ထရမ့် နဲ့ ဟဲရစ် - ဘယ်အချက်တွေက သူတို့ကို အနိုင်ရစေမလဲ

အမေရိကန်ရွေးကောက်ပွဲ၊ ထရမ့်၊ ဟဲရစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိ
    • ရေးသားသူ, ဘန် ဘက်ဗင်တန်
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဝါရှင်တန်မြို့

အမေရိကန် အိမ်ဖြူတော်က သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှုက နိုင်ငံတစ်ဝန်း အတိုင်းအတာမှာရော၊ အရေးပါတဲ့ ပြည်နယ်တွေမှာပါ သူမသာကိုယ်မသာ အကြိတ်အနယ်ဖြစ်နေတဲ့ အခြေအနေရှိပါတယ်။

စစ်တမ်းရလဒ်တွေမှာ ပြိုင်ဘက်နှစ်ယောက်အကြား အရမ်းကို ကပ်လွန်းနေပြီး ဒေါ်နယ် ထရမ့် နဲ့ ကာမလာ ဟဲရစ်တို့ကြား နှစ်မှတ်၊ သုံးမှတ်လောက်ပဲ ကွာနေရုံနဲ့ ဘယ်သူမဆို ကပ်နိုင်သွားမယ့်ပုံရှိနေပါတယ်။

အကြောင်းခြင်းရာအသီးသီးအပေါ် သဘောထားတူကြတဲ့ မဲဆန္ဒရှင်အုပ်စုတွေနဲ့ ပတ်သက်ရင်ထရမ့်နဲ့ ကာမလာတို့ကြား နှစ်ဦးစလုံးမှာ အားသာချက်တွေ ဘာ့ကြောင့် ရှိနိုင်သလဲဆိုတာကို ခိုင်ခိုင်လုံလုံပြသနိုင်တဲ့ အထောက်အထားတွေ ရှိပါတယ်။​

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ဖူးတဲ့ သမ္မတတစ်ဦး နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးအကြိမ် သမိုင်းဝင် ပြန်အရွေးခံနိုင်ဖွယ် ရှိတယ်ဆိုတဲ့ အလားအလာမျိုးကနေ စကြည့်ကြရအောင်ပါ။

ထရမ့် အနိုင်ရနိုင်တဲ့ အချက် ၅ ချက်

၁။ ထရမ့်ဟာ အာဏာလက်ဝယ်မရှိသူ

မဲဆန္ဒရှင်တွေအတွက် စီးပွားရေးကိစ္စရပ်က နံပါတ်တစ် ကိစ္စဖြစ်ပါတယ်။ အလုပ်လက်မဲ့ အရေအတွက် လျော့ကျနေပြီး စတော့ခ်ရှယ်ယာ စျေးကွက် ထွန်းကားနေချိန်မျိုးမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အမေရိကန်ပြည်သူ အများစု နေ့စဉ် ရင်ဆိုင် ရုန်းကန်နေကြရပါတယ်။

ကိုဗစ်ကပ်ဘေး အပြီးမှာ ငွေကြေးဖောင်းဖွမှုက ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းကတည်းက မတွေ့ခဲ့ရတဲ့ အတိုင်းအတာအထိ မြင့်တက်လာနေတာမို့ ထရမ့်အတွက် "ခင်ဗျားတို့ အရင်လွန်ခဲ့တဲ့ ၄ နှစ်ကနဲ့ စာရင် အခုပိုအဆင်ပြေလာကြသလား"ဆိုတဲ့ မေးခွန်းမျိုး ထုတ်ခွင့်ရလာခဲ့ပါတယ်။

ကိုဗစ်အလွန် လူနေမှုစရိတ်တွေ ကြီးမြင့်လာမှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေက ကန့်ကွက်မဲတွေပေးပြီး သူတို့တိုင်းပြည်က အာဏာလက်ဝယ်ရှိသူတွေကို ရာထူးကနေ ဖြုတ်ချခဲ့ကြတဲ့ သာဓက အများအပြားကို တွေ့နိုင်ပါတယ်။ အမေရိကန် မဲဆန္ဒရှင်တွေကလည်း အပြောင်းအလဲတွေကို အလားတူ မွတ်သိပ်နေပုံ ရပါတယ်။

အမေရိကန်ပြည်သူ လေးပုံ တစ်ပုံလောက်ကသာ တိုင်းပြည် ဦးတည်သွားနေတဲ့ လမ်းကြောင်းကို အားရကျေနပ်မိတယ်လို့ ဆိုပြီး ကျန်တဲ့ လေးပုံ သုံးပုံကတော့ စီးပွားရေး ညံ့ဖျင်းလာမယ့် အလားအလာရှိတယ်လို့ ယူဆနေကြပါတယ်။

ဟဲရစ်ကတော့ ပြောင်းလဲမှုတွေ လုပ်ပေးမယ့် သမ္မတလောင်းအဖြစ် သူ့ကိုမြင်လာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်ရှိရာထူးဖြစ်တဲ့ ဒုတိယသမ္မတအနေနဲ့တော့ လူအများအကြား ရေပန်းမစားတဲ့ ဂျိုးဘိုင်ဒန်နဲ့ မတူဘူးဆိုတာကို ပြသဖို့ အတော်ခက်ခဲနေပါတယ်။​

၂။ သူ့ရဲ့မကောင်းသတင်းတွေက သူ့ကို ဖြိုချနိုင်ပုံ​ မရ

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်အဆောက်အအုံ ရုန်းရင်းဆန်ခတ်မှုကိစ္စ အငြင်းပွားမှုတွေ၊ စွဲချက်တင်ခံရမှုတွေ တစ်သီတတန်းကြီး ရှိခဲ့သလို မကြုံစဖူး ရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့ပေမဲ့လည်း ထရမ့်အပေါ် ထောက်ခံအားပေးမှုက တစ်နှစ်ပတ်လုံးမှာ ၄၀ ရာခိုင်နှုန်းနဲ့အထက်မှာ ဆက်တိုက် ရှိနေခဲ့ပါတယ်။

ဒီမိုကရက်တွေနဲ့ "ထရမ့်ကို ဘယ်တော့မှ မထောက်ခံဘူး" ဆိုတဲ့ ရှေးရိုးစွဲဝါဒီတွေက ထရမ့်ဟာ သမ္မတရာထူးနဲ့ မသင့်တော်ဘူးလို့ ပြောနေချိန်မှာ ရီပတ်ဘလီကန်တွေကတော့ "သူဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး မတရားစွပ်စွဲခံခဲ့ရသူ ဖြစ်တယ်" ဆိုတဲ့ ထရမ့်ရဲ့ ပြောဆိုချက်ကို သဘောတူလက်ခံကြပါတယ်။

နှစ်ဖက်စလုံးက အသားကုန်ကြိုးပမ်းနေကြရာမှာ ထရမ့်အနေနဲ့ သူ့အပေါ် တစ်သမတ်တည်းအမြင်မျိုး မရှိဘဲ ဘယ်သူ့ကို မဲပေးရမှန်း မဝေခွဲနိုင်သူ မဲဆန္ဒရှင်အနည်းအပါးရဲ့ ထောက်ခံမှု ရဖို့ လိုအပ်နေပါတယ်။

၃။ တရားမ၀င် ရွှေ့ပြောင်းလာသူတွေအကြောင်း သူ့ပြောဆိုချက်တွေက ဂယက်ထ ထိရောက်စေခဲ့

စီးပွားရေး အခြေအနေအပြင် စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တစ်ခုခုကလည်း ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးလေ့ ရှိပါတယ်။

ဒီမိုကရက်တွေက သန္ဓေသားလောင်း ဖျက်ချတဲ့ ကိစ္စနဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေသလို ထရမ့်ကလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်နဲ့ မဲအသာရနိုင်မယ်လို့ ယူဆနေပါတယ်။

ဘိုင်ဒန်အစိုးရလက်ထက်မှာ နယ်စပ်ပြဿနာတွေက စံချိန်တင် မြင့်တက်ခဲ့ပြီး အစုလိုက်အပြုံလိုက်တရားမဝင် ဝင်လာသူတွေကြောင့် နယ်စပ်နဲ့ ဝေးကွာတဲ့ ပြည်နယ်တွေအထိ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအတွက် မဲဆန္ဒရှင်တွေက လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်မှာ ထရမ့်အပေါ် ယုံကြည်စိတ်ချမှု ပိုရှိကြပြီး သူဟာ အရင်ရွေးကောက်ပွဲတုန်းကထက် လက်တီနိုတွေနဲ့ပတ်သက်တဲ့ ပြဿနာကို အများကြီး ပိုကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယူဆနေကြကြောင်း လူထုစစ်တမ်းတွေအရ သိရပါတယ်။

၄။ ဘွဲ့ဒီဂရီရှိသူထက် မရှိသူတွေ အများကြီး ပိုများနေ

အမေ့ခံ၊ ဘေးဖယ်ခံထားရသူ မဲဆန္ဒရှင်တွေက ထရမ့်ကို ထောက်ခံအားပေးလာမှုတွေကြောင့် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေလို သမားရိုးကျ ဒီမိုကရက်တစ် မဲဆန္ဒရှင်အုပ်စုတွေဟာ ရီပတ်ဘလီကန်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး အမေရိကန် စက်မှုလုပ်ငန်းကို အခွန်အတုတ်တွေနဲ့ အကာအကွယ်ပေးမှုဟာ ပုံမှန်စံနှုန်းလို ဖြစ်လာစေတာက အမေရိကန်နိုင်ငံရေးကို အသွင်ပြောင်းသွားစေခဲ့ပါတယ်။

တကယ်လို့ ကျေးလက်ဒေသတွေနဲ့ နှစ်ဖက်စလုံး နိုင်ခြေရှိတဲ့ ပြည်နယ်တချို့က ဆင်ခြေဖုံးဧရိယာတွေက မဲဆန္ဒရှင်တွေကိုသာ သူသိမ်းသွင်းနိုင်မယ်ဆိုရင် အလယ်အလတ်သဘောထားရှိတဲ့ ကောလိပ်ပညာတတ် ရီပတ်ဘလီကန်တွေကို ဆုံးရှုံးမှုအပေါ် ပြန်ကာမိနိုင်မှာ ဖြစ်ပါတယ်။

၅။ မတည်ငြိမ်တဲ့ကမ္ဘာကြီးမှာ ကြံ့ခိုင်သူတစ်ဦးအဖြစ် ထရမ့်ကို ယူဆထားကြ

ထရမ့်ကို နှိမ်ချပုတ်ခတ်နေကြသူတွေက သူဟာ အာဏာရှင်အစိုးရခေါင်းဆောင်တွေနဲ့ ပေါင်းနေတာကြောင့် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြောနေကြပါတယ်။

သမ္မတဟောင်း ထရမ့်ကတော့ သူ့အပေါ် ကြိုတင်ခန့်မှန်းလို့ မရနိုင်မှုကို အားသာချက်တစ်ခုအဖြစ် ယူဆထားပါတယ်။ ဒါပေမဲ့လည်း အိမ်ဖြူတော်မှာ သူအစိုးရတာဝန်ယူထားချိန်တုန်းက ဧရာမစစ်ပွဲကြီး တစ်ခုမှ မဖြစ်ခဲ့ဘူးလို့ ထောက်ပြပါတယ်။

ယူကရိန်းနဲ့ အစ္စရေးကို လက်ရှိ အမေရိကန်အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ ထောက်ပံ့နေတာအပေါ် အမေရိကန်ပြည်သူ အတော်များများက အကြောင်းရင်းခံအမျိုးမျိုးနဲ့ ဒေါသထွက်နေကြပြီး ဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံဟာ ပိုအားလျော့လာတယ်လို့ ယူဆနေကြပါတယ်။

မဲဆန္ဒရှင် အများစု အထူးသဖြင့် ထရမ့်ကို ပေါ့ဒ်ကတ်စ်တွေနဲ့ တောက်လျှောက် အားပေးထောက်ခံလာသူ ဂျိုး ရိုဂန် လို အမျိုးသားတွေက ထရမ့်ဟာ ဟဲရစ်ထက် ပိုခိုင်မာတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ထားကြပါတယ်။

အမေရိကန်ရွေးကောက်ပွဲ၊ ထရမ့်၊ ဟဲရစ်
ဟဲရစ် အနိုင်ရနိုင်တဲ့ အချက် ၅ ချက်

၁။ သူက ထရမ့် မဟုတ်တဲ့ အတွက်ကြောင့်ပါ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်မှာ အားသာချက်တွေ ရှိနေတဲ့ကြားကပဲ သူအပေါ် မြင်တဲ့ အမြင်တွေက တစ်ယောက်နဲ့တစ်ယောက်ကြား သိသိသာသာကြီး ကွဲပြားကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ရီပတ်ဘလီကန် သမ္မတလောင်းတစ်ဦးအတွက် စံချိန်တင်များပြားတဲ့ ထောက်ခံမဲတွေ ထရမ့်ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထက် ပိုတဲ့ အမေရိကန်ပြည်သူ ၇ သန်းက ဘိုင်ဒန်ကို ထောက်ခံမဲပေးခဲ့ကြတဲ့အတွက်ကြောင့်သာ သူရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဟဲရစ်က ထရမ့် တစ်ကျော့ပြန်လာမှာကို ကြောက်ရွံ့တဲ့ပုံမျိုး ပြပြီး မဲဆွယ်ခဲ့ပါတယ်။ ထရမ့်ကို ဖက်ဆစ်ဝါဒီတစ်ဦး၊ ဒီမိုကရေစီစနစ်ကို အန္တရာယ်ပြုမယ့်သူတစ်ဦးအဖြစ် ဖော်ညွှန်းပြောဆိုရင်း ဒရာမာ ဇာတ်လမ်းအရှုပ်တော်ပုံတွေ၊ ပဋိပက္ခတွေကနေ ရှောင်ကျဉ်ပြီး ရှေ့ဆက်လှမ်းဖို့ ဟဲရစ်က ကတိပြု ပြောခဲ့ပါတယ်။

ဇူလိုင်လမှာ လုပ်ခဲ့တဲ့Reuters/Ipsos စစ်တမ်းတွေအရ အမေရိကန် ပြည်သူ ၅ ယောက်မှာ ၄ ယောက်က အမေရိကန်နိုင်ငံကြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေပြီ ဆိုပြီး ခံစားမိကြတယ်လို့ သိရပါတယ်။ ဟဲရစ်က သူ့ကို မဲဆန္ဒရှင်တွေ အထူးသဖြင့် အလယ်အလတ်ဝါဒီ ရီပတ်ဘလီကန်တွေနဲ့ သီးခြားလွတ်လပ်သူတွေက တည်ငြိမ်တဲ့ သမ္မတလောင်းတစ်ဦးအဖြစ် ရှုမြင်ကြမယ်လို့ မျှော်လင့်ထားပါတယ်။

၂။ သူဟာ ဘိုင်ဒန်လည်း မဟုတ်တဲ့အတွက်ကြောင့်ပါ

ရွေးကောက်ပွဲကနေ ဘိုင်ဒန်ထွက်လိုက်တဲ့အချိန်မှာ ဒီမိုကရက်တွေက လုံးဝနီးပါး ရှုံးပါပြီ ဆိုတဲ့ အခြေအနေမျိုး ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ထရမ့်ကို မရအရ အနိုင်ယူမယ်ဆိုတဲ့ စိတ်ဆန္ဒကြောင့် ဒီမိုကရက်တွေ ချက်ချင်းပဲ ဟဲရစ်ကို တစ်ညီတညွတ်တည်း ဝန်းရံထောက်ခံခဲ့ကြပါတယ်။ ဟဲရစ် ဟာ စစချင်းကတည်းကစလို့ အံ့မခန်းလောက်အောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်လာခဲ့ပြီး အနာဂါတ်ကို ပိုရှုမြင်တဲ့ မိန့်ခွန်းသတင်းစကားတွေ ပါးနိုင်ခဲ့တဲ့အတွက် အောက်ခြေလူတန်းစားရဲ့ စိတ်လှုပ်ရှား ထောက်ခံအားပေးမှုတွေ ရခဲ့ပါတယ်။

ရီပတ်ဘလီကန်တွေက ဟဲရစ်ကို ဘိုင်ဒန်ရဲ့ လူကြိုက်မများတဲ့ မူဝါဒတွေနဲ့ တွဲပြီး ချည်တုပ် ပြောဆိုနေချိန်မှာ ဟဲရစ်က ဘိုင်ဒန်အပေါ် သူတို့ အဓိကထား တိုက်ခိုက်ပြောဆိုခဲ့မှု တချို့ကို ပြန်သုံးပြီး တုံ့ပြန်ထိုးနှက်ခဲ့ပါတယ်။

အဲဒီအထဲက အထင်ရှားဆုံးတစ်ခုက အသက်အရွယ် အကြောင်းပါ။ ဘိုင်ဒန်ရဲ့ အရွယ်က သမ္မတရာထူးနဲ့ သင့်တော်ပါ့မလားဆိုတာကို မဲဆန္ဒရှင်တွေက တကယ့်ကို စိုးရိမ်နေကြတယ်လို့ စစ်တမ်းတွေမှာ အစဉ်တစိုက် ဖော်ပြခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သူ ပြောင်းသွားပြီ ဖြစ်ပြီး ထရမ့်ကသာ အိမ်ဖြူတော်မှာ သမ္မတအဖြစ် ဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့ အသက်အကြီးဆုံးသူ ဖြစ်သွားခဲ့ပါပြီ။

၃။ ဟဲရစ်က အမျိုးသမီး အခွင့်အရေး ဖော်ဆောင်နိုင်သူ

ဒီရွေးကောက်ပွဲဟာ Roe v Wade ဆိုတဲ့ အမျိုးသမီးတွေ သန္ဓေသားလောင်း ဖျက်ချခွင့် ဥပဒေကို အမေရိကန် တရားရုံးချုပ်က ပယ်ချခဲ့ပြီးကတည်းက ပထမဆုံး ကျင်းပတဲ့ သမ္မတရွေးကောာက်ပွဲ ဖြစ်ပါတယ်။

သန္ဓေသားလောင်း ဖျက်ချခွင့်ကို ကာကွယ်နိုင်ရေး စိုးရိမ်နေကြတဲ့ မဲဆန္ဒရှင်တွေက ဟဲရစ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ကြားကာလ ရွေးကောက်ပွဲတုန်းက ဒီကိစ္စရပ်ဟာ မဲဆန္ဒရှင်တွေ မဲလာပေးဖို့ တွန်းအားဖြစ်စေခဲ့ပြီး မဲရလဒ်တွေအပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုကြီး ဖြစ်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်စလုံး နိုင်ခြေ ရှိနေတဲ့ အရီဇိုးနားပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုမှာ သန္ဓေသားလောင်း ဖျက်ချခွင့်ကို ဘယ်လို စည်းမျဉ်းချမှတ်သင့်သလဲ ဆိုတာအပေါ် မဲဆန္ဒရှင်တွေကို ကနဦး မဲပေးရွေးချယ်ခိုင်းတာတွေ ရှိလာမှာပါ။ ဒါဟာ ဟဲရစ်အတွက် အားသာချက် ဖြစ်လာနိုင်ပါတယ်။

တခါ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာနိုင်ရေး သမိုင်းဝင် ကြိုးပမ်းမှုကလည်း အမျိုးသမီး မဲဆန္ဒရှင်တွေအကြားမှာ ဟဲရစ်ရဲ့ သိသာထူးခြားတဲ့ ခေါင်းဆောင်မှုကို ခိုင်မာလာစေမှာ ဖြစ်ပါတယ်။

၄။ ဟဲရစ်ကို ထောက်ခံသူတွေ မဲလာပေးကြမယ့်ပုံ ပိုတွေ့ရ

ကောလိပ်ကျောင်းထွက် ပညာတတ်တွေနဲ့ အသက်ကြီးသူတွေ လို အုပ်စုတွေက ဟဲရစ်ကို ထောက်ခံမဲပေးမယ့်ပုံ ပိုရှိနေပါတယ်။

ဒီမိုကရက်တွေက လူအများကြီး မဲလာပေးမယ့် အုပ်စုတွေ ဆီက ထောက်ခံအားပေးမှု အကြီးအကျယ် ရထားချိန်မှာ ထရမ့်ကတော့ လူငယ်တွေနဲ့ ကောလိပ်ကျောင်းက ဒီဂရီဘွဲ့ မရသူတွေလို မဲလာပေးသူ အနည်းအပါးသာ ရှိမယ့် အုပ်စုတွေဆီက ထောက်ခံအားပေးမှုတွေ ရထားပါတယ်။

ဥပမာအားဖြင့် မဲပေးဖို့ စာရင်းပေးထားပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမပေးခဲ့သူတွေအကြား ထရမ့်ဟာ ရှေ့ကဦးဆောင်နေတယ်လို့ New York Times/Siena လူထုစစ်တမ်းတစ်ခုအရ သိရပါတယ်။

၅။ ဟဲရစ်က မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ ပိုရှာနိုင်ပြီး ပိုသုံးနိုင်ခဲ့

အမေရိကန် ရွေးကောက်ပွဲတွေက အကုန်အကျ စရိတ်ကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲဟာ ကျင်းပခဲ့ဖူးသမျှ ရွေးကောက်ပွဲတွေထဲမှာ အကုန်အကျ အများဆုံး ရွေးကောက်ပွဲ ဖြစ်ဖို့ ရှိနေပါတယ်။

ဒါပေမဲ့ သုံးနိုင်အားတွေထဲမှာတော့ ဟဲရစ်က ထိပ်ဆုံးကလို့ ဆိုရမှာပါ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းကစလို့ ခုချိန်ထိ ထရမ့် ရှာနိုင်ခဲ့တာထက် ဟဲရစ်ဟာ ဇူလိုင်လမှာ သူသမ္မတလောင်းစဖြစ်လာကတည်းကစလို့ ရန်ပုံငွေ ပိုရှာနိုင်ခဲ့တယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ Financial Times လေ့လာချက်တစ်ခုအရ သိရပါတယ်။ ဒါ့အပြင် ဟဲရစ်ရဲ့ မဲဆွယ်အဖွဲ့ဟာ ကြော်ငြာတွေမှာ နှစ်ဆနီးပါး သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်ဖက်နိုင်ခြေ ရှိနေတဲ့ ပြည်နယ်တွေမှာ နိုင်ငံရေးကြော်ငြာတွေ အောတိုက်နေပြီး အဲဒီက မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေတဲ့ ဒီအကြိတ်အနယ် ရွေးကောက်ပွဲမှာ ဒီအချက်ကလည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာနိုင်ပါတယ်။