ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မှတ်စု
နေးလ် ဂျွန်စတန်
ဘီဘီစီ အားကစား သတင်းထောက် (အောက်ကလန်)
၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်နိုင်ငံတွေအဖြစ် ပူးတွဲကျင်းပတဲ့ နယူးဇီလန်နဲ့ သြစတြေးလျတို့မှာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် လိုက်ပါပြီ။
ပထမဆုံးပွဲတွေ အဖြစ် နယူးဇီလန် အသင်းနဲ့ နော်ဝေ အသင်းတို့ ကန်ကြရမှာ နယူး ဇီလန်က ဟန်နာ ဝဲလ်ကင်ဆန် ရဲ့ ဂိုးနဲ့ အိမ်ရှင်အသင်းက ၁ဂိုး - ဂိုးမရှိနဲ့ အောင်ပွဲရ သွား ပါတယ်။ အလားတူပဲ အိမ်ရှင်နိုင်ငံ သြစတြေးလျ အသင်းက အိုင်ယာလန်ကို ၁ ဂိုး - သုည နဲ့ နိုင်ပါတယ်။
ဒီနေ့ကနေစပြီး တလကြာ ကျင်းပမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA - ဖီဖာ) အမျိုးသမီး ကမ္ဘာ့ဖလား ပွဲမှာ အသင်း ၃၂ သင်း ကန််ကြမှာပါ။ ဒီလို အမျိုးသမီး ကမ္ဘာ့ဖလားပွဲတွေ ကျင်းပလာတာ ဒီတကြိမ် ဟာ ၉ ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံ ၂ နိုင်ငံ ပူးတွဲပြီး အိမ်ရှင်အဖြစ် ကျင်းပတာကတော့ ဒါပထမဆုံးပါ။
ဒီပွဲဟာ အရင် အမျိုးသမီးကမ္ဘာ့ဖလားပွဲတွေထက် ပိုပြီး လူတွေ အာရုံစိုက်ကြမယ့် ပွဲလို့ ဖီဖာက ပြောပြီး စစချင်းနေ့ ပွဲ ၂ ပွဲမှာ ဘောလုံးပွဲ လာကြည့်သူ စုစုပေါင်း ၁၀၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံ ၂ နိုင်ငံက မြို့ပေါင်း ၉ မြို့မှာ ကျင်းပမယ့် စုစုပေါင်း ၆၄ ပွဲအတွက် လက်မှတ် ပေါင်း ၁.၃ သန်း ရောင်းထားပြီးပြီလို့လည်း သိရတဲ့အတွက် ဒီပွဲဟာ အမျိုးသမီး ကမ္ဘာ့ဖလားပွဲတွေထဲ လူကြည့်အများဆုံးပွဲ ဖြစ်လာမှာပါ။
တီဗီကနေ ကြည့်မယ့် ကမ္ဘာတလွှားက ပရိသတ်ပေါင်း ၂ ဘီလျံလောက် ရှိမယ်လို့ ပွဲ စီစဉ်သူတွေက ခန့်မှန်းထားပြီး ဒီအတိုင်းဖြစ်လာမယ် ဆိုရင် ဒါဟာ ပြင်သစ်မှာ ၂၀၁၉ တုန်းက ကျင်းပခဲ့တဲ့ ပွဲထက် ပရိသတ် အရေအတွက် ၂ ဆ တက်လာတာပါ။
အမျိုးသမီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်ပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပွဲဦးထွက်တွေအဖြစ် ကန်မယ့်အသင်းတွေက ဒီတကြိမ်မှာ ၉ သင်း ပါ၊ သူတို့က ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇမ်ဘီယာ၊ ဟေတီ၊ မော်ရိုကို၊ ပနားမား၊ ပေါ်တူဂီ နဲ့ အိုင်ယာလန် အသင်းတွေပါ။
ကမ္ဘာ့ဖလားကို ၅ ကြိမ်မြောက်ရဖို့ ကြိုးစားနေတဲ့ အမေရိကန် အသင်းက ကမ္ဘာမှာ အဆင့် နံပတ် ၁ နေရာချိတ်ထားတဲ့ အသင်းဖြစ်ပြီး ကမ္ဘာ့ အဆင့် နံပါတ် ၇၇ နေရာကို ရထားတဲ့ ဇမ်ဘီယာအသင်းက ဒီ ကမ္ဘာ့ဖလားပွဲကို တက်လာတဲ့ အသင်း တွေထဲ အဆင့် နံပါတ် အများဆုံးပါ။
ဒီဘောလုံးပွဲရဲ့ နောက်ဆုံး ဖိုင်နယ်ပွဲကို သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့က Stadium Australia ဘောလုံးကွင်းကြီးထဲမှာ သြဂုတ်လ ၂၀ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ကျင်းပမှာပါ။
ထိပ်ဆုံးရောက်တွေရဲ့ ကမ္ဘာ့ဖလားပွဲ
ဒီ အမျိုးသမီး ကမ္ဘာ့ဖလားပွဲကို အမျိုးသမီးအားကစားပွဲတွေထဲ အကြီးကျယ်ဆုံးလို့ ဆိုကြပါတယ်။ သေချာတာတခုကတော့ ကမ္ဘာတလွှားမှာ အမျိုးသမီး ဘောလုံးက စင်တင် နေကြတဲ့နေရာမှာ ဖြစ်ဖြစ်၊ ပိုပိုပြီး တိုးတက်လာနေရာမှာ ဖြစ်ဖြစ် အကြီး အမား ပြောင်းလဲနေတာပါ။
ပထမဆုံးအကြိမ်အဖြစ် ဖီဖာကနေ ဒီအမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ ဘောလုံး သမားတွေကို တိုက်ရိုက် ဆုကြေးငွေ ပေးမှာပါ။ အသင်းက တဆင့်တက်လာတိုင်း ရမယ့် ဆုကြေး က ပိုများလာမှာဖြစ်ပြီး အုပ်စုအဆင့်မှာ ကစားသမား တယောက်ကို စတာလင်ပေါင် ၂၄,၀၀၀ ကနေ ချန်ပီယံ ဖြစ်လာရင် တယောက်ကို စတာလင်ပေါင် ၂၀၀,၀၀၀ ကျော် ပေးဖို့ ဖီဖာက စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဖီဖာရဲ့ အစီရင်ခံစာတွေအရ အမျိုးသမီးဘောလုံးသမား တယောက်ရဲ့ ပျှမ်းမျ လစာဟာ ပေါင် ၁၁,၀၀၀ ဖြစ်တာမို့ ဒီဆုကြေးတွေဟာ တစုံတရာ မြင့်တဲ့ ပမာဏပါ။ ဒီပွဲမှာ ဆုကြေးစုစုပေါင်းက ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပွဲထက် ပေါင် ၂၃ သန်း ပိုများပြီး ပေါင် ၈၄ သန်းပါ။
ဗီဒီယို ဒိုင်လူကြီးတွေလည်း ဒီပွဲမှာ စတင် ပါလာမှာဖြစ်ပြီး VAR အဆုံး အဖြတ် တွေကို ဘောလုံး ကွင်းထဲက ပရိသတ်တွေရော၊ တီဗီက ကြည့်တဲ့သူ တွေရော မြင်ကြ ရမှာပါ။
အချိန်ဖြုန်း တာတွေကို ကာတာမှာ မနှစ်က ကျင်းပခဲ့တဲ့ အမျိုးသား ကမ္ဘာ့ဖလား- ပွဲမှာလိုပဲ ဒိုင်လူကြီးတွေက တားဆီးတဲ့အနေနဲ့ ဒါတွေကို ထပ်တိုး အချိန်ပိုတွေထဲ ပေါင်းထည့်မှာပါ။ ဥပမာ - ဂိုးသွင်းပြီးလို့ အောင်ပွဲခံချိန်တွေအတွက် အချိန်ပို ထပ်တိုး မှာပါ။
မနှစ်က အမျိုးသား ကမ္ဘာ့ဖလားပွဲမှာ သက်တန့်ရောင် လက်မောင်းပတ်ကို ခွင့်မပြု ခဲ့ပေမဲ့ ဒီပွဲမှာတော့ ကျားမ တန်းတူရေး၊ လိင်စိတ် မတူသူများကို အလေးထားရေး၊ ငြိမ်းချမ်းရေး စတာတွေအတွက် သတင်းပါးမယ့် လက်မောင်းပတ်တွေကို အသင်း ခေါင်းဆောင်တွေ ဝတ်ဆင်နိုင်မှာပါ။
ဒီ အမျိုးသမီး ကမ္ဘာ့ဖလားပွဲမှာ ဘယ်သူ ဗိုလ်စွဲမလဲ
၂၀၁၁ ခုနှစ်က ဂျာမနီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဖိုင်နယ် ဗိုလ်လုပွဲမှာ အမေရိကန်က ဂျပန်ကို ပယ်နယ်တီမှာ ရှုံးနိမ့်သွားပါတယ်။
အဲဒီပွဲနောက်ပိုင်း အမေရိကန် အသင်းက ကမ္ဘာ့ဖလားအဆင့် ပွဲပေါင်း ၁၄ ပွဲမှာ ၁၃ ပွဲ နိုင်ထားတာပါ။ ကမ္ဘာ့ဖလားကို ၂၀၁၅ နဲ့ ၂၀၁၉ ကို ဆက်တိုက် ယူထားသူဖြစ်ပြီး ကမ္ဘာ့ဖလား ၃ ကြိမ် ဆက်တိုက်ယူဖို့ ကြိုးစားနေတဲ့ အသင်းပါ။
ဒါပေမဲ့ ၂၀၁၉ တုန်းက နည်းပြ ဂျေးလ် အဲလစ်က အနားယူသွားပြီဖြစ်သလို ကစား သမား တချို့လည်း နားသွားပါပြီ။
အခုအမေရိကန်အသင်း ကစားသမား ၂၃ ယောက်မှာ ၁၄ ယောက်က သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲကို ကန်ကြမှာပါ။ အမေရိကန် အားကစားမယ်တွေရဲ့ ထိပ်ဆုံးကသူလို့ အမွှမ်းတင်ခံရတဲ့ မေဂင် ရက်ပီးနိုးက ဒီကမ္ဘာ့ဖလားပွဲဟာ သူ့အတွက် ၄ ကြိမ်မြောက် နဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲပါလို့ ကြေညာထားပါတယ်။
ယူရို ၂၀၂၂ ကို ဗိုလ်စွဲထားတဲ့ အင်္ဂလန်အသင်းလည်း ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်မယ်လို့ မှန်းကြတဲ့ အသင်းတွေထဲ ပါပါတယ်။
ဒါပေမဲ့ ခြင်္သေ့မတွေလည်း ဒဏ်ရာရသူတွေနဲ့ပါ။ ယူရို ၂၀၂၂ မှာ ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံး ဘောလုံးသမားဆုရခဲ့တဲ့ ဘက် မိ(ထ) လည်း ဒဏ်ရာရထားလို့ အင်္ဂလန် အသင်းထဲမှာ မပါနိုင်ပါဘူး။
စပိန်အသင်းက ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမား အဲလက်စီရာ ပူတေရာ့စ်ကို ပိုင်ဆိုင်ထားသလို ကမ္ဘာ့ဖလားကို ၂ ကြိမ် ရဖူးထားတဲ့ ဂျာမနီအသင်း က သန်မာပြီး အတွေ့အကြုံများတဲ့သူတွေနဲ့ပါ။
ပြင်သစ်အသင်းကို ဦးဆောင်သူက အတွေ့အကြုံများတဲ့ မန်နေဂျာ ဟားဗ် ရေးနတ် ဖြစ်ပြီး ပူးတွဲအိမ်ရှင်နိုင်ငံ သြစတြေးလျက ပရိသတ်အားကောင်းကာ ချဲယ်ဆီး ထိပ်တန်း တိုက်စစ်မှူး ဆမ်ကားလည်း ပါဝင်ပါတယ်။
ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် ဆင်နွှဲမယ့် ကစားသမားတွေပါဝင်
ဒီတကြိမ် ကမ္ဘာ့ဖလားပွဲမှာ ၃၂ သင်း ဝင်ပြိုင်မှာဖြစ်ပြီး ၂၀၁၉ တုန်းက ၂၄ သင်းနဲ့ ၂၀၁၁ မှာတုန်းက ၁၆ သင်းသာ ရှိခဲ့တာပါ။ အခုကမ္ဘာ့ဖလားမှာ ပြိုင်မယ့် အမျိုးသမီး ဘောလုံးသမား စုစုပေါင်း ၇၃၆ ယောက်ရှိပါတယ်။
ကမ္ဘာ့ဖလားပွဲချည်း ၆ ကြိမ်တိုင် ပါမယ့်သူတွေက ဘရာဇီးက မာတာ၊ နိုင်ဂျီး ရီးယား က အိုနီမီ အက်ဘီ၊ ကနေဒါက ခရစ်(စ)တင်း ဆင်ကလဲယားတို့ပါ။
ဒီ ၃ ယောက်ထဲက နောက်တန်း ကစားသမား အက်ဘီက မေလတုန်းက အသက် ၄၀ ပြည့်ခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းက ကက်ဆီ ဖဲယာက သူဝင်ကန်ပြီဆိုရင် သူ့အသက်က ၁၆ နှစ်မို့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲတွေထဲ အသက်အငယ်ဆုံး အမျိုးသမီး ဘောလုံး သမား အဖြစ် စံချိန်တင်မှာပါ။ တောင်ကိုရီးယားက အုပ်စုပွဲအဆင့် မှာ ကိုလံဘီယာ၊ မော်ရိုကို စတဲ့အသင်းတွေနဲ့ ယှဉ်ရမှာပါ။
ဒဏ်ရာရထားလို့ နားနေရသူတွေများ
ဒဏ်ရာတွေရထားလို့ အဓိကကျတဲ့ ကစားသမားတွေ မထည့်သွင်းနိုင်တဲ့ အသင်း တွေထဲ အမေရိကန်၊ နယ်သာလန်၊ အင်္ဂလန်၊ ပြင်သစ်၊ ကနေဒါ စတဲ့ အသင်းတွေ ပါဝင်ပါတယ်။
အမေရိကန်က အသင်း ကပ္ပတိန် ဘက်ကီ ဆော်ဘရွန်း (ခြေခုံမှာ)၊ ရှေ့တန်း မဲလ် လောရီ ဆွမ်းဆန် (ဒူးဂုံညင်းရိုး အရွတ်မှာ) အလယ်တန်းကစားသူ ဆမ် မော်ဝစ် (ဒူးမှာ)၊ ရှေ့တန်း ခရစ်ရှန် ပရက်စ် (ဒူးမှာ) စသဖြင့် ဒဏ်ရာတွေ ရထားလို့ အသင်းထဲ မှာ မပါဝင် နိုင်ခဲ့ပါဘူး။
နယ်သာလန်အတွက် ဂိုးအများဆုံးသွင်းထားသူဖြစ်တဲ့ ဗီဗီယန် မိုင်ဒီမာက ဒူးဆစ် အရွတ် (anterior cruciate ligament) စုတ်ပြဲဒဏ်ရာကြောင့် နားနေရသလို ဒီလို ဒဏ်ရာမျိုးနဲ့ပဲ အင်္ဂလန်က လိ ဝီလျံဆင်နဲ့ ဘက်မိ(ထ) တို့ ဒီကမ္ဘာ့ဖလားပွဲမှာ မပါဝင် နိုင်ခဲ့ပါဘူး။
တိုက်စစ်မှူး ဖရန် ကာဘီ လည်း ဒူးမှာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှာ မပါဝင်နိုင် ပါဘူး။
ပြင်သစ်က သူ့ အလယ်တန်းလူ အမန်ဒင်း အွန်နရီ (ခြေသလုံးကြွက်သား ဒဏ်ရာ)၊ ချန်ပီယံလိခ်ဖလား ၅ လုံးရထားတဲ့ ဒဲလ်ဖင်း ကက်စ်ကာရီနို (ဒူးဆစ် အရွတ် ဒဏ်ရာ) နဲ့ ရှေ့တန်း မေရီ အင်တွိုင်းနက် ကာတိုတို (ဒူးဆစ် အရွတ် ဒဏ်ရာ) တို့ကို အသင်းမှာ မထည့်သွင်း နိုင်ခဲ့ပါဘူး။
ဒူးဆစ် အရွတ် ဒဏ်ရာနဲ့ပဲ နောက်ထပ် မပါဝင်နိုင်သူ တယောက်ကတော့ ကနေဒါ ရှေ့တန်းလူ ဂျန်နင်း ဘက်ကီပါ။