲ့ လုပ်ငန်းတွေများစွာကို လက်ပြောင်းလက်လွှဲ လုပ် ရောင်းစားတာလည်း အကြိမ်ကြိမ် ခံခဲ့ကြရပါတယ်။ အခုပြောပြတဲ့ နှစ်ယောက်ထဲက တစ်ယောက်က အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

နောက်တယောက်ကတော့ ၂၅ နှစ်ပါ။ ဖမ်းထားတဲ့ လူတွေက သူ့ပုံကို ရိုက်ပြီး သူ့မိသားစုဆီက ငွေညှစ်ခဲ့ကြတုန်းက ပုံကို ပြပါတယ်။ အဲဒီပုံထဲမှာ သူ့ကို သံကုတင်မှာ လက်ထိပ်ခတ်ထားသလို ဒူးတဘက်မှာလည်း ကျင်စက်နဲ့ အတို့ခံရလို့ အညိုအမည်းတွေစွဲ နေတာကို တွေ့ရပါတယ်။

အဲဒီလို ပိတ်လှောင်ခံထားရသူတွေကို လွတ်မြောက်ချင်တယ် ဆိုရင် သူတို့ ပေးစရာရှိနေတဲ့ အကြွေးတွေ ကျေအောင်ဆပ်ရမယ်လို့ အဲဒီ အလိမ်လုပ်ငန်းတွေက ပြောထားကြပါတယ်။ တောင်းတဲ့ ငွေက တော်တော်များပြီး မပေးနိုင်ရင် နောက် အလိမ်လုပ်ငန်း တခုဆီကို ရောင်းစားခံရမှာ ဖြစ်ပါတယ်။ ချီတင့် အတွက်တော့ သူ့မိသားစုက ဒေါ်လာ ၂၆၀၀ ပေးပြီး ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

အဲဒီလို မပေးနိုင်ကြတဲ့ လူတွေကတော့ လွတ်အောင် ထွက်ပြေးဖို့က လွဲပြီး တခြားရွေးစရာ လမ်းမရှိကြပါဘူး။

အဲဒီလို ထွက်ပြေးဖို့ ကြိုးစားကြတဲ့ အထဲမှာ အရင်လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုက ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ပါတယ်။

ကမ္ဘောဒီးယားက ကာဆီနို လောင်းကစားရုံ တစ်ခုမှာ ပိတ်လှောင်ခိုင်းစေ ခံနေရတဲ့ ဗီယက်နမ် လူမျိုး ၄၀ ကျော် သူတို့ကို ထားတဲ့ နေရာကနေ လွတ်လာကြပြီး နယ်စပ်ကို ဖြတ်နိုင်ဖို့ မြစ်ထဲ ခုန်ချ ကူးပြေးကြပါတယ်။ အဲဒီမှာ ၁၆ နှစ်အရွယ် လူငယ်တစ်ယောက် ရေစီးထဲ မျောပါပြီး သေဆုံးသွားခဲ့ပါတယ်။

ကမ္ဘောဒီးယားဟာ အလိမ်လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ အချက်အခြာလို ဖြစ်လာနေပေမယ့် မြန်မာနဲ့ ထိုင်းနယ်စပ်မှာလည်း ဒီလို လုပ်ငန်းတွေက အလျှိုလျှိုနဲ့ ပေါ်ပေါက်လာနေပါတယ်။ သတင်းတွေအရ အဲဒီထဲက တော်တော်များများက တရုတ်ပိုင် သို့မဟုတ် နောက်ကွယ်မှာ တရုတ်တွေနဲ့ ပတ်သက်နေတာ မျိုးတွေ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီတော်တော်များများက တရုတ် ရာဇဝတ် အဖွဲ့တွေရဲ့ ဟန်ပြ လုပ်ငန်းမျိုးတွေ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှု တိုက်ဖျက်ရေးအဖွဲ့ Global Anti-Scam Organization (GASO) က ပြောပါတယ်။

လုပ်ငန်းတော်တော်များများက အဆင့်မြင့်မြင့် ဖွဲ့စည်းထားကြတာ ဖြစ်ပြီး သူတို့ဆီမှာ သတင်းနဲ့နည်းပညာ၊ ဘဏ္ဍာရေး၊ ငွေခဝါချရေး ဌာန စသည်ဖြစ် ခွဲထားတာတွေတောင်ရှိကြတယ်လို့ (GASO)အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ယန် ဆန်တီယာဂိုးက ပြောပါတယ်။ တချို့ဆို တကယ့် အသင်းအဖွဲ့ကြီး တစ်ခုလိုတောင် လည်ပတ်နေတာ ဖြစ်ပြီး လိမ်လည်ဖို့အတွက် သင်တန်းတွေ၊ တိုးတက်မှု အစီရင်ခံစာတွေ၊ ခွဲတမ်းနဲ့ အရောင်းပစ်မှတ်တွေတောင် ချပေးထားတာမျိုးရှိကြောင်း သူက ဆိုပါတယ်။

ဒီလို အဖွဲ့တွေက နိုင်ငံစုံပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။ ဒေသတွင်းက ဂိုဏ်းတွေနဲ့ လက်တွဲပြီး သူတို့ရဲ့ အလိမ်လုပ်ငန်းတွေလုပ်တာ၊ လူရှာတာမျိုးတွေ လုပ်ကြပါတယ်။ ပြီးခဲ့တဲ့ လ အတွင်းကပဲ ထိုင်ဝမ် အာဏာပိုင်တွေက အရှေ့တောင်အာရှ ဒေသထဲမှာ ဖြစ်နေတဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဒေသတွင်း ရာဇဝတ်ဂိုဏ်းပေါင်း ၄၀ မက ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်တွေ ဦးစီးလုပ်နေတဲ့ တယ်လီကွမ်းနဲ့ အွန်လိုင်းပေါ်က အလိမ်လုပ်ငန်းတွေကတော့ အရင်ကတည်း ပြဿနာကြီး တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် ဒီလုပ်ငန်းတွေလည်း ပုံစံပြောင်းသွားခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရာဇဝတ်ဂိုဏ်းတွေက ကပ်ရောဂါ ကာလအတွင်းမှာ အွန်လိုင်းအလိမ်လုပ်ငန်းတွေကို ဘယ်လို ပြောင်းလဲ လည်ပတ်မလဲ ဆိုတာကို ခပ်မြန်မြန်ပဲ အဖြေရှာနိုင်ခဲ့ကြပါတယ်။ အရင် လူကုန်ကူးသမားတွေက တရုတ်ပြည်က အလုပ်သမားတွေကို ပစ်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာ ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းတွေချ၊ ခရီးသွားလာမှု ပိတ်ပင်တာတွေ များလာတော့ သူတို့ရဲ့ တရုတ်အလုပ်သမားတွေကို ဦးတည်ချက်က အလုပ်သိပ်မဖြစ်တော့ပါဘူး။ ဒါကြောင့်လည်း တခြားနိုင်ငံတွေကို မြားဦးလှည့်လာခဲ့ကြတာ ဖြစ်ပါတယ်။

တဘက်မှာလည်း အာရှတခွင် ကပ်ရောဂါကြောင့် စီးပွားရေးတွေ အထိနာခဲ့ပြီးနောက်မှာ အလုပ်အကိုင်သစ် ရှာဖွေသူတွေ ပေါများနေတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။

လူကုန်ကူး ခံရသူတွေထဲက အတော်များများက လူငယ်တွေ၊ တချို့ဆို တက္ကသိုလ်ကဘွဲ့ရပြီး အလုပ်ရှာနေသူတွေ၊ အဲဒီလို လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကလည်း တော်တော် နည်းပါးနေတယ်၊ ဒီတော့ အွန်လိုင်းပေါ်က အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့ မက်လုံးတွေနောက် လိုက်မိကြတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်ကိုင်နေထိုင်သူများ ဆိုင်ရာ အဖွဲ့ ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ ကျွမ်းကျင်သူ Peppi Kiviniemi-Siddiq က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အာရှနိုင်ငံတွေမှာ ကိုဗစ်ကြောင့် ချထားတဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာတော့ လူကုန်ကူးသူတွေအတွက် လူတွေကို သွေးဆောင် စည်းရုံးခေါ်ယူပြီး လိုရာပို့ပေးဖို့ ပိုလွယ်ကူသွားတယ်လို့ သူက ဆိုပါတယ်။ စနစ်တကျ စီစဉ်ထားတဲ့ ရာဇဝတ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်စွမ်း အားနည်းတဲ့ တိုင်းပြည်တွေအတွင်းမှာဆို အတင့်ရဲရဲနဲ့ကို လုပ်လာနိုင်ကြတယ်လို့ သူက ဆိုပါတယ်။

နောက်တချက်ကတော့ ဒေသတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာပါ။ တော်တော်များများက တရုတ်ရဲ့ Belt and Road Initiative ရပ်ဝန်းနဲ့ လမ်းကြောင်စီမံကိန်းကနေ လာတာဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှုတွေ တိုးတက်လာစေသလို တဘက်မှာလည်း ရာဇဝတ်ဂိုဏ်းတွေအတွက် လုပ်ငန်းချဲ့ထွင်ဖို့ ပိုပြီး လွယ်ကူလာစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ထိုင်းအာဏာပိုင်တွေက ရှကျိကျန်း ဆိုတဲ့ တရုတ် စီးပွားရေး သမားတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလူဟာ မြန်မာနိုင်ငံအတွင်းက ဒေါ်လာ ဘီလျံနဲ့ချီ တန်တဲ့ ရွှေကုက္ကို လို့ခေါ်တဲ့ ကာဆီနိုလောင်းကစားဝိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေ အပြင် အရှေ့တောင် အာရှ တခွင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေသူ ဖြစ်ပါတယ်။

သူ့ကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ကလည်း အလိုရှိနေတာ ဖြစ်ပါတယ်။ ရှ ကျိကျန်းဟာ ဒေသတွင်းမှာ တရားမဝင် လောင်းကစား လုပ်ငန်းတွေ ထောင်ထားတဲ့ ရာဇ၀တ်ဂိုဏ်းတခုရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဂိုဏ်းရဲ့ လူကုန်ကူးခံရတဲ့ သူတွေက မစ္စတာ ရှ ပိုင်တဲ့ KK Park လို့ ခေါ်ကြတဲ့ အဆောက်အအုံ ဝင်းအတွင်းမှာ ပိတ်လှောင်ပြီး၊ နှိပ်စက်ညှင်းပန်းတာတွေ ခံခဲ့ရကြောင်း ပြောကြပါတယ်။

မကြာခင်က စပြီး ဒီလုပ်ငန်းတွေကို အရေးယူဖို့ စတင် ဆောင်ရွက်လာနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်းက စပြီး ကမ္ဘောဒီးယားရဲတပ်ဖွဲ့က အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ် အာဏာပိုင်တွေနဲ့ လက်တွဲပြီး အလိမ်လုပ်ငန်းတွေကို ရှာဖွေ ဖမ်းဆီးတာတွေ၊ လူကုန်ကူး ခံရသူတွေကို ကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါပြီ။

ဒါပေမယ့် ဒီ ပြဿနာတွေ အကုန်ချုပ်ငြိမ်းဖို့အတွက်တော့ ဒီထက် မက အများကြီး ပိုလုပ်ကြရမယ်လို့ Ms Kiviniemi-Siddiq က ပြောပါတယ်။ တချို့ အစိုးရတွေက သူတို့ရဲ့ လူကုန်ကူးမှု ဆိုင်ရာ ဥပဒေတွေကို ပြောင်းလဲမှုတွေ လုပ်ဖို့ လိုမယ်၊ လူကုန်ကူး ခံရသူတွေကို ကူညီရေး အစီအစဉ်တွေ ရှိဖို့ လိုမယ်၊ နောက် နယ်စပ်ဖြတ်ကျော် ရာဇဝတ် တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့ လိုမယ်၊ ဒါတွေ ဖြစ်လာဖို့က တော်တော် ကြိုးစားရမှာ ဖြစ်သလို အချိန်လည်း ပေးရမယ်လို့ သူက ပြောပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဒီလို အွန်လိုင်းပေါ်က အလိမ်အလည် လုပ်ငန်းတွေအကြောင်း လူတွေပိုပြီး သတိပြုမိလာကြစေဖို့ ပညာပေး လုပ်ငန်းတွေ လုပ်ပေးနေကြပါပြီ။

တချို့နိုင်ငံတွေမှာတော့ အရှေ့တောင် အာရှဒေသထဲကို သွားမယ့် လူတွေကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ပေးကြပါတယ်။ ဥပမာ လေဆိပ်တွေမှာ ရဲတွေကနေ လူတွေကို ဘယ်ကို ဘာကြောင့် သွားကြတာလဲ စသည်ဖြင့် မေးကြမြန်းကြတာမျိုး လုပ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက အင်ဒိုနီးရှား အာဏာပိုင်တွေက ကမ္ဘောဒီးယားက Sihanoukville ကို အလုပ်သမားတွေ ပို့ပေးမယ့် စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကို တားဆီးနိုင်ခဲ့ကြပါတယ်။

တချို့နိုင်ငံတွေမှာလည်း လူကုန်ကူးခံရသူတွေ လွတ်မြောက်ရေးနဲ့ နေရပ်ပြန်ရေးအတွက် ကူညီပေးကြတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေ ပေါ်ပေါက်လာနေကြပြီ ဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဝေဘင်းတို့လို ကိုယ်တိုင် လူကုန်ကူး ခံခဲ့ရဖူးသူတွေလည်း ပါဝင်ပါတယ်။

သူလည်း ကမ္ဘောဒီးယားမှာ ၅၈ ရက် ပိတ်လှောင်ခံထားခဲ့ရပါတယ်။ တစ်မနက်မှာတော့ အစောင့်တွေအလစ် ဝမ်းလျားမှောက်သွားပြီး သူ့ကို ထားတဲ့ ဝင်းထဲက ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ လိမ်လည်မှု တိုက်ဖျက်ရေး သမားတွေရဲ့ ကူညီမှုကြောင့် အခုသူအိမ်ပြန်ရောက်ခဲ့ပြီ ဖြစ်သလို အလုပ်ဟောင်းမှာပဲ ပြန်လည် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

သူ့အနှိပ်ခန်းမှာလည်း သူကမ္ဘောဒီးယားမှာ ကြုံခဲ့ရတဲ့ အဖြစ်တွေကို အဖြူရောင်ဆိုင်းဘုတ်ပေါ်မှာ လက်နဲ့ရေးပြီး အများမြင်အောင် ထောင်ပြထားပါတယ်။ နောက်ပြီး အွန်လိုင်းပေါ်မှာရော ထိုင်ဝမ်မီဒီယာတွေမှာပါ သူ့ရဲ့ အဖြစ်အပျက်တွေကို ဝေမျှပြောပြပေးပါတယ်။

ဒါတွေကကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ခဲ့တာဆိုတော့ အဲဒီကို သွားခဲ့မိတဲ့ အဖြစ်အတွက် နောင်တ မရမိအောင် နေပါတယ်၊ ဒါပေမယ့် သူလို့ အဖြစ်မျိုး ကြုံရသူတွေ ရှိရင်လည်း ကူညီပေးမှာပါလို့ ဝေဘင်းက ဘီဘီစီကို ပြောပါတယ်။

တော်တော်များများက ဘဝမှာ အလုပ်ကောင်းကောင်းရပြီး သူဌေးဖြစ်ဖို့စိတ်ကူးယဥ်ကြတယ်။ ကျွန်တော်အခုတော့ လူတွေကို အဖြစ်မှန်ကိုလက်တွေ့ကျကျ မြင်တတ်ဖို့ အကြံပေးနေပါတယ်။

ပိုက်ဆံကနေရာတိုင်းမှာ ရှာလို့ရပါတယ်။ နိုင်ငံကို အန္တရာယ်ကြားကသွားဖို့ မလိုပါဘူး။ နိုင်ငံခြားမှာဆို ကိုယ်မသိနိုင်တာတွေက အများကြီးပဲ။ ကိုယ်တွေးမထားမိနိုင်လောက်အောင် ဘဝက ပျက်စီးသွားနိုင်ပါတယ် လို့ သူကသတိပေး‌ပြောပြသွားခဲ့ပါတယ်။‌