ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှီကျင့်ဖျင် တရုတ်စစ်တပ် နျူကလီးယားတပ်ဖွဲ့ ခေါင်းဆောင်တွေ ပြောင်းခန့်
ဒဲရက် ဆိုင်နှင့် ကယ်လီ ငါ့
ဘီဘီစီ သတင်းဌာန
တရုတ်စစ်တပ်တွင်း နျူကလီးယား လက်နက်တွေကို ကြီးကြပ်တဲ့ တပ်ဖွဲ့တစ်ခုရဲ့ အကြီးအကဲ နှစ်ဦးနေရာမှာ လူအစားထိုး ခန့်အပ်လိုက်ပါတယ်။ ဒါဟာ စစ်တပ်တွင်း ရာထူး ဖြုတ်ထုတ် ရှင်းလင်းမှု လုပ်တာ ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ဒုံးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး လီ ယူချောင်း နဲ့ သူ့လက်ထောက်တို့ လူမြင်ကွင်းကနေ လနဲ့ချီ ပျောက်ကွယ်နေခဲ့တာပါ။
သူတို့ရဲ့နေရာမှာ ရေတပ် ဒုဦးစီးချုပ်ဟောင်း ဝမ် ဟူဘင်နဲ့ ပါတီဗဟိုကော်မတီအဖွဲ့ဝင် ရှူ ရှီရှန်း တို့ကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ တရုတ်စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အကြီးမားဆုံး ရုတ်တရက် ရာထူး အပြောင်းအလဲလုပ်မှုကြီး ဖြစ်ပါတယ်။
“တရုတ်အစိုးရဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးလို့ ဆိုရမယ့် နျူကလီးယား နည်းဗျူဟာ ပြောင်းလဲပြင်ဆင်မှုကြီး တစ်ခု လုပ်နေတာ ဖြစ်ပြီး အခုလုပ်လိုက်တဲ့ ဒီရှင်းလင်းဖယ်ရှားမှုကြီးက အတော်လေးကို ထူးခြားပါတယ်” လို့ အာရှလူမှုအဖွဲ့အစည်း မူဝါဒအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အကြံပေး လိုင်လ် မောရစ်စ် က ပြောပါတယ်။
“သမ္မတ ရှီ ကျင့်ဖျင်က PLA ပြည်သူ့လွတ်မြောက်ရေးတပ်အပေါ် ထိန်းချုပ်မှု ပိုခိုင်မာအောင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အခု ဒီရာထူးအပြောင်းအလဲက ဒီလုပ်ဆောင်မှု အပြီးသတ်သွားတဲ့ သဘောတော့ မဟုတ်ပါဘူး။ စစ်တပ်အတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ရှီကျင့်ဖျင်အနေနဲ့ စိုးရိမ်နေဆဲ ဖြစ်ပြီး ပါတီစည်းမျဉ်းတွေအတိုင်း လုံးဝဥဿုံ လိုက်နာကြတာမျိုးကို အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတာကို အရိပ်အမြွက် ထုတ်ဖော်ပြောထားခဲ့ပြီး ဖြစ်ပါတယ်” လိုင်လ် မောရစ်စ် က ပြောပါတယ်။
သမ္မတ ရှီ ကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်ကွပ်ကဲရေးအဖွဲ့ဖြစ်တဲ့ ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းက ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ သမ္မတ ရှီ ကျင့်ဖျင် က “ပါတီအနေနဲ့ စစ်တပ်အပေါ် ဦးစီးဦးဆောင် ဆက်ထိန်းသွားနိုင်ဖို့ ဆိုရင် ပါတီအဆင့်တိုင်းမှာ ကြုံနေရတဲ့ ထင်ရှားတဲ့ ပြဿနာကိစ္စရပ်တွေကို အာရုံစိုက်ပြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုနေတယ်လို့ အလေးအနက် ပြောသွားခဲ့ကြောင်း” တရုတ်အစိုးရ သတင်းမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး လီ ယူချောင်း နဲ့ သူ့လက်ထောက် ဗိုလ်ချုပ် လီယူ ဂွမ်ဘင် တို့ ဘယ်မှာ ရှိနေသလဲဆိုတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က တစ်စုံတရာ ထုတ်ဖော်ပြောတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမဲ့ ကော်မရှင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ခွဲက ဒီပုဂ္ဂိုလ်နှစ်ဦးကိုရော ဗိုလ်ချုပ်ကြီး လီ ယူချောင်းရဲ့ လက်ထောက်ဟောင်း ကျန်း ကျန့်ကျုံ ကိုပါ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တယ် ဆိုတာကို South China Morning Post သတင်းစာကြီးက ပြီးခဲ့တဲ့ သီတင်းပတ်က ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအကြောင်းကို အမည်မဖော်လိုတဲ့ သတင်းရပ်ကွက်နှစ်ခုကနေ ရခဲ့တာလို့လည်း ဆိုပါတယ်။
PLA တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်တပ် တည်ထောင်တာ ၉၆ နှစ်ပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့ မတိုင်ခင် တစ်ရက်အလိုမှာပဲ မစ္စတာ ဝမ် ဟူဘင်နဲ့ မစ္စတာ ရှူ ရှီရှန်း တို့ကို ရာထူးသစ် ခန့်အပ်လိုက်တဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ကနေ တရုတ်စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရာထူးအဆင့်ကို တိုးမြှင့် ခန့်အပ်လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး လီ ယူချောင်း ကို ရာထူးကနေ ထုတ်ပယ်လိုက်တာရော၊ မကြာသေးခင်က နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင် ဂန်း နေရာမှာ တခြားတစ်ဦးကို အစားထိုး ခန့်လိုက်တာရောဟာ သမ္မတ ရှီ ကျင့်ဖျင်ရဲ့ လတ်တလော အာဏာသက်တမ်းအတွက် ခေါင်းဆောင်မှုပိုင်း အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုအဖြစ် ရှုမြင်ရပါတယ်။
မစ္စတာ ချင်ကန်း နေရာမှာ မစ္စတာ ဝမ်ယီကို ပြီးခဲ့တဲ့ သီတင်းပတ်က အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပြီး အဲဒီမတိုင်ခင် တစ်လလောက်ကတည်းက မစ္စတာ ချင်ကန်းကို လူမြင်ကွင်းမှာ မတွေ့ခဲ့ရတော့ပါဘူး။ သူ့ကို ဘာ့ကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့တာလဲ ဆိုတာကို ထုတ်ဖော် ရှင်းပြတာမျိုးလည်း မရှိပါဘူး။
၂၀၁၄ ခုနှစ်တုန်းက တရုတ်စစ်တပ်အတွင်း ရာထူးအပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့စဉ်တုန်းကလည်း ဗဟိုစစ်ဘက် ကော်မရှင် လက်ထောက်ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ရှူ ဆိုင်ဟောင် နဲ့ ဂေါင် ဘောင်ရှီအွန်း တို့ အဂတိလိုက်စားမှုနဲ့ ရာထူးက ဖြုတ်ချခံခဲ့ရပြီး တရားစွဲ အပြစ်ပေးခံခဲ့ရပါတယ်။ ကော် ဘောင်ရှီအွန်းကို စစ်ခုံရုံးက တစ်သက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ရှူ ဆိုင်ဟောင် ကတော့ ကြားနာစစ်ဆေး မခံရသေးခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။