ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရှတလွှား လူမှောင်ခိုကွန်ရက် မြန်မာနိုင်ငံထဲမှာ အခြေချထား
မြန်မာနိုင်ငံဘက်ခြမ်း အခြေချလှုပ်ရှားနေပြီး အာရှတလွှားကို ပစ်မှတ်ထားနေတဲ့ လူမှောင်ခို ကွန်ရက် ထဲက အဓိကသူတွေ ဆိုတဲ့ သံသယနဲ့ ထိုင်ဝမ် ၃ ယောက်ကို ဖမ်းဆီး လိုက်တယ်လို့ ထိုင်ဝမ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သူတို့ကို ကမ္ဘာဒီးယားရဲက ဖမ်းဆီးမိတဲ့နောက် ထိုင်း နိုင်ငံ ဘန်ကောက်ကနေ တစ်ဆင့် ထိုင်ဝမ်ကို ပြန်ပို့ခဲ့တာ ဖြစ်ပြီး၊ အခု ထိုင်ဝမ်အာဏာပိုင်တွေက ထိန်းသိမ်း ချုပ်နှောင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီသူတွေဟာ မြန်မာနိုင်ငံနယ်စပ်မှာ ကေကေပါ့ခ် KK Park ဆိုတဲ့ နာမည်အောက် အဆိုးသတင်းနဲ့ ကျော်ကြားနေတဲ့ နေရာက လူမှောင်ခို ဂိုဏ်းဝင် ခေါင်းဆောင်ပိုင်းက သူတွေအဖြစ် သံသယရှိရတယ် ဆိုပြီး ထိုင်ဝမ် ထောက်လှမ်းရေး အဖွဲ့ CIB က ဆိုပါတယ်။
ကေကေပါ့ခ် ဆိုတာ ထိုင်းရဲ့ မဲဆောက်မြို့ကနေ တစ်ဘက်ကမ်းကို ကူးသွားလိုက်ရုံပဲလို့ ထိုင်ဝမ်ထဲက သတင်းတွေက ဆိုတဲ့ အတွက် မဲဆောက် တစ်ဘက်ကမ်းဟာ ကရင်ပြည်နယ် မြဝတီမြို့ အဝန်းအဝိုင်း ဖြစ်ပါတယ်။
ကေကေပါ့ခ် ဆိုတဲ့နေရာမှာ ပိတ်လှောင် ခံထားရသူတွေဟာ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လူမှောင်ခို ကူးခံရတာမျိုး၊ လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အရောင်းအဝယ်ပြုခံရတာမျိုး ဆိုးရွား ပြင်းထန်တဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်တွေ အဖြစ် ကျရောက်ရတာ ဖြစ်တယ်လို့ သက်ဆိုင်ရာ နိုင်ငံတွေက ရဲတပ်ဖွဲ့ အသီးသီးက ယုံကြည်ထားပါတယ်။
လူမှောင်ခိုကူးခံရသူတွေထဲ အလုပ်အကိုင် မက်လုံးတွေနဲ့ အလိမ်အညာမိကြသူတွေလည်း ပါဝင်ပြီး ကေကေပါ့ခ်ထဲ ပိတ်လှောင်ခံထားရစဥ် နေထိုင် စားသောက်ရတဲ့ အခြေအနေဟာ အင်မတန် ဆိုးရွားလွန်းလှတယ်လို့ လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုမှုတွေ ရှိပါတယ်။
တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကြောင့် တရုတ် အစိုးရက ဆယ်စုနှစ် တစ်ခုကျော်ကြာ အလိုရှိနေပြီး နိုင်ငံတကာရဲ တပ်ဖွဲ့ အင်တာပိုက ဖမ်းဝရမ်း ထုတ်ထားတဲ့ ရှီဂျီကျန်း She Zhijiang ကို ထိုင်းနိုင်ငံထဲ ဖမ်းဆီးမိခဲ့တာမှာ သူဟာ မြဝတီအနီး ရွှေကုက္ကိုမြို့သစ်မှာ အခြေချထားတဲ့ တရားမဝင် ကာစီနိုရုံတွေရဲ့ သူဌေးဆိုပြီး ရည်ညွှန်း ခံရသလို၊ ကေကေပါ့ခ်ရဲ့ ပိုင်ရှင်ဟာလည်း "ရှီသူဌေး" ပဲ လို့ ထိုင်ဝမ် အာဏာပိုင်တွေရဲ့ အာဘော် စင်ထရယ် နယူးစ် အေဂျင်စီ CNA က ပြောပါတယ်။
ဒီတော့ အာရှတလွှား နိုင်ငံတွေကသူတွေ အလုပ်အကိုင်အတု အလိမ်အညာတွေနဲ့ အယုံသွင်းခံရပြီး လူမှောင်ခို ကူးခံရ၊ တရားမဝင် ပိတ်လှောင်ခံရတဲ့ ကေကေပါ့ခ်ဟာ ရွှေကုက္ကိုကိုပဲ ရည်ညွှန်းတာလို့ CNA သတင်းတွေက ဆိုပါတယ်။
ထိုင်ဝမ် မာစတာမိုင်း ၃ ယောက်
ကေကေပါ့ခ်ကို ကြိုးကိုင်နေသူတွေ ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ထိုင်ဝမ်က လူ ၃ ယောက်ကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သလို၊ ကေကေပါ့ခ်ထဲ ပိတ်လှောင် ခံခဲ့ရသူတွေ၊ ကေကေပါ့ခ် သားကောင် ဖြစ်ခဲ့ရသူတွေ အယောက် ၄၀ ကျော်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ တရုတ်လူမျိုး အများစုနဲ့ မလေးရှားက သူတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်လေဆိပ်ကနေ တစ်ဆင့် ထိုင်ဝမ်ကို ပြန်ဝင်လာကြတဲ့ ကေကေပါ့ခ်ပြန် ၁၆ ယောက် ရှိပြီး အဲဒီ အထဲက ၃ ယောက်ကတော့ အထက်မှာ ပြောထားသလို ကေကေပါ့ခ် အဓိကကြိုးကိုင်သူ မာစတာမိုင်းတွေအဖြစ် ယူဆ ခံထားရသူတွေ ဖြစ်ပါတယ်။
အဲဒီ ၃ ယောက်ထဲက မျိုးရိုးနာမည် "ကို" လို့ ခေါ်တွင်သူဆိုရင် ငွေတုလုပ်မှု၊ လိမ်လည်မှုတွေနဲ့ ထိုင်ဝမ် အာဏာပိုင်တွေက အစကတည်းက အလိုရှိနေသူ ဖြစ်ပြီး၊ အခုလည်း ကေကေပါ့ခ် အခြေစိုက် လူဆိုးဂိုဏ်း ကွန်ရက်ထဲ ထိပ်ပိုင်းကသူတစ်ဦးလို့ သံသယ ရှိနေပါတယ်။
ထိုင်ဝမ် CIB ရဲ့ အဆိုအရ ကေကေပါ့ခ် ကွန်ရက်ထဲက သူတွေကို ဖမ်းနိုင်အောင် အပြည်ပြည်ဆိုင်ရာ လက်တွဲ ဆောင်ရွက်နေပြီး၊ အခုဆိုရင် နိုင်ငံတကာ ဖိအားတွေကြောင့် အဲဒီကွန်ရက်ဟာ စတင် ပြိုကွဲနေပြီလို့ ဆိုပါတယ်။
ဒါ့ကြောင့် ကေကေပါ့ခ်မှာ ပိတ်လှောင်ခံထားရသူတွေ စတင် လွတ်မြောက် လာနေပြီး၊ ဂိုဏ်းဝင် တချို့ကိုလည်း ပြန်လွှတ်နေတယ်လို့ ထိုင်ဝမ် CIB က ဆိုပါတယ်။
ဟောင်ကောင်ကသူရဲ့ ထွက်ဆိုချက်
ကေကေပါ့ခ်က လွတ်လာသူတွေထဲ ဟောင်ကောင်က သူတွေလည်း ပါဝင်နေပါတယ်။ ဟောင်ကောင် လုံခြုံရေး ဗျူရိုရဲ့ အဆိုအရ အစိုးရက ဖွဲ့ထားတဲ့ အထူး ပူးပေါင်း လုပ်ငန်းအဖွဲ့ထံကနေ အကူအညီ တောင်းခံထားသူတွေထဲက ၁၂ ယောက် ဟောင်ကောင်ကို ချောချောမောမော ပြန်ရောက် လာပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အထိ စာရင်းတွေအရ ကေကေပါ့ခ်ရဲ့ သားကောင်အဖြစ် ကျရောက် နေသူတွေထဲက အကူအညီတောင်းခံသူ ၄၁ ဦးထိ ရှိနေပြီး အဲဒီထဲက ၂၃ ဦး ပြန်လွတ်လာတယ်လို့ ဆိုပါတယ်၊ ဒါ့ကြောင့် ဟောင်ကောင်က ၁၈ ဦး ဆက်လက် ကျန်နေပြီး၊ မြန်မာ ၆ ယောက်၊ ကမ္ဘောဒီးယား ၁၂ ယောက်လည်း ရှိနေသေးတယ်လို့ ဟောင်ကောင် လုံခြုံရေးဗျူရိုက ထုတ်ပြန်ပါတယ်။
ကေကေပါ့ခ် သားကောင်အဖြစ် ကျရောက်နေသူတွေ၊ သူတို့ လွတ်မြောက်ရေး အတွက် ကြိုးစားနေသူတွေ အနေနဲ့ WhatsApp အထူးလိုင်း နံပါတ် ၅၁၉၀-၈၉၀၉ ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့ ဟောင်ကောင် ဗျူရိုက ထုတ်ပြန်ထားပါတယ်။
ဟောင်ကောင်ဗျူရိုက ထုတ်ပြန်ထားတဲ့ ပြန်ရောက်လာသူ ၁၂ ယောက် ရှိတယ် ဆိုတဲ့အထဲ ပါဝင်သူ ဝင်သူ တစ်ဦးကတော့ သူလွတ်လာတာဟာ သူ့မိသားစုက ထိုင်း ဘတ် ခြောက်သောင်း ပြန်ပေးငွေ သဘောမျိုး ပေးပြီး ရွေးလို့ လွတ်လာတာလို့ ဆိုပါတယ်။
လက်ရှိ ဟောင်ကောင် ဟိုတယ်တစ်လုံးမှာ ကွာရန်တင်း ဝင် နေရသူ "L" ရဲ့ ပြောဆိုချက် အရ ဘတ် ခြောက်သောင်း ဆိုတာ သက်သာတဲ့ နှုန်း ဖြစ်ပြီး သူဟာ အသက်ကလည်းကြီး ကျန်းမာရေးလည်း မကောင်းလို့ အဲဒီလောက် ပိုက်ဆံနဲ့ ပြန်လွတ်လာတာလို့ ရုပ်သံ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
သူပြောဆိုတာတွေထဲ "မြန်မာပြည် အဲဒီ အလိမ်အညာ ကေကေပါ့ခ်ထဲက နေရာတွေဟာ တကယ့် လူ့ငရဲပဲ၊ နေရထိုင်ရ စားသောက်ရ အိပ်စက်ရတဲ့ အခြေအနေတွေဟာ ထိတ်လန့်ဖွယ် ဆိုးရွားလွန်းတယ်၊ အဲဒီမှာ အခြေချထားတဲ့ လူမှောင်ခို ကွန်ရက်ထဲက သူတွေဟာ သူတို့ ဖြားယောင်း သွေးဆောင်နိုင်တဲ့ သားကောင်အသစ် မရှိဘူး ဆိုရင် လက်ထဲ ရှိနေတဲ့ သူတွေကိုပဲ သူတို့အချင်းချင်းကြား လက်လွှဲရောင်းစားလေ့ ရှိတယ်" ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အလုပ်မက်လုံးပေး လှည့်ဖြားခံရ
ဟောင်ကောင်ဗျူရိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကေကေပါ့ခ် ကွန်ရက်ရဲ့ သားကောင် အဖြစ် ကျရောက် ရသူတွေဟာ ကာစီနို လောင်းကစားရုံ ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေထဲမှာ အလုပ်ရမယ် ဆိုပြီး မက်လုံးပေး ခံရတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို အလိမ်အညာ အလုပ်ကြော်ငြာတွေ သုံးပြီး ဟောင်ကောင်မှာ လူတွေကို သိမ်းသွင်းခဲ့သူတွေလို့ ယူဆရသူ ၅ ယောက်ကိုလည်း ဟောင်ကောင်ရဲတွေ ဖမ်းဆီးထားပါတယ်။
အဓိကကတော့ သူတို့ဟာ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်ပေါ်က အလုပ်အကိုင်ရှာဖွေရေး ဂရုပ်အမျိုးမျိုးထဲ အလိမ်အညာ အလုပ်ကြော်ငြာတွေ လိုက်ပြီး တင်တာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲတွေ ဖမ်းမိတဲ့ ၅ ဦးထဲ ၁၇ နှစ် အရွယ်ထိ ငယ်တဲ့သူ တစ်ဦးပါတာကြောင့် အဲဒီ အသက်မပြည့်သေးသူကို အခုဆိုရင် လူငယ် ထိန်းသိမ်းရေး စခန်းကို ပို့ထားရပါတယ်။
သူတို့ရဲ့ အလိမ်အညာ အလုပ်ကြော်ငြာကို ယုံစားမိသူတွေ လူကုန်ကူး ခံရတာဖြစ်ပြီး၊ ခိုင်းတဲ့ အလုပ်ကို ငြင်းပယ်ရင် ဒါမှမဟုတ် ကြိုးကိုင်သူတွေရဲ့ စိတ်ကြိုက် မဖြစ်ရင် ကိုယ်ထိလက်ရောက် နှိပ်စက် ခံရတာမျိုး အပါအဝင် လူမဆန်စွာ ပြုမူဆက်ဆံ ခံရတယ်လို့ ဆိုပါတယ်။
သူဌေး ရှီဂျီကျန်း
အာရှနိုင်ငံတွေ တလွှား တရားမဝင် နယ်စပ်ဖြတ်ကျော် လောင်းကစား လုပ်ငန်းတွေ ထူထောင် လှုပ်ရှားသူ အဖြစ် တရုတ်ပြည်မကြီး အစိုးရက အလိုရှိနေတာ ဆယ်စုနှစ်နဲ့ ချီ ရှိနေပြီ ဖြစ်တဲ့ ရှီဂျီကျန်းကို ဩဂုတ်လလယ်မှာပဲ ထိုင်းရဲတွေက ဖမ်းဆီး မိပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက ဖမ်းဝရမ်း ထုတ်ထားတဲ့ ရှီဂျီကျန်းကို ဖမ်းမိတာဟာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပြီး မြဝတီ အနီး ရွှေကုက္ကို မြို့သစ် အခြေစိုက် လောင်းကစား လုပ်ငန်းတွေရဲ့ သူဌေးကို မိပြီလို့ သတင်းတွေက ရည်ညွှန်း ရေးသားကြပါတယ်။
တရုတ်ပြည်မကြီး အစိုးရက ဝရမ်းပြေး စာရင်းသွင်းထားတဲ့ ရှီဟာ တရုတ်ပြည်ကို မပြန်ပဲ တိမ်းရှောင်နေရာက ကမ္ဘောဒီးယားမှာ နိုင်ငံသား ခံယူ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
ရှီပိုင်တဲ့ ရတိုင်းကုမ္ပဏီ (Yatai International Holding Group) ဟာ ထိုင်းနဲ့နယ်စပ် မြန်မာဘက်ခြမ်း မြဝတီ အနီးမှာ ရွှေကုက္ကို အထူးစီးပွားရေးဇုံ စီမံကိန်း ဆိုပြီး လုပ်ဆောင် ခဲ့ပါတယ်။ အထူးစီးပွားရေးဇုံလို့ ဆိုပေမယ့် အမေရိကန် ဒေါ်လာ သန်း တစ်ထောင်ငါးရာ လောက်အထိ အကုန်အကျ ခံထားတဲ့ အဲဒီ ရွှေကုက္ကို စီမံကိန်းဟာ အဓိကကတော့ မြေပြင်ရော၊ အွန်လိုင်းမှာပါ ဖွင့်လှစ် လှုပ်ရှားတဲ့ ကာစီနို လောင်းကစားရုံတွေ အခြေချရာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အသီးသီးက ယူဆထားပါတယ်။
တရုတ်လူမျိုးတွေကို အဓိက ပစ်မှတ်ထားတဲ့ အွန်လိုင်း လောင်းကစား ပလက်ဖောင်း အများအပြားကို ရှီဟာ ၂၀၁၈ လောက်ကတည်းက အကြီးအကျယ် တည်ဆောက် ထားရှိ လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရွှေကုက္ကို အထူးစီးပွားရေးဇုံ စီမံကိန်းဟာ တရုတ် ပြည်မကြီး အစိုးရရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းထဲက အစိတ်အပိုင်း ဖြစ်သယောင် ရှီဂျီကျန်းက ပုံဖော် ခဲ့ပေမယ့် ပြည်မကြီး အစိုးရက ငြင်းပယ်ခဲ့ပါတယ်။
၂၀၂၀ ဇွန်လ အရပ်သား အစိုးရ လက်ထက်မှာ မြန်မာ အာဏာပိုင်တွေဟာ အဲဒီ တရားမဝင် ကာစီနိုရုံတွေ၊ အွန်လိုင်း လောင်းကစားမှုတွေ အပေါ် စုံစမ်းဖို့ အထူး အဖွဲ့ ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုကလည်း ရှီကို အနီအရောင် အဆင့် အလိုရှိကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။
အခု ကေကေပါ့ခ်နာမည်အောက် သတင်းဆိုးနဲ့ အသိများလာတဲ့ မြန်မာနိုင်ငံထဲက နေရာဟာ ရွှေကုက္ကိုရဲ့ ဘယ် အစိတ်အပိုင်းထဲမှာ ရှိနေသလဲ ဆိုတာ ဘီဘီစီ အနေနဲ့ ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရွှေကုက္ကိုထဲမှာ မြေပြင်နဲ့ အွန်းလိုင်း လောင်းကစား လုပ်ငန်းတွေ၊ ကေတီဗွီလို နေရာမျိုးတွေ လည်ပတ် လှုပ်ရှားနေပြီး၊ အွန်လိုင်းကနေ ငွေကြေး ရင်းနှီး မြှုပ်နှံဖို့ သွေးဆောင် လိမ်လည်တဲ့ အလုပ်မျိုးတွေလည်း အဓိက ရှိနေတယ်လို့ ဆိုပါတယ်။
အွန်လိုင်း ပလက်ဖောင်း အမျိုးမျိုးကနေ ချစ်သူတွေ အသွင် ရင်းနှီးအောင် ပြုမူ ဆက်ဆံပြီးမှ အခု ခေတ်စားနေတဲ့ ခရစ်ပ်တို ဒစ်ဂျစ်တယ် ငွေကြေးလိုမျိုး အရာတွေ အမြတ်များများ အလွယ်ရနိုင်ကြောင်း မက်လုံးတွေ ပေးပြီး ငွေကြေး လိမ်လည် ရယူတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းရဲ့ အစိတ်အပိုင်း မဟုတ်ဘူးလို့ တရုတ် အစိုးရက ငြင်းပယ်ထားပြီး မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်၂၂ ဧကခွဲပေါ် အဆင့်မြင့် စံအိမ် ၅၉ လုံး ဆောက်လုပ်ခွင့် ဆိုတာထက် အများကြီး ကျော်လွန် ပြုလုပ်ထားတဲ့ ရွှေကုက္ကို အထူးစီးပွားရေးဇုံဆိုတာ မြဝတီမြို့ အနီး တည်ရှိတာ ဖြစ်ပြီး၊ ကရင် နယ်ခြားစောင့်တပ် BGF ရဲ့ ထိန်းချုပ်မှုအောက် ရှိနေတာ ဖြစ်ပါတယ်။