အာရှဂိမ်း Esport ပြိုင်ပွဲက မြန်မာထွက်ခဲ့ရတာ‌ဘာကြောင့်လဲ

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ Esport အမျိုးအစားပြိုင်ပွဲလည်း ထည့်သွင်းခဲ့ရာမှာ မြန်မာပြည်က ပရော်ဖက်ရှင်နယ် ဂိမ်းအဖွဲ့လည်း ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။

မနေ့ကကျင်းပတဲ့ပြိုင်ပွဲအဖွင့်ပွဲစဥ်အုပ်စုအဆင့်မှာ မြန်မာက ကာဇက်စတန်နိုင်ငံဂိမ်းအသင်းနဲ့မကာအိုဂိမ်းအသင်းတွေကို ပထမပိုင်းမှာ ၂ ပွဲဆက်တိုက်အနိုင်ရခဲ့ပေမဲ့ ညနေပိုင်းမှာ ကစားတဲ့ တရုတ်အသင်းနဲ့ပွဲမှာ ရှုံးခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ထွက်ခဲ့ရပါတယ်။

အာရှအိုလံပစ်အားကစားပြိုင်ပွဲလို့တောင် ရည်ညွှန်းကြတဲ့ အာရှအားကစားပြိုင်ပွဲမှာ တရုတ်နိုင်ငံဟာ Esport အတွက် သီးခြားအားကစားရုံဆောက်လုပ်ပြီး Esport အားကစားနည်းကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာကတော့ Esport အားကစားတွေထဲကမှ တစ်ဖက်ကို ကစားသမား ၅ ယောက်ပါဝင်ကစားရတဲ့ Arena of Valor ဂိမ်းကို ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ဒီဂိမ်းဟာ Mobile Legends ဂိမ်းနဲ့အတော်လေးဆင်တူပြီး တရုတ်နဲ့ မလေးရှားအသင်းတွေဟာ အခြေအတင်ယှဥ်ပြိုင်ရမယ့်အသင်းတွေလို့ မြန်မာဂိမ်းကစားသမားတွေကြားထဲ မှတ်ယူထားကြတာပါ။

‘‘အခုတစ်ကြိမ်မှာတော့ အုပ်စုခွဲရာမှာ အသာစီးမရမှုကြောင့် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်မရယူပေးနိုင်ခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ထပ်အကြိမ်တွေ အခွင့်အရေးရခဲ့ပါက အကောင်းဆုံးကြိုးစားပြီး ဆုတံဆိပ်ရရှိအောင်ကြိုးပမ်းသွားမယ်’’ လို့ Myanmar Electronic Sports League က သူ့ရဲ့ တရားဝင်လူမူကွန်ရက်စာမျက်နှာကနေ အသင်းကိုယ်စား ပြောထားပါတယ်။

မြန်မာအသင်း အုပ်စုအဆင့်သာရောက်ခဲ့တာဟာ ကစားသမားတွေ အရည်အချင်းကြောင့် မဟုတ်ဘဲ ပြည်တွင်းမှာ နာမည်ကျော်တဲ့ဂိမ်းတွေနဲ့ ယှဥ်ပြိုင်ရတာမဟုတ်ဘဲ ကစားတာနည်းနဲ့ဂိမ်းကို ယှဥ်ပြိုင်ရတာကြောင့်လို့ Esport နယ်ပယ်က သုံးသပ်ကြပါတယ်။

‘‘ဒီဂိမ်းက ပြည်တွင်းမှာ ခေတ်စားတာမရှိသလို အပြိုင်အဆိုင်သိပ်မရှိတဲ့ဂိမ်းအမျိုးအစားတစ်ခုပေါ့။ B Tier လောက်ပဲရှိတာပေါ့။ Mobile Legends လို၊ PUPG လို၊ Dota လို ဂိမ်းတွေဆိုရင် ကစားတဲ့သူလည်း များတယ်။ အပြိုင်အဆိုင်လည်းများတယ်။ အဲဒီဂိမ်းတွေနဲ့သာကစားရရင် ပြိုင်ဆိုင်မှုက ပိုပြီးအားကောင်းမှာ’’ လို့ မြန်မာ Esport မီဒီယာတစ်ခုက အယ်ဒီတာ ကိုကြည်သာက သူ့အမြင်ကို ပြောပါတယ်။

ဂိမ်းဟာ လူငယ်တွေကို စွဲလမ်းမှုဖြစ်စေတယ်ဆိုတဲ့အငြင်းပွားမှုတွေရှိနေပေမဲ့ တဖက်မှာလည်း ကမ္ဘာတဝန်းကလူငယ်တွေဟာ ပရော်ဖက်ရှင်နယ်ကစားသမားတွေအဖြစ် Esport ပြိုင်ပွဲ ဂိမ်းတွေကနေ ဝင်ငွေရရှိပြီး ရပ်တည်ကြတာတွေရှိလာပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာပြည်မှာတော့ Esport အားကစားမှာ အခွင့်အလမ်းတွေ ယုတ်လျော့လာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

‘‘ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာ စီးပွားရေးသက်ရောက်မှုတွေက မြန်မာ့ Esport နယ်ပယ်ကို သက်ရောက်မှုရှိတယ်။ ၂၀၁၉ ခုနှစ်လောက်ကဆိုရင် Mobile Legends က လိဂ် ပြိုင်ပွဲလုပ်တယ်။ အဲဒီကမှ ဒေသတွင်းမှာ ကျင်းပတဲ့ သူတို့ပြိုင်ပွဲတွေမှာ ဒီက ကစားသမားအဖွဲ့တွေ သွားပြိုင်ကြတယ်။ အခု စစ်အာဏာသိမ်းမှုဖြစ်အပြီးမှာ သူတို့လည်း ဒီမှာ မကျင်းပတော့ဘူး’’ လို့ ကိုကြည်သာက ပြောပါတယ်။

ဒီအားကစားရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ မြန်မာမှာလျှပ်စစ်မီးပြတ်တောက်တာ၊ အင်တာနက်သုံးစွဲရမှုမှာ အကန့်အသတ်တွေရှိလာတာက E sport အားကစားနည်းကိုပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းတဲ့လူငယ်တွေအတွက်အဟန့်အတားဖြစ်နေစေပါတယ်။

‘‘ဂိမ်းတွေက မိုဘိုင်းဂိမ်းပဲထားဦး။ ဝိုင်ဖိုင် အားရှိဖို့၊ ဖုန်းအားရှိဖို့လိုတယ်။ မိုဘိုင်းဂိမ်းကများသော အားဖြင့် အသက် ၂၀ ကနေ ၃၀ လောက်လူငယ်တွေပဲဆော့ကြတာ။ အသက်အရွယ် အကန့်အသတ်သဘောဖြစ်တယ်။ အသက်ကြီးသွားတော့ ဂိမ်းဆော့တဲ့အခါ လက်က ခလုတ်တွေ နှိပ်ဖို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး။ ဒီအချိန်မှာ မီးပြတ်တာလိုဖြစ်တဲ့အခါ လေ့ကျင့်ဖို့ အချိန်၊ ပြိုင်ဘက်နဲ့ ကစားတာကျင့်ဖို့ အချိန်တွေနည်းသွားတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။

တဖက်မှာလည်း လူငယ့်ခေတ်ရေစီးကြောင်းကိုလိုက်ပြီး စျေးကွက်အရ အာရှအားကစားပြိုင်ပွဲမှာသာမက အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)မှာပါ Esport အားကစားပြိုင်ပွဲတွေကို ဆုတံဆိပ်ချီးမြှင့်တဲ့အထိ ထည့်သွင်းလာပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲရဲ့ Esport ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအသင်းဟာ Mobile Legends ကစားနည်းနဲ့ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီးကြေးတံဆိပ်ရရှိခဲ့ပါတယ်။

မြန်မာဟာ အခုနှစ် အာရှအားကစားပြိုင်ပွဲမှာ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ နဂါးလှေပြိုင်ပွဲ၊ Esport၊ မြားပစ်၊ ပိုက်ကျော်ခြင်းစတဲ့ ကစားနည်းတွေမှာ ကစားသမား ၁၀၀ ကျော်နဲ့ ပါဝင်ယှဥ်ပြိုင်နေပါတယ်။