ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟူသီဆိုတာ ဘယ်သူတွေလဲ၊ ပင်လယ်နီမှာ သင်္ဘောတွေကို ဘာကြောင့်ပစ်ခတ်တာလဲ
ယီမင်နိုင်ငံရဲ့နေရာအတော်များများကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက အစ္စရေးနိုင်ငံကိုဦးတည်တဲ့ ပင်လယ်နီထဲက သင်္ဘောတွေအားလုံးကို ပစ်မှတ်ထားသွားမယ်လို့ သတိပေးလိုက်ပါတယ်။
နိုဝင်ဘာလတုန်းကတော့ ဟူသီတပ်ဖွဲ့တွေဟာ အစ္စရေးပိုင်ဆိုင်မှုနဲ့ ဆက်နွှယ်တဲ့ ကုန်တင်သင်္ဘော တစ်စင်းကို ပင်လယ်နီထဲမှာပဲ ပြန်ပေးဆွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်းမှာ သူတို့ဟာ တခြားကုန်သွယ်သင်္ဘောတွေ အတော်များများကိုလည်း ဒုံးကျည်တွေနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဟူသီဟာ အစ္စရေးပစ်မှတ်တွေကို ဘယ်လို တိုက်ခိုက်ထားလဲ
အောက်တိုဘာလ ၁၉ ရက်မှာ ဂါဇာမှာ အစ္စရေးရဲ့လက်တုံ့ပြန် စစ်ဆင်ရေးစတင်ပြီးနောက်မှာပဲ ဟူသီသူပုန်တွေဟာ အစ္စရေးကိုဦးတည်တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အတော်များများကို ပစ်လွှတ်ခဲ့ပါတယ်။
အမေရိကန်ကတော့ ပင်လယ်နီထဲက သူတို့ရဲ့စစ်သင်္ဘောတွေဟာ အဲဒီဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့ပြီး တခြားကျည်တွေကတော့ ပင်လယ်နီထဲမှာ ဒါမှမဟုတ် အီဂျစ်ပိုင်နက်ထဲကို ကျခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဟူသီသူပုန်တွေဟာ သူတို့အပြောအရ အစ္စရေးကုန်တင်သင်္ဘောတစ်စီးကို ပင်လယ်နီထဲမှာ သိမ်းပိုက်ခဲ့ပြီး အဲဒီသင်္ဘောကို ယီမင်နိုင်ငံကမ်းလွန်က နေရာတစ်ခုကို ယူဆောင်သွားခဲ့ပါတယ်။
အစ္စရေးဘက်ကတော့ အဲဒီသင်္ဘောဟာ သူတို့ အပိုင်မဟုတ်ဘူးလို့ပြောသလို သင်္ဘောသားတွေထဲမှာလည်း အစ္စရေးနိုင်ငံသားတွေ မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အတည်မပြုနိုင်တဲ့သတင်းတွေမှာတော့ အဲဒီသင်္ဘောဟာ အစ္စရေးပိုင်ရှင်တစ်ဦးဦး ပိုင်ဆိုင်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ကတည်းက ဟူသီသူပုန်တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ ယီမင်ကမ်းခြေနဲ့ကပ်လျက်နေရာကနေ ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေအတော်များများကို ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်၊ ဗြိတန်နဲ့ ပြင်သစ် စစ်သင်္ဘောတွေဟာ အဲဒီကျည်အတော်များများကို ကြားဖြတ်ဟန့်တားခဲ့ပေမဲ့ သင်္ဘောအရေအတွက်အတော်များများ ထိမှန်ခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးပင်လယ်ကူးသင်္ဘောကုမ္ပဏီ မြေထဲပင်လယ်ရေကြောင်းကုန်သွယ်ကုမ္ပဏီ (Mediterranean Shipping Company)ကတော့ သူတို့ရဲ့ရေယာဥ်တွေကို ပင်လယ်နီနဲ့ဝေးရာကနေ လမ်းကြောင်းပြောင်း ခုတ်မောင်းနေပြီလို့ ပြောပါတယ်။ ဒါကြောင့် ပြင်သစ်ကုမ္ပဏီ CMA CGM၊ ဒိန်းမတ်သင်္ဘောကုမ္ပဏီ Maersk၊ ဂျာမနီ ကုမ္ပဏီ Hapag-Lloyd နဲ့ ရေနံကုမ္ပဏီ BP တို့လည်း အလားတူဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့စစ်ဘက် စစ်ဆင်ရေးတွေကို စီမံတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးရုံး(Centcom)ကတော့ ‘‘ယီမင်နိုင်ငံထဲက ဟူသီ သူပုန်တွေပစ်ခတ်တဲ့ဒီတိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံကနေ အပြည့်အဝ ထောက်ကူထားတာတွေပါပဲ’’ လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဟူသီတွေရဲ့နောက်ထပ်တိုက်ခိုက်မှုတွေကနေ ကုန်သွယ်ရေကြောင်းသင်္ဘောတွေကို ကာကွယ်နိုင်အောင် ရေတပ်လုပ်ငန်းတပ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။
ဟူသီ သူပုန်တွေက ဘယ်သူတွေလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲ
ဟူသီတွေဟာ ယီမင်က လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရှီယာမွတ်စလင် လူနည်းစုဖြစ်တဲ့ ဇိုင်ဒီ ကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ သူတို့အမြင်အရ အဂတိလိုက်စားတယ်ဆိုတဲ့ အလီ အက်ဘ်ဒူလာ ဆာလကို တိုက်ခိုက်ဖို့ ၁၉၉၀ ပြည့်နှစ်တွေမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ သူတို့လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဟူစိန် အယ်လ် ဟူသီရဲ့ နာမည်ကိုယူပြီး အဖွဲ့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ အန်ဆာ အလာ ဒါမှမဟုတ် ဘုရားသခင်ရဲ့သာဝကတွေလို့ ခေါ်ကြပါတယ်။
၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့အီရတ်ကျူးကျော်မှုဖြစ်ပြီးတဲ့နောက်မှာ ဟူသီအဖွဲ့ဟာ ‘‘ဘုရားသခင်က ကြီးမြတ်တယ်။ အမေရိကန် သေဆုံးရမယ်။ အစ္စရေး သေဆုံးရမယ်။ ဂျူးတွေအတွက် ကျိန်စာဖြစ်ရမယ်။ အစ္စလာမ်အတွက် အောင်ပွဲဖြစ်ရမယ်’’ ဆိုတဲ့ဆောင်ပုဒ်ကို ကျင့်သုံးခဲ့ကြပါတယ်။
သူတို့ဟာ အစ္စရေး၊ အမေရိကန်နဲ့ အနောက်ကမ္ဘာကို ဆန့်ကျင်ဖို့ အီရန်ဦးဆောင်တဲ့ ‘‘တော်လှန်ဝင်ရိုး’’အဖွဲ့မှာ ဟားမတ်စ်အဖွဲ့၊ ဟစ်ဇ်ဘိုလာအဖွဲ့တို့နဲ့အတူ တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။
ဒါကပဲ ဟူသီတွေဟာ ပင်လယ်ကွေ့မှာ အစ္စရေးကိုဦးတည်တဲ့သင်္ဘောလမ်းကြောင်းကို အခု ဘာကြောင့် တိုက်ခိုက်နေလဲဆိုတာပေါ်လွင်နေတယ်လို့ ဥရောပ ငြိမ်းချမ်းရေး အင်စတီကျူ့က ယီမင်ရေးရာ ကျွမ်းကျင်သူ ဟီရှမ် အယ်လ် အမေစီက ပြောပါတယ်။
‘‘အခု သူတို့က နယ်ချဲ့သူတွေကို တိုက်နေတယ်။ အစ္စလာမ်နိုင်ငံရဲ့ရန်သူတွေကို တိုက်နေတယ်’’ လို့ သူကပြောပြီး ‘‘ဒါက သူတို့လမ်းစဥ်နဲ့လည်း ကောင်းကောင်း ထင်ဟပ်နေတယ်’’ လို့ ပြောပါတယ်။
ဟူသီတွေ ယီမင်နိုင်ငံ့နေရာအတော်များများကို ဘယ်လိုသိမ်းယူခဲ့ကြလဲ
ဟူသီအဖွဲ့ဟာ သမ္မတ အလီ အက်ဘ်ဒူလာ ဆာလ အပြီးဆက်ခံတဲ့ သမ္မတ အက်ဘ်ဒဘရာ မန်ဆော ဟာဒီကို ဆန့်ကျင်ရင်း ဦးထောင်လာတဲ့အခါ ၂၀၁၄ ခုနှစ်မှာ ယီမင်မှာ နိုင်ငံရေးအင်အား အခိုင်အမာရခဲ့ပါတယ်။
သူတို့ရဲ့ အရင် ရန်သူဟောင်း သမ္မတဟောင်း ဆာလနဲ့ သဘောတူညီချက်ရရှိပြီးတဲ့နောက်မှာတော့ သူ့ကို အာဏာပြန်ပေးဖို့ ဟူသီတွေ ရည်ရွယ်ခဲ့ကြပါတယ်။
သူတို့ဟာ ၂၀၁၅ ခုနှစ်အစောပိုင်းမှာ ယီမင်နိုင်ငံမြောက်ပိုင်းက ဆာ့ဒါးပြည်နယ်ကို ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီး မြို့တော် ဆန်နာကိုလည်း သိမ်းပိုက်ခဲ့တာကြောင့် သမ္မတဟာဒီလည်း ပြည်ပကို ထွက်ပြေးတဲ့အထိဖြစ်ခဲ့ပါတယ်။
ယီမင်ရဲ့အိမ်နီးချင်း ဆော်ဒီအာရေးဗျနိုင်ငံကတော့ ဟူသီတွေကို တိုက်ထုတ်ပြီး သမ္မတ ဟာဒီကို အာဏာပြန်လည်ခန့်အပ်နိုင်ဖို့ စစ်ရေးအရ ကြားဝင်ခဲ့ပါတယ်။ အဲဒီအစီအစဥ်ကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နဲ့ ဘာရိန်းနိုင်ငံတို့ကလည်း ကျောထောက်နောက်ခံပြုခဲ့ပါတယ်။
ဟူသီတွေဟာ ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ယီမင်နိုင်ငံရဲ့နေရာအတော်များများကို ဆက်ပြီး ထိန်းချုပ်နေပါတယ်။
ဒါပေမဲ့ အလီ အက်ဘ်ဒူလာ ဆာလက ဆော်ဒီတွေနဲ့ ပူးပေါင်းဘက်ပြောင်းဖို့ ကြိုးပမ်းတဲ့အခါ ဟူသီတွေဟာ ၂၀၁၇ ခုနှစ်မှာ သူကို သတ်ခဲ့ပါတယ်။
ဟူသီ သူပုန်တွေကို ဘယ်သူတွေ ကျောထောက်နောက်ခံပေးထားလဲ
ဟူသီသူပုန်တွေဟာ လက်ဘနွန်နိုင်ငံထဲက ရှီယာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာလို သူတို့ကိုယ်သူတို့ ပုံစံယူပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ကို ၂၀၁၄ ခုနှစ်ကတည်းက စစ်ဘက်ရေးရာနဲ့ သင်တန်းပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့နေတယ်လို့ အမေရိကန်သုတေသန အင်စတီကျူ အကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ(Combating Terrorism Center)က ပြောပါတယ်။
ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေးဗျနိုင်ငံက သူတို့ရဲ့ ဘုံရန်သူဖြစ်တာကြောင့် အီရန်ကို မဟာမိတ်အဖြစ် မှတ်ယူပါတယ်။
အီရန်ဟာ ဟူသီသူပုန်တွေကို လက်နက်တွေနဲ့ ထောက်ပံ့နေတယ်လို့ သံသယဝင်ခံထားရပါတယ်။
အမေရိကန်နဲ့ ဆော်ဒီအာရေးဗျကတော့ အီရန်နိုင်ငံဟာ ဆော်ဒီမြို့တော် ရီယတ်ကို ဟူသီအဖွဲ့က ပစ်ခတ်ခဲ့ပေမဲ့ ပစ်ချနိုင်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောက်ပံ့ပေးနေတယ်လို့ ပြောပါတယ်။
ဆော်ဒီရဲ့ ရေနံတူးစင်နေရာတွေကို ၂၀၁၉ ခုနှစ်မှာ တိုက်ခိုက်ဖို့ ဟူသီအဖွဲ့က အသုံးပြုခဲ့တဲ့ ဒရုန်းတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်အဖွဲ့က ထောက်ပံ့မှုအတွက် အပြစ်ဖို့ခဲ့ပါတယ်။
ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေးဗျ နိုင်ငံထဲကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ထောင်နဲ့ချီကို ပစ်ခတ်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံထဲက ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ဒီလက်နက်တွေကို ထောက်ပံ့တာဟာ ကုလသမဂ္ဂရဲ့ လက်နက်ဆိုင်ရာ ပိတ်ပင်မှုကို ချိုးဖောက်ရာရောက်ပါတယ်။ အီရန်ကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။
ဟူသီသူပုန်တွေ ဘယ်လောက်အင်အားကြီးလဲ၊ ယီမင်ကို ဘယ်လောက်အထိ ထိန်းချုပ်ထားလဲ
ယီမင်မှာ သမ္မတ အက်ဘ်ဒဘရာ မန်ဆော ဟာဒီကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ အာဏာပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တရားဝင်အစိုးရဟာ သမ္မတရေးရာခေါင်းဆောင်မှုကောင်စီဖြစ်ပါတယ်။ အဲဒီကောင်စီဟာ ဆော်ဒီအာရေးဗျမြို့တော် ရီယတ်မှာ အခြေစိုက်ပါတယ်။
ဒါပေမဲ့ ယီမင်လူဦးရေအများစုဟာ ဟူသီထိန်းချုပ်နဲ့နယ်မြေတွေမှာ နေထိုင်ပြီး အဲဒီအဖွဲ့ဟာ နိုင်ငံမြောက်ပိုင်းမှာ အခွန်ကောက်ခံသလို ငွေကြေးကိုလည်း ရိုက်နှိပ်ထုတ်ဝေပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ၂၀၁၀ မှာ ဟူသီဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လက်နက်မဲ့ ထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နောက်လိုက်နောက်ပါ ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ ကြား ဟူသီမှာရှိတယ်လို့ ပြောတဲ့ဟူသီလှုပ်ရှားမှုအရေးကျွမ်းကျင်သူ အာမက် အယ်လ် ဘာရီကို ကိုးကား ပြောဆိုပါတယ်။
ဟူသီသူပုန်အဖွဲ့က စုဆောင်းထားတဲ့ လူငယ်အဖွဲ့ဝင် ၁,၅၀၀ နီးပါး ၂၀၂၀ ပြည့်နှစ်မှာ သေဆုံးခဲ့ပြီး နောက်ထပ်ရာနဲ့ချီတဲ့အဖွဲ့ဝင်တွေလည်း ၂၀၂၁ ခုနှစ်မှာ သေဆုံးခဲ့တယ်လို့ပြောပါတယ်။
ဟူသီ သူပုန်တွေဟာ ပင်လယ်နီကမ်းခြေတစ်လျှောက်နေရာအတော်များများကို ထိန်းချုပ်ထားပြီး အဲဒီကနေ သင်္ဘောလမ်းကြောင်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
မစ္စတာ ဟီရှမ် အယ်လ် အမေစီကတော့ ဒီတိုက်ခိုက်မှုတွေဟာ လက်ရှိမှာ ဟူသီအဖွဲ့က ဆော်ဒီအာရေးဗျနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်နိုင်အောင် အထောက်အကူဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
‘‘အလျှော့ပေးချက်တွေဖြစ်လာအောင် ဆော်ဒီအပေါ်မှာ ပိုပြီး ဖိအားပေးဖို့ ဘတ်တ် အယ်လ် မန်ဒပ်နဲ့ ပင်လယ်နီရေလက်ကြားတွေကို သူတို့တကယ် ပိတ်လိုက်နိုင်တယ်ဆိုတာကို ဆော်ဒီကို ပြသတာ’’ လို့ သူက ပြောပါတယ်။