ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျပ်နှစ်သောင်းတန် - စျေးကွက်ဖွင့်ရက် ကသောင်းကနင်း ဒေါ်လာနဲ့ရွှေစျေးကွက်
မြန်မာကျပ်ငွေ နှစ်သောင်းတန် ထုတ်မယ့်အကြောင်း ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ တနင်္ဂနွေရုံးပိတ်ရက်မှာ ကြေညာခဲ့တာဖြစ်ပေမဲ့ နေ့တွင်းချင်း ရွှေအရောင်းအဝယ် ဦးဆုံး ရပ်တန့်သွားခဲ့ပြီး တနင်္လာနေ့ ရုံးဖွင့်ရက်မှာတော့ နိုင်ငံခြားငွေ၊ ရွှေနဲ့ ဘဏ်လုပ်ငန်းစတဲ့ ကဏ္ဍသုံးရပ်မှာ သက်ရောက်မှုတွေစရှိလာပါတယ်။
“ငွေအသစ်က ထွက်မလာသေးပေမဲ့ ရက်ပိုင်းစောင့်ကြည့်တဲ့အနေအထားနဲ့ စျေးကွက်ရပ်နေတာပါ” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒီကနေ့ ဇူလိုင် ၂၄ ရက်အခြေအနေကို ပြောပြပါတယ်။
နှစ်သောင်းတန်ငွေစက္ကူအသစ်က လာမယ့်ဇူလိုင် ၃၁ ရက်နေ့ကျမှ စျေးကွက်ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ အခုလိုအခြေအနေမှာ ကုန်စျေးနှုန်းတက်အောင် လှုံ့ ဆော်တဲ့သူ၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်အောင် ကြိုးစားနေသူတွေဟာ ပြည်သူရဲ့အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်နေသူတွေဖြစ်ပြီး တရားဥပဒေအရ အရေးယူမယ်လို့ ပြောပါတယ်။
အရေးယူမယ့်အကြောင်း ငွေစက္ကူအသစ်ထုတ်မယ့်သတင်းကြေညာတဲ့ ဇူလိုင် ၂၃ ရက်နေ့တွင်းချင်းမှာ ထုတ်ပြောခဲ့ပေမဲ့ ဒေါ်လာ၊ ရွှေစျေးကွက်တွေကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်အခြေဆိုက်နေတာပါ။
၂၄ နာရီအတွင်း ရွှေစျေးနှုန်းဘယ်လောက်တက်လာလဲ။
ငွေစက္ကူအသစ်မထုတ်ခင် စနေနေ့ ဇူလိုင် ၂၂ ရက်က ရွှေတစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင်ရှိခဲ့တာပါ။ တနင်္လာနေ့စျေးကွက်ဖွင့်ရက် နေ့လယ်ပိုင်းမှာတော့ ၃၆ သိန်းအထိ စျေးမြင့်တက်လာပါတယ်။
ဒါဟာ ငွေစက္ကူအသစ်ထွက်မယ့်အကြောင်း ကြေညာပြီး ၂၄ နာရီအတွင်းမှာတင် ရွှေစျေးက ၄ သိန်း အနည်းဆုံးကွာဟနေပြီဖြစ်ပါတယ်။ ရွှေအရောင်းအဝယ်အခြေအနေကိုကြည့်ရင်လည်း 18k၊ 20k လို့ ခေါ်ကြတဲ့ ၁၂ ပဲရည်နဲ့ ၁၃ ပဲရည်တို့သာ ရောင်းဝယ်နေကြပြီး အခေါက်ရွှေနဲ့ ၁၅ ပဲရည်တို့ကတော့ အရောင်း ရပ်ထားကြပါတယ်။
ဒီကနေ့ အထိရန်ကုန်၊ မန္တလေးလို စျေးကွက်တွေက အရောင်းအဝယ်ပိတ်နေတာကြောင့် ရှမ်း၊ ကချင်၊ ဧရာဝတီစတဲ့ ဒေသတွေမှာပါ ရွှေစျေးကွက်ရပ်တန့်နေတယ်လို့ ဒေသအလိုက်ရွှေဆိုင်ပိုင်ရှင်တွေဆီက သိရပါတယ်။
“ပေါက်စျေးလည်းမရှိဘူး။ မနေ့ကတည်းက ရောင်းသူဝယ်သူလည်းမရှိဘူး” လို့ ရှမ်းပြည်နယ်မှာ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ရွှေအရောင်းအဝယ်အခြေအနေကိုပြောပါတယ်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ နေ့လယ် ၂ နာရီခွဲ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားအပိတ် စျေးက ၂၃ သိန်းစွန်းစွန်းသာရှိပါတယ်။ ဘီဘီစီစုံစမ်းသိရှိခဲ့ရတဲ့ ပြင်ပရွှေစျေးနှုန်းနဲ့ဆိုရင် ရွှေအသင်း ထုတ်ပြန်ချက်နဲ့ ၁၀ သိန်းကျော်ကွာဟနေပါတယ်။
“ရွှေစျေးကွက်အခြေအနေကိုက ဘာမှကိုမှတ်ချက်မပေးချင်တော့ဘူး” လို့ ဝါရင့်ရွှေလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလို ကမောက်ကမဖြစ်လာတဲ့ ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ရွှေလုပ်ငန်းရှင်အသင်းဘက်က ပန်ကြားချက်တွေ ဒီကနေ့မှာ ဆက်တိုက်ထုတ်လာပါတယ်။ ရွှေစျေးနှုန်းမတည်ငြိမ်အောင် ရောင်းဝယ်ဆောင် ရွက်တာမလုပ်ဖို့နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေဘက်က ပူးပေါင်းပါဝင်ပေးကြဖို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
တစ်ဒေါ်လာ ၃၅၀၀၊ ထိုင်းတစ်ဘတ် ၉၇ ကျပ်နဲ့ မြန်မာ့ငွေ တန်ဖိုး
“ဆိုင်ပိတ်ထားပါတယ်၊ အရောင်းအဝယ်လည်းမလုပ်ပါဘူး” လို့ ရန်ကုန်က နိုင်ငံခြားငွေလဲကောင်တာ ဖွင့်လှစ်ထားသူ တစ်ဦးကဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ စျေးကွက်ဖွင့်ရက်မှာ နောက်ထပ်ကမောက်ကမဖြစ်နေတဲ့စျေးကွက်ကတော့ နိုင်ငံခြားငွေလဲလှယ်တာပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်စျေးတွေက တရိပ်ရိပ်ထိုးတက်နေတာပါ။
အထူးသဖြင့် အမေရိကန်တစ်ဒေါ်လာကို ဝယ်စျေး ၃၃၀၀ နဲ့ ရောင်းစျေး ၃၅၀၀၊ အွန်လိုင်းပေါက်စျေး တွေကတော့ အမေရိကန်ငွေ တစ်ဒေါ်လာကို ၃၆၀၀ ကနေ ၄၀၀၀ အထိ စျေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်တော့ မဖြစ်နေဘူးလို့ ငွေလဲကောင်တာတွေကရော စီးပွားရေးလုပ်ငန်းရှင်တွေကပါ ပြောကြပါတယ်။
“ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးမှာဆိုရင် ဒေါ်လာရော၊ ဘတ်စျေးကိုရော ကြည့်ရတော့ ဒီရက်က အရောင်းအဝယ် ချိန်ဆပြီးလုပ်နေရတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ထိုင်းဘတ်စျေးနှုန်းကလည်း (ဘတ်ပေး၊ ကျပ်ယူ) ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၉၇ ကျပ်အထိ စျေးမြောက်နေပါတယ်။
မြန်မာငွေကနေ ဘတ်ငွေလဲမယ်ဆိုရင်တော့(ကျပ်ပေး၊ ဘတ်ယူ) ကျပ်ငွေ တစ်သိန်းပေးမှ ထိုင်းဘတ်ငွေ ၉၄၀ ပြန်ရတာကြောင့် ရောင်းစျေး ဝယ်စျေးမှာ ၃၀ ဘတ်အထိ ကွာဟနေပါတယ်။
အခုလို စျေးကွက်တွေရပ်ထားရာကနေ ဘယ်တော့အရောင်းအဝယ်တွေပြန်လုပ်နိုင်မလဲလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ရာမှာတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အကုန်လုံးပဲ၊ အကုန်လုံးက အခြေအနေကိုစောင့်ကြည့်နေကြတာ” လို့ ပြန်တုံ့ပြန်ဖြေပါတယ်။
ဘဏ်တွေကနေ ငွေပြန်ထုတ်နေကြလား
စျေးကွက်ကသောင်းကနင်းဖြစ်နေချိန်မှာ လူမှုကွန်ရက်မှာ ပျံ့နှံ့ လာတဲ့သတင်းတစ်ခုက ဘဏ်တွေမှာ မြန်မာကျပ်ငွေတွေ အလုအယက်ပြန်ထုတ်ယူနေကြတဲ့လူအုပ်တွေနဲ့ ပြည့်နေပြီဆိုတာပဲ ဖြစ်ပါတယ်။
ရန်ကုန်က ကမ္ဘောဇနဲ့ဧရာဝတီဘဏ်တွေက ဘဏ်ဝန်ထမ်းတချို့ ကတော့ တနင်္လာနေ့ ဖွင့်ရက်လိုပဲဖြစ်လို့ ပုံမှန်ငွေသွင်းငွေထုတ် ပိုရှိကြတဲ့ အခြေအနေပဲရှိတယ်လို့ ပြောကြပါတယ်။
ဘဏ်အနီးအနားနေထိုင်သူတွေကတော့ အာဏာသိမ်းစကလို ဘဏ်တွေကနေ ငွေထုတ်ဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးတွေမရှိနေဘူးလို့ ဆိုပါတယ်။
ပြင်ပဒေါ်လာစျေးကွက်မတည်ငြိမ်တော့တာကြောင့် ပုဂ္ဂလိကဘဏ်တွေက Visa၊ Master ကတ်တွေလို နိုင်ငံခြားငွေထည့်လို့ရတဲ့ဆီမှာ ဒေါ်လာတွေဖြည့်ကြတာတော့ ဒီကနေ့ပိုရှိတယ်လို့ ဘဏ်ဝန်ထမ်းတချို့က အတည်ပြုပါတယ်။
“တစ်ဒေါ်လာကို ၃၀၃၄ ကျပ် ဒီနေ့ပေါက်စျေးရှိတယ်၊ တစ်လကို Visa ၊ Master ထဲကို ဒေါ်လာ တစ်ထောင်ထည့်လို့ရတော့ တော်တော်များများက ဒေါ်လာစျေးပိုတက်လာမှာစိုးလို့ ဒီကနေ့ လာထည့်ကြတယ်။ မြန်မာငွေလာထုတ်တာတော့ သိသိသာသာမများဘူး” လို့ ပုဂ္ဂလိကဘဏ် ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
အခုလို ရွှေ၊ နိုင်ငံခြားငွေတွေမှာ အဓိကလှုပ်လှုပ်ခတ်ခတ်ရှိလာတာဟာ မြန်မာငွေတန်ဖိုးကျဆင်းလာတာကို မီးမောင်းထိုးပြနေတယ်လို့ မြန်မာ့စီးပွားရေးစောင့်ကြည့်သူတွေက ထောက်ပြပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့နောက်ဆက်တွဲ ပြည်သူတွေရဲ့ လူမှုဘဝအပေါ် သက်ရောက်မှု တွေ ဆက်တိုက်ရှိလာနိုင်တယ်လို့လည်း သုံးသပ်ထားကြတာပါ။
နှစ်သောင်းတန်ဂယက် ဘယ်လိုအကျိုးဆက်တွေရှိနိုင်မလဲ
“ဒီထက်ပိုပြီး ငွေကြေးဖောင်းပွမှုက ရှိနိုင်ပါဦးမလား။ အတော်လည်း ကြုံနေကြရပြီလေ”
စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာငွေတန်ဖိုးကျဆင်းလာပြီးဖြစ်တာကြောင့် ထပ်ကြုံရမယ့်အခြေအနေ တွေကို ကြိုတင်ပြင်ဆင်ဖို့ နည်းလမ်းမရှိတော့တဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အခုလို သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းဖြေခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ဆန့်ကျင်ဘက်အမြင်ရှိပါတယ်။
မြန်မာငွေ နှစ်သောင်းတန်အသစ်ဟာ အထိမ်းအမှတ်အဖြစ်သာ အကန့်အသတ်နဲ့ ထုတ်ဝေမှာဖြစ်ပြီး ငွေစက္ကူအဟောင်းတွေနဲ့ တန်ဖိုးတူလဲလှယ်မှာဖြစ်တာကြောင့် ငွေကြေးမဖောင်းပွနိုင်ဘူးလို့ ဗဟိုဘဏ်က ပြောတာပါ။ လူတစ်ဦးကို နှစ်သောင်းတန် ၃ ရွက်သာလဲခွင့်ရှိမှာပါ။
အဲဒီလို လဲလှယ်ထားတဲ့ ဟောင်းနွမ်းငွေစက္ကူတွေကို ဖျက်ဆီးမယ့်စာရင်းထဲထည့်ပြီး ဖျက်ဆီးမှာဖြစ်တာ ကြောင့် ငွေကြေးပမာဏတိုးတက်ဖို့ လုံးဝအခြေအနေမရှိဘူးလို့ ဗဟိုဘဏ်ဘက်ကတော့ အခိုင်အမာပြော ထားပါတယ်။
ဒါအပြင် ဗဟိုဘဏ်က သူတို့ဟာ လက်ရှိမှာ အတန်အသင့်တင်းကျပ်တဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးနေပြီး ဒီလို ငွေကြေးမူဝါဒနည်းလမ်းတွေကြောင့် နိုင်ငံစီးပွားရေးစနစ်ထဲက ဘဏ်တွေမှာ အပ်နှံငွေတိုးလာသလို နိုင်ငံစီးပွားရေးစနစ်ထဲ လှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) တွေ လျော့နည်းကျဆင်းခဲ့တယ်လို့ပြောပါတယ်။
၂၀၂၃ ခုနှစ် ပထမ ၆ လတာကာလ စီးပွားရေး အခြေအနေအပေါ် ကမ္ဘာဘဏ်က ဆန်းစစ်ထားတဲ့ အစီရင်ခံစာတစ်စောင်မှာတော့ ပြည်တွင်း ကုန်ထုတ်လုပ်မှု (GDP)ဟာ အရင်နှစ်ကထက် ၃% လောက် တိုးတက်လာတယ်၊ စားသောက်ကုန်နဲ့ လောင်စာဆီ စျေးမြင့်မှုနှုန်းတွေလည်း လျော့သွားပြီး ငွေလဲနှုန်းတွေ အထိုက်အလျောက် တည်ငြိမ်နေတယ်လို့ ဆိုထားပါတယ်။
ဒါဟာ ကျိုးပဲ့လွယ်သော စီးပွားရေးနလံထူမှုဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီဇူလိုင်လထဲမှာတော့ ငွေစက္ကူအသစ်တွေ ထုတ်မယ့်အကြောင်း စစ်ကောင်စီက ကြေညာလိုက်တဲ့အတွက် မြန်မာ့စီးပွားရေးကို ပိုကျုံ့ လာစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်လာ ကြပါတယ်။
"ပြည်သူတစ်ဦးချင်းက ဝင်ငွေလျော့သွားတော့ သူ့ဝင်ငွေနဲ့လောက်ငအောင် အသုံးစရိတ်တွေ လျော့ချလိုက်တဲ့အခါမှာ အခြားလုပ်ငန်းတွေအပေါ်သက်ရောက်မှုရှိလာပါမယ်”
“ဒီလိုတစ်ယောက်ရိုက်ခတ်မှုက တစ်ယောက်ကိုသွားမယ်၊ နောက်တစ်ယောက်ကိုရိုက်ခတ်မယ်။ ဒီလိုပုံစံနဲ့ နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး မြန်မာ့စီးပွားရေးက ကျုံ့သွားလိမ့်မယ်" လို့ထိုင်းနိုင်ငံရောက် မြန်မာစီးပွားရေးပညာရှင် ကိုမျိုးက ဘီဘီစီကို ပြောထားပါတယ်။
စီးပွားရေးပညာရှင်တွေ အခုခန့်မှန်းထားသလိုမြန်မာ့စီးပွားရေးထပ်ကျုံ့လာခဲ့ရင် ဘယ်အခြေဆိုက်မလဲလို့ စီးပွားရေးလုပ်ငန်းရှင်ကို ဘီဘီစီက ထပ်မေးခဲ့ပါတယ်။
“စီးပွားရေးက ကျုံ့ပြီးသားလေ ဒီထပ်ကျုံ့ရင်လည်း ရပ်ဖို့ပဲရှိပါလိမ့်မယ်” လို့ ခပ်တိုတိုသာ ဘီဘီစီကို ဖြေခဲ့ပါတယ်။