စစ်ရဟတ်ယာဥ်ပျက်ကျလို့ အမေရိကန် မရိန်းတပ်သား ၃ ဦးသေဆုံး

ပျက်ကျရဟတ်ယာဥ်နဲ့အမျိုးအစားတူရဟတ်ယာဥ်ကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပျက်ကျရဟတ်ယာဥ်နဲ့အမျိုးအစားတူရဟတ်ယာဥ်ကို မြင်တွေ့ရတာဖြစ်ပါတယ်

သြစတြေးလျမှာပြုလုပ်နေတဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတစ်ခုအတွင်း အမေရိကန်မရိန်းတပ်သားတွေပါတဲ့ ရဟတ်ယာဥ်ပျက်ကျလို့ ၃ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး စိုးရိမ်ရတဲ့အခြေအနေလို့ သိရပါတယ်။

MV-22B အော့စ်ပရေး အမျိုးအစားလေယာဥ်ဟာ ဒါဝင်မြို့မြောက်ပိုင်းက လူသူမနီးတဲ့ တီဝီကျွန်းစုမှာ ပျက်ကျသွားတာလို့ သိရပါတယ်။

အဲဒီမရိန်းတပ်သားတွေဟာ အမေရိကန်၊ သြစတြေးလျ၊ ဖီလစ်ပိုင်၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တပ်ဖွဲ့ဝင်ပေါင်း ၂,၅၀၀ ပါဝင်တဲ့ Predators Run စစ်ရေးပူးတွဲလေ့ကျင့်မှုမှာ ပါဝင်နေသူတွေဖြစ်ပါတယ်။

ရဟတ်ယာဥ်ပေါ်မှာတော့ အမေရိကန်စစ်သားတွေပဲ လိုက်ပါသွားတာဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်ဘန်နီ့စ်ကတော့ ဒီဖြစ်ရပ်ကို ဝမ်းနည်းကြောင်းပြောသလို ဒဏ်ရာရသူတွေကိုလည်း စွမ်းနိုင်သမျှ အကူအညီပေးမယ်လို့ ဆိုပါတယ်။

''မရိန်းတပ်ဖွဲ့ဝင် ၅ ဦး ကို ဆေးကုသဖို့ ဒါဝင်မြို့ဆီ ပြန်သယ်သွားပါပြီ'' လို့ ဒေသန္တရရဲမင်းကြီး မိုက်ကယ် မာဖီက ပြောပါတယ်။

''ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နိုင်ဖို့ နောက်ထပ် ရဲနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း မဲလ်ဗီးလ်ကျွန်းကို ဖြန့်ကြက်စေလွှတ်ထားပါတယ်။ ဒဏ်ရာရသူတွေကို ဦးစားပေး ကုသနိုင်ဖို့ ဒါဝင်ကို ပြန်သယ်သွားပါပြီ။ ရဟတ်ယာဥ်ပျက်ကျတဲ့နေရာကိုတော့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်'' လို့ သူက ပြောပါတယ်။

အခုဖြစ်ရပ်ဟာ တစ်လကျော်အတွင်း သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ လူသေဆုံးတဲ့အထိဖြစ်တဲ့ဒုတိယမြောက် ရဟတ်ယာဥ်ပျက်ကျမှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်တုန်းကလည်း အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေပါတဲ့ Talisman Sabre စစ်ရေးပူးပေါင်းလေ့ကျင့်မှုကြီးအတွင်း 45 MRH-90 တိုင်ပန်အမျိုးအစားလေယာဥ်တစ်စီး ကွင်းစ်လန့်ပြည်နယ်ကမ်းလွန်မှာ ပျက်ကျခဲ့လို့ သြစတြေးလျ စစ်သား ၄ ဦးသေဆုံးတယ်လို့ ယူဆခံခဲ့ရပါတယ်။

အော့စ်ပရေး ရဟတ်ယာဥ်ကတော့ ရဟတ်ယာဥ်ကို မြန်နှုန်းမြှင့်တောင်ပံတပ်ထားတာကြောင့် သာမန်ရဟတ်ယာဥ်တွေထက် မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တဲ့ ရဟတ်ယာဥ် အမျိုးအစားဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလေယာဥ်အမျိုးအစားဟာ မတော်တဆဖြစ်မှုသမိုင်းကြောင်းရှိထားပြီး ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေနိုင်ငံမှာပျက်ကျခဲ့တာကြောင့် မရိန်းတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒါအပြင် ၂၀၁၇ ခုနှစ်တုန်းကလည်း ရဟတ်ယာဥ်ရဲ့အမြီးဟာ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ ပို့ဆောင်ရေးရေယာဥ်နောက်ပိုင်းနဲ့ငြိခဲ့တာကြောင့် ၃ ဦးသေဆုံးမှုဖြစ်ခဲ့ပါတယ်။