ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သိန်း ၃၀ အထက် ရွှေစျေး၊ တစ်ဒေါ်လာ ကျပ် ၃၆၅၀နဲ့ ဒိုင်ဗင်ထိုးဆင်းလာတဲ့ မြန်မာ့ငွေတန်ဖိုး
ဩဂုတ် ၃၀ရက်ဟာ တစ်နေ့တာအတွင်း ရွှေစျေးရော ဒေါ်လာစျေးပါ စံချိန်တင်တဲ့နေ့အဖြစ် မှတ်တမ်း ဝင်သွားပါတယ်။
ဒီကနေ့ ရွှေစျေးကွက်စအဖွင့်မှာတင် အခေါက်ရွှေဟာ မြန်မာငွေကျပ်သိန်း ၃၀ စွန်းစွန်း ပေါက်စျေး စရှိခဲ့ပါတယ်။
အဲ့ဒီနောက် နာရီနဲ့အမျှ မြန်မာငွေသောင်းဂဏန်းဆီ တရိပ်ရိပ်စျေးတက်လာတာကနေ ညနေစောင်းပိုင်းမှာ တော့ ၃၁ သိန်းကျော်အထိ အမြင့်ဆုံးစျေးနှုန်းကို ရောက်ရှိလာပါတယ်။
ဘီဘီစီအနေနဲ့ ရွှေဆိုင်တွေရဲ့ နောက်ဆုံးရ ရွှေစျေးနှုန်းတွေကို လိုက်လံစုံစမ်းတဲ့အခါမှာတော့ ဒီတစ်ရက်တာ အတွင်းကို အနည်းဆုံး မြန်မာငွေကျပ် ၃သောင်း စျေးတက်တယ်လို့ ပြောကြပြီး ဆိုင်အများစုက အရောင်း ပိတ်ထားကြပါတယ်။
“စျေးက သိန်း ၃၀အထက်ပဲ ပြောလို့ရမယ်၊ ရွှေဝယ်ချင် ဆိုင်လာခဲ့ပါ။ ရွှေတုံးအရောင်းတော့ ပိတ်ထားပါပြီ” လို့ တဂွမ်ဂွမ်မြည်နေတဲ့ ဖုန်းသံတွေကြားကနေ နာမည်ကြီးရွှေဆိုင်ရဲ့ ဖုန်းလက်ခံဖြေကြားသူ ဝန်ထမ်းတစ်ဦးက ပြန်ဖြေပါတယ်။
မနေ့ ဩဂုတ် ၂၉ရက် ညနေပိုင်းအထိကို မြန်မာ့ရွှေစျေးဟာ ၂,၉၀၅,၀၀၀ (နှစ်ဆယ့်ကိုးသိန်းငါးထောင်) သာရှိခဲ့ပါတယ်။
အခုလို ရွှေစျေးကွက်မတည်ငြိမ်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး သြဂုတ် ၂၇ရက်ကတည်းက ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီရဲ့ ရွှေနှင့် ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံချိန်မှာ စျေးကွက်တည်ငြိမ်ဖို့လုပ်ဆောင်မယ့်ကိစ္စတွေထက် သိန်း ၂၀၀ အထက် ရွှေဝယ်ယူမှုတွေကို ဘဏ်စနစ်နဲ့သာ အရောင်းအဝယ်လုပ်ဖို့ အဓိကမှာကြားခဲ့ပြီး နေ့စဉ်ရွှေရောင်းစျေးကို အချိန်နဲ့တပြေးညီ တင်ပြဖို့ပြောခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေကနေ သိရပါတယ်။
မြေပြင်မှာတော့ စစ်ကောင်စီကနေ ရွှေစျေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့ ခေါ်ယူတွေ့ဆုံပြီးနောက်မှ အခုလို တဟုန်ထိုးစျေးတွေတက်လာတာကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ဘာကြောင့် ရွှေစျေးတက်လာရတာလဲ
ဒီလို ရွှေစျေးတွေ တရကြမ်း အတက်ကြမ်းလာတာဟာ ဒီရက်ပိုင်းအတွင်း ဒေါ်လာစျေး သိသိသာသာ တက်လာတာကြောင့်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။
ရွှေအသင်းရဲ့ အကယ်ဒမီမီးလင်းရွှေအပိတ်ရည်ညွှန်းစျေးဟာ ကျပ်သိန်းနှစ်ဆယ် သုံးသောင်း နှစ်ထောင်သာ ရှိပေမဲ့ အပြင်စျေးကွက်မှာတော့ သိန်း ၃၀ကျော်အထိ ပေါက်စျေးရှိလာတဲ့အပေါ် ရွှေလုပ်ငန်းရှင်အသင်း ဘက်က တစုံတရာ ဆောင်ရွက်ဖို့ရှိပါသလားလို့ မေးမြန်းခဲ့ပါတယ်။
“ဘာမှလုပ်မရတော့ဘူး၊ ကမ္ဘာ့ရွှေစျေးက အခုကျနေတယ်။ အရင်ကဆို ကမ္ဘာ့ရွှေစျေးကျရင် မြန်မာ့ရွှေ စျေးလိုက်ကျပေမဲ့ အခုကတော့ ပြည်တွင်းမှာ ဒေါ်လာစျေးက တအားတက်နေလေ။ ဒါကအဓိကပဲ” လို့ ဦးမျိုးမြင့်က သူ့အမြင်ကို အခုလို ပြန်ဖြေပါတယ်။
ဒေါ်လာစျေးကွက်အခြေအနေကို ကြည့်ရရင်လည်း အခု ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃၆၅၀ ကျပ်အထိ စျေးတက်လာပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်လာရောင်းစျေး ၃၃၇၀ကျပ်ရှိခဲ့တာကနေ ညနေပိုင်းမှာတော့ ငွေကျပ် ၃၀၀ စျေး ခုန်တက်လာပြီး တစ်ဒေါ်လာကို မြန်မာငွေအနည်းဆုံး ၃၆၀၀ ပေါက်စျေး ရှိလာခဲ့တာပါ။
ဒါကြောင့် အမေရိကန်ဒေါ်လာစျေးဟာလည်း ဒီကနေ့ဩဂုတ် ၃၀ရက်မှာ သမိုင်းတလျှောက်စံချိန်တင် အများဆုံးစျေးတက်လာတာဖြစ်ပြီး မြန်မာငွေတန်ဖိုး ဒိုင်ဗင်ထိုးကျဆင်းနေမှုကို မီးမောင်းထိုးပြနေတယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြထားကြပါတယ်။
မြန်မာငွေကြေးအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းလာမှုကြောင့် ခိုင်မာမှုရှိတဲ့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးတွေကို စိုးရိမ်စိတ်နဲ့ တပြိုင်နက်ဝယ်ယူမှုတွေ ကြောင့် အခုလိုအခြေအနေကို ဦးတည်လာစေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကနေ စျေးကွက်ထဲမှာ စီးဆင်းနေတဲ့ ဒေါ်လာတွေကို ထိန်းချုပ်ထားတာ၊ ပို့ကုန်သွင်း ကုန်သမားတွေကို အမေရိကန်ဒေါ်လာ လိုသလောက်ထုတ်မရောင်းပေးတဲ့ ချုပ်ထိန်းမှုများတဲ့ စနစ်တွေကြောင့်လည်း သက်ရောက်မှုအများစုရှိစေခဲ့တာလို့ ပညာရှင်တွေက ပြောကြပါတယ်။
“အာဏာပိုင်တွေ ဘာလုပ်ဖို့လိုပြီလဲ။ cash flow (ငွေကြေးစီးဆင်းမှု) ဘယ်လိုရှိလဲဆိုတာကို အခုနောက်ပိုင်း ပွင့်လင်းမြင်သာစွာမသိရတာ အချိန်တစ်ခုကြာနေပြီ။ ဗဟိုဘဏ်ဘက်က ဒေါ်လာထုတ်ရောင်းပေးတာလည်း မတွေ့တော့ဘူး။”
“တကယ်လို့ ဒေါ်လာလိုသူတွေကို ရောင်းပေးမယ်ဆိုရင် မြန်မာငွေကို ယုံကြည်မှု ပြန်ရလာမယ်ဆိုရင် ပြန်ပြီး စျေးကျနိုင်ပါမယ်။ အခုအခြေအနေက အလွန်ကြောက်စရာကောင်းနေတယ်” လို့ စီးပွားရေးပညာရှင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် တရှိန်ထိုး ဒေါ်လာ၊ ရွှေစျေးတက်နေမှုတွေကို အချိန်မီမထိန်းချုပ်နိုင်ပါက လုပ်ငန်းရှင်တွေ သာမက အလုပ်သမား၊ အခြေခံလူထုတွေမှာပါ အထွေထွေစီးပွားရေး အကြပ်အတည်းကို ပိုပြီးရင်ဆိုင်ရဖွယ်ရှိနေပြီ လို့ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။