ပဲပြုတ် နံပြား တွေ့ရင် ဖမ်းမှာ ကြောက်ရတဲ့နေ့

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်မြိုနဲ့မိုင် ၁၀၀ ကျော် ဝေးတဲ့ ဧရာဝတီတိုင်းက မြောင်းမြမြို့မှာ ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်က မိုးတွေ တဖွဲဖွဲကျဆင်းနေပါတယ်။

မွန်းလွဲပိုင်းလောက်ကစပြီး မိုးတဖြည်းဖြည်း သည်းလာနေတာ ညပိုင်းအထိ မိုးရွာနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ နှစ်က ဒီလို မနက်ပိုင်း အချိန် မြောင်းမြမြို့ဇာတိ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုဟာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ ရန်ကုန်မြို့မှာလုပ်ကြံခံခဲ့ရပါတယ်။

တစ်နိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီး ၇ ဦး အတွင်းဝန် တစ်ဦး၊ သက်တော်စောင့် တစ်ဦး တို့ကျဆုံးခဲ့တဲ့ ဒီနေ့ကို နိုင်ငံတော်အဆင့်အဖြစ် အာဇာနည်နေ့ အခမ်းအနားတွေကျင်းပလေ့ရှိသလို့ မြောင်းမြမြို့မှာလည်း အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

အာဇာနည်နေ့ အခမ်းအနားတွေလုပ်လေ့ရှိတဲ့ မြောင်းမြမြို့က ဗိုလ်ချုပ်ရင်ပြင်နဲ့ ဦးဘချို ရင်ပြင်တို့မှာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ က ပန်းခွေချတာ အလေးပြုတာတွေမလုပ်ဖို့ လုံခြုံရေးတွေနဲ့ စောင့်ကြည့်နေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ဒါ့အပြင် တီရှပ်အနက် ဝတ်ထားတဲ့သူတွေကို လုံခြုံရေးအရ ခေါ်ပြီးစစ်ဆေးခံရပြီး အနက်ရောင်တီရှပ်အစား အခြားအရောင်တွေပြောင်းဝတ်ရတယ်လို့ ပြေပြကြပါတယ်။

နိုင်ငံအနှံ့ အာဇာနည်‌နေ့ အခမ်းနားတွေ ပြန်ပြီး မှေးမှိန်သွားတာ စစ်တပ်အာဏာသိမ်းခဲ့ တဲ့ ၂၀၂၁ ခုနှစ်ကတည်းကနေ ၂၀၂၃ ခုနှစ် အထိ ၃ နှစ် ရှိလာပြီဖြစ်ပါတယ်။

 မြောင်းမြမြို့မှာ ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် အာဇာနည်နေ့ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, မြစိမ်းဧရာ

ဓာတ်ပုံ ပုံစာ, မြောင်းမြမြို့မှာ ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် အာဇာနည်နေ့ ဥသြဆွဲ အလေးပြုတာကို ဆိုရှယ်မီဒီယာမှာ ‌တွေ့ရစဥ်
၂၀၁၉ ခုနှစ် မြောင်းမြမြို့ အာဇာနည်နေ့ အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် မြောင်းမြမြို့ အာဇာနည်နေ့ အခမ်းအနား

မနေ့က ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ပဲပြုတ်နဲ့ နံပြားရောင်းရင် ဖမ်းမယ်၊ စားရင် ဖမ်းမယ်ဆိုတဲ့ သတင်းတွေ စစ်ကောင်စီဘက်က လူတွေဆီက တစ်ဆင့် ကြားလာရပြီးတဲ့နောက် တစ်မြို့လုံး ပဲပြုတ်ဝယ်မရ ဖြစ်နေခဲ့တယ်လို့ မြောင်းမြမြို့ခံတစ်ဦးက ပြောပါတယ်။

ပဲပြုတ် နံပြားဟာ ပြီးခဲတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်တဲ့ အစားအသောက်တစ်မျိုးလည်းဖြစ်ပြီး အရင်က မြောင်းမြမှာ ဒီလိုနေ့ဆိုရင် ပဲပြုတ် နံပြား စတုဒီသာအဖြစ် ကျွေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သူရဲ့ ဇနီးဖြစ်သူ မြောင်းမြသူ ဒေါ်ခင်ကြည်ကို ရေးထားတဲ့ "ကြည်ရေ ပဲပြုတ်နဲ့ နံပြား ရရင်စားချင်တယ် "ဆိုတဲ့ စာလေးဟာ ရန်ကုန်မြို့က ဗိုလ်ချုပ်ပြတိုက်မှာ ပြသထားပြီး မြန်မာနိုင်ငံသား အတော်များများ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်တဲ့ အစားအသောက်အဖြစ် သတိတရ ရှိနေကြတာဖြစ်ပါတယ်။

အခုတော့ ပဲပြုတ်လည်း အလွယ်တကူ ဝယ်မရသလို နံပြားကို လည်း လမ်းဘေးဆိုင်အပါအဝင် ဆိုင်အများစုက မ‌ရောင်းကြတော့ဘူးလို့ မြောင်းမြ မြို့ခံက ပြောပြပါတယ်။

အခုလို ပဲပြုတ် နံပြား ရောင်းရင်ဖမ်းမယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

ပန်းခွေချဂါရဝလာပြုတဲ့ ဦးအောင်ဆန်းဦး

ဓာတ်ပုံ ရင်းမြစ်, Screen Gab

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်းကာလအတွင်း ၃ ကြိမ်မြောက်အဖြစ် စစ်ကောင်စီကကျင်းပတဲ့အာဇာနည်နေ့အခမ်းအနားတွေ မှာ ၂၀၂၁ ခုနှစ်မှာ သာသာနာရေးနဲ့ယဥ်ကျေးမှုဝန်ကြီးတက်ရောက်ခဲ့သလို၊ ၂၀၂၂ မှာတော့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ပါတယ်။

အာဏာသိမ်းကတည်းက ဖမ်းဆီးခြင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဇာနည်နေ့အခမ်းအနားကစလို့ သုံးနှစ်ဆက်တိုက် တက်ရောက်ဂါရဝပြုခွင့်မပေးခဲ့တာတွေ့ရပြီး ဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်လာတာကိုတွေ့ရပါတယ်။

အရင် စစ်အစိုးရလက်ထက်တွေတုန်းက အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဂါရဝပြုခွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့်မပေးတဲ့အပေါ် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“သာမာန်ပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ စဥ်းစားပါတယ်။ ဥပမာ မဲပေးပိုင်ခွင့်ဆို ပြည်သူတစ်ဦးရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးပဲ၊ အဲဒီမှာ ပြစ်ဒဏ်ကျခံနေရတဲ့သူများဆို တာ မပါပါဘူး၊ ဒီစဥ်းစားချက်အတိုင်းပဲစဥ်းစားပါတယ်။"

အာဇာနည်နေ့ အခမ်းအနားတွေကိုအခုနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိတဲ့အပေါ်မှာလည်း တက်ရောက်သင့်တဲ့ အဆင့်အလိုက် တက်ရောက်ဂါရဝပြုသလို စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့်အခမ်းအနားတွေရဲ့ သတ်မှတ်ချက်တွေအတိုင်းကျင်းပပေးခဲ့တာလို့ သူက တုံ့ပြန်ပါတယ်။

အခုလို အာဇာနည်နေ့ကိုကျင်းပတဲ့နေ့သာမက မကျင်းပခင် တစ်ပတ်အလိုလောက်ကစလို့ ရန်ကုန်မြို့တွင်း အာဇာနည် ဗိမာန် ရှိရာနေရာမှာ လုံခြုံရေးထူထူထပ်ထပ်ချကာ စစ်ဆေးမှုတွေလည်း ဆက်တိုက် ရှိခဲ့ပါတယ်။

ဒီကနေ့တော့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်အသီးသီးတက်ရောက်ဂါရဝပြုကြပေမယ့် လုံခြုံရေးတင်းတင်း ကျပ်ကျပ်နဲ့ ကန့်သတ်မှုကြောင့် ပြည်သူလူထုတက်ရောက်မှုတော့ နည်းပါးခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

စစ်ကောင်စီဘက်က အဲဒီလိုလုပ်ဆောင်နေပေမယ့် ရန်ကုန်က လူငယ်အင်အားစုတွေက အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် "အာဇာနည်မျိုး သေရိုးမရှိ" စာတန်း ချိတ်ဆွဲပြီး ဒီကနေ့မနက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ ကြပါတယ်။

မနေ့ကညပိုင်းမှာလည်း "လူမျိုးကြီးဝါဒတိုက်ဖျက်ကြ၊ အာဇာနည်ဟာ ၉ ဦးမက" ဆိုတဲ့စာတန်း ကိုင်စွဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်က ကိုယ့်အရပ်ဒေသမှာ ဒေသခံတွေဦးစီးကျင်းပတဲ့အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြု တဲ့ပုံစံကနေ ပီဒီအက်ဖ်တွေ စိုးမိုးတဲ့နေရာတွေမှာ PDF တွေဦးစီးကျင်းပတဲ့အာဇာနည်နေ့အခမ်း အနားတွေကိုလည်း တွေ့ရှိရပါတယ်။

စစ်ကောင်စီတပ်တွေမရှိတဲ့ ခင်ဦးမြို့နယ်အတွင်း တနေကုန် အာဇာနည်နေ့ကျင်းပပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်တာတွေ လုပ်နေတဲ့အကြောင်း ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ လက်ရှိကာလမှာ လူမျိုးရေး ဗိုလ်ကျမှုက လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေကိုလည်း ဒီကနေ့ အာဇာနည်နေ့မှာ တပေါင်းတည်း အောက်မေ့သတိရပြီး အလေးနက်ထား ဦးညွတ်ကြဖို့လည်း လိုအပ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဗိုလ်ချုပ်ရဲ့ဇနီး ဒေါ်ခင်ကြည်နဲ့ ဒီးဒုတ် ဦးဘချိုတို့ ရဲ့ဇာတိ မြောင်းမြမြို့ အာဇာနည်နေ့မှာ ဖမ်းဆီးမှုတွေ မရှိပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းက ဖမ်းဆီးခံရသူ ၂၀ ခန့်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မှာ ပန်းပန်တာကြောင့် အဖမ်းခံရတာဖြစ်ပြီး အဖမ်းခံရသူတွေထဲက ၅ ဦး ပြန်လွတ်လာပေမယ့် ၁၅ ဦးခန့်ကို ဆက်လက်ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။

အခုလည်း ပဲပြုတ် နံပြားတွေ့ရင် ဖမ်းမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း အခုလို ပဲပြုတ်နံပြား ရောင်းတာတွေကို ရပ်လိုက်ကြတဲ့အထိ အကြောက်တရားက စိုးမိုးနေခဲ့ကြတာဖြစ်ပါတယ်။

မြောင်းမြမြို့က ကျောင်းတွေမှာလည်း အခမ်းအနားမလုပ်သလို တစ်မြို့လုံး အခမ်းအနားလုပ်တာမတွေ့ရဘူးလို့လည်းဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က မြောင်းမြမြို့မှာ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ပြီး အလေးပြုကြတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနှံ့ အချို့နေရာတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေ ရှိနေပေမဲ့ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ အတူ နိုင်ငံအတွက် ဒီမိုကရေစီအတွက် တရားမျှတမှု အတွက် စွန့်လွှတ်ခဲ့သူတွေကို လည်း အများစုက ယှဥ်တွဲပြီး သတိရနေကြတယ် လို့ မြောင်းမြမြို့ခံတစ်ဦးက ပြောပါတယ်။။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ