ကုန်စျေးနှုန်း ထပ်ကြီးလာစေမယ့် ဗဟိုဘဏ် ဒေါ်လာစျေး ကိုင်တွယ်မှု

အခုရက်ပိုင်းတွေအတွင်း ဒေါ်လာစျေးတွေ တက်လာတဲ့အပေါ် ထိန်းချုပ်မှု အသစ်အနေနဲ့ ဗဟိုဘဏ်က ဒေါ်လာ အရောင်းအဝယ် Online Trading စနစ်ကို ကြေညာကာ ငွေလဲနှုန်းလည်း ထပ်ပြီး ကန့်သတ်လိုက်ပါတယ်။ ဒါကြောင့်ဒေါ်လာ အရောင်း အဝယ်က မှောင်ခို ပုံစံဖြစ်သွားနိုင်ပြီး အဲဒီကနေတဆင့် ကုန်စျေးနှုန်း တွေဆီကို သက်ရောက်သွားမှာလို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဘဏ္ဍာငွေကြေး စျေးကွက် နားလည်သူတွေက ပြောနေကြပါတယ်။

အမေရိကန် အစိုးရက အာဏာသိမ်း စစ်ကောင်စီကို ဖိအားထပ်‌ပေးဖို့ ရည်ရွယ်ချက် နဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ လိုက် ပါတယ်။

အဲဒီဂယက်က ကျပ်ငွေအပေါ် မယုံကြည်မှုတွေကို တိုးစေကာ မြန်မာ့ငွေကြေး စျေးကွက်မှာ ဒေါ်လာစျေးတွေ ထိုးတက်ခဲ့ပါတယ်။ အရင်က ဒေါ်လာစျေးက ကျပ် ၂,၉၀၀ ဝိုက်မှာပဲ ရှိနေရာကနေ ဇွန်လ ၂၃ ရက်မနက်လောက်မှာ ၃,၁၀၀ ကျပ် တဝိုက် အထိ တက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အမေရိကန် ဆန်ရှင်ချတဲ့ တရက်တည်းမှာပဲ ဗဟိုဘဏ်က ဒေါ်လာအရေးကို ဝင်ရောက် ကိုင်တွယ်ပါတယ်။

လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေအဖို့ သူတို့အဲဒီဘဏ်တွေထဲမှာ အပ်ထားတဲ့ ဒေါ်လာငွေတွေ၊ တခြားပြည်တွင်းဘဏ်တွေမှာ အပ်ထားတဲ့ ဒေါ်လာငွေတွေကို မရွှေ့ ပြောင်းနိုင်‌အောင် ဗဟိုဘဏ်က တားဆီး လိုက်ပါတယ်။

နောက်ပြီး အရင်က တင်ပို့ကုန်က ရငွေ (Export Money) ကို ပြည်တွင်း ဘဏ်တခုခုမှာ အပ်ရပြီး အပ်တဲ့ငွေ ၆၅% က ဗဟိုဘဏ် အဆို တရားဝင်စျေး တဒေါ်လာ ၂၁၀၀ ကျပ်စျေးနဲ့ လဲ၊ ကျန် ၃၅% ကို ကိုယ်ကြိုက်တဲ့ ပေါက်စျေးနဲ့ အပြင် စျေးကွက်မှာ ရောင်းနိုင် တယ် ဆိုတဲ့ စည်းမျဉ်းကို ပြင်ပါတယ်။

၆၅% ကတော့ အရင်စည်းမျဉ်းအတိုင်း ကျပ်ငွေကိုလဲရပါတယ်၊ ကျန် ၃၅% ကို သူတို့ ဗဟိုဘဏ်က သတ်မှတ်တဲ့ စျေးနဲ့ သာ လွှဲပြောင်း ရောင်းဝယ်ပါဆိုပြီး ပြင်လိုက်တာပါ။

ဗဟိုဘဏ်က အခုလောလောဆယ် သတ်မှတ်လိုက်တာက (တင်ပို့ကုန် ရငွေ ၃၅%) တဒေါ်လာကို ၂, ၉၂၂ ကျပ်ပါ။

“အရင်က ၃၅% ကို စျေးကွက်အတိုင်းလွှတ်ပေးထားသေးတာ၊ အခုက ၁၀၀% ကိုင်လိုက်တာလေ၊ အပြင်စျေးကွက်မှာ ပေါက်တာက (တဒေါ်လာ) ကျပ် ၃,၁၀၀ ဆိုတော့ အဲဒီ အဟက ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေက နစ်နာကုန်တာလေ၊ အဲဒီတော့ ဘဏ်က တဆင့် ငွေဝင် ငွေထွက် မလုပ်ကြတော့ဘဲ မှောင်ခိုလမ်းဘက်ကို တွန်းပို့နေတာ” လို့ ကုန်သည် လုပ်ငန်းရှင် တယောက် ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ အဲဒီ အွန်လိုင်းနည်းနဲ့ သူတို့ သတ်မှတ်စျေး အတိုင်း အရောင်းအဝယ်လုပ်ကြတာ ဇွန်လ ၂၂ ရက်တရက်ထဲမှာတင် တဒေါ်လာ ၂၉၂၂ ကျပ် နှုန်း နဲ့ အမေရိကန် ဒေါ်လာ ၈ သန်းဝန်းကျင် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။

ကုန်သည်ကတော့ “ဘဏ်ထဲမှာ ရှိတာ ရွှေ့လို့ မရတဲ့ အတူတူ၊ သူတို့ ပေးတဲ့ စျေးနဲ့ပဲ ရောင်းခဲ့ ကြရတာပေါ့” လို့ ပြုံးရင်း ပြောပါတယ်။

အွန်လိုင်းထရိတ်ဒင်း (Online Trading) စနစ်မှာ ရောင်းဝယ်တဲ့ ငွေလဲနှုန်းဟာ စျေးကွက် ပေါက်စျေးဖြစ်ပြီး ဆိုရှယ်မီဒီယာအပါအဝင် အခြားငွေလဲနှုန်းတွေက တရားမဝင်ဘူးလို့လည်း ဗဟိုဘဏ်က ‌‌ထုတ်ပြန်ထားပါတယ်။

စျေးကွက်ထဲမှာလည်း တရားမဝင် ‌ဒေါ်လာအရောင်းအဝဘ် လုပ်နေကြတဲ့သူတွေလို့ စွပ်စွဲပြီး အဖမ်းအဆီးတွေ များနေတဲ့အပြင် ငွေလဲစျေးက မတည်ငြိမ်တဲ့အတွက် တရားဝင် ငွေလဲ ကောင်တာတွေတောင် ပိတ်သွားတဲ့ အထိဖြစ်နေပါတယ်။

လောလောဆယ်မှာတော့ ဗဟိုဘဏ်ရဲ့ တဒေါ်လာကို ရည်ညွှန်းပေါက်စျေး က ၂,၁၀၀ ကျပ်၊ ပို့ကုန် ရငွေ (၃၅%) အစိတ်အပိုင်းကို ရောင်းနိုင်တာက တဒေါ်လာကို ၂,၉၀၀ ကျပ် တဝိုက်၊ အပြင်ပေါက်စျေးက ၃,၁၀၀ ကျပ် တဝိုက်လို့ ဆိုပြီး ၃ မျိုး ဖြစ်နေဆဲ ပါ။

ဘဏ္ဍာငွေကြေးဆိုင်ရာ အကြံပေးသူ တယောက်က ဒေါ်လာစျေးကို စျေးကွက် အတိုင်း လွှတ်မထားပေးဘဲ “ဝင်ကိုင်တွယ် ထိန်းကျောင်းတာက ပိုပြီး စျေးမ တည်ငြိမ်တာကို ဖြစ်စေတယ်” လို့ ဆိုရင်း “အခုလို ထိန်းတာကို စျေးကွက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ကြည့်ရမှာပဲ၊ ဝင်ကိုင်တာက ရေတိုမှာ Panic (စျေးကွက်အတွင်း ကြောက်လန့်စိုးရိမ်တာ) ဖြစ်စေပြီး ရေရှည်အတွက်လည်း မကောင်းဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တင်ပို့ကုန်တွေကို အများကြီး အားကိုးနေရတဲ့ နိုင်ငံတခုပါ။ စက်သုံး ဆီ၊ ဆေးဝါး၊ အစားအစာ၊ စားသုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ ယာဥ်နဲ့ စက်ပစ္စည်း စတဲ့ ပြည်တွင်းလိုအပ်ချက် အများစုကို နိုင်ငံခြားက တင်သွင်းရပြီး ဒေါ်လာကို တဆင့်ခံ သုံးရတာပါ။

ဒေါ်လာစျေး တက်ရင် ထိုင်းဘတ်ငွေ၊ တရုတ် ယွမ်ငွေ တွေနဲ့ မြန်မာကျပ်ငွေ လဲနှုန်း တွေလည်း အလိုအလျောက် တက်သွားပါတယ်။

“ဒေါ်လာအရောင်းအဝယ်က မှောင်ခို ဆင်းသွားရင် ကုန်ပစ္စည်းတွေ သွင်းဖို့ ဒေါ်လာ ရှာရခက်လာမယ်၊ ခက်လာရင် ဒေါ်လာစျေးကြီးမယ်၊ ဆက်ပြီး ကုန်စျေးနှုန်းက ပိုကြီး သွားမှာပေါ့” လို့ ဘဏ္ဍာငွေကြေးဆိုင်ရာ ကျွမ်းကျင်သူက ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နောက်ဆိုလည်း သူတို့ “ဝင်ပြီး ထိန်းကျောင်းသွားမှာ”လို့ ဆိုထားပါတယ်။