ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေးဖြေရှင်းရာမှာ ညီညွတ်ဖို့ အာဆီယံအလှည့်ကျ အင်ဒိုနီးရှားပြော
မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အတွင်း ညီညွတ်မှုဟာ အရေးပါတဲ့အကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဘက်က ပြောလာပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာမှာ ၂ ရက်ကြာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကို ဦးဆောင်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်(တ)နို မာဆုဒီက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာ့အရေးအဖြေရှာဖို့ အဖွဲ့ဝင်နိုင်ငံတွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်(5PC)ဟာ အာဆီယံအတွက် အထူးသဖြင့် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအတွက် မြန်မာ့အရေးဖြေရှင်းရာမှာ စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲ အပြီးမှာ သတင်းထောက် တွေကို ပြောထားပါတယ်။
မနေ့က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများညှိနှိုင်းရေးကောင်စီအစည်းအဝေးမှာတော့ မြန်မာ့အရေး သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ တွန်းအားပေးဆွေးနွေးခဲ့ကြပါတယ်။
အခု အာဆီယံက တိုက်တွန်းနေတဲ့ အားလုံးပါတဲ့ဆွေးနွေးပွဲဆိုတာစစ်တပ်လည်း ပါရမယ့်ဆွေးနွေးပွဲလို့နားလည်ရပါတယ်။
‘‘ထိတွေ့ဖို့၊ ညှိနှိုင်းဖို့ ကြိုးစားတဲ့ကိစ္စကို ကျွန်တော်တို့က အဆိုးမဆိုလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်က ညှိနှိုင်းလို့ မရရင် ဘာဆက်လုပ်မှာလဲပေါ့။ စစ်အုပ်စုရဲ့ သဘောထားကတော့ အခုပေါ်လွင်နေပါပြီ။ ၊ ဘယ်သူတွေရဲ့သဘောထား၊ ဘယ်သူတွေရဲ့ဖြောင်းဖျမှုကိုမှ လက်မခံဘဲ နောက်ထပ် ၆ လ သက်တမ်းတိုးပြီး သူတို့ရည်မှန်း ထားတဲ့ အာဏာတည်မြဲရေးကိုပဲ ဆက်သွားမယ့် အနေအထားကိုလည်း အားလုံးတွေ့ပြီးဖြစ်ပါတယ်။ အဲဒီ အခါ တိကျသေချာတဲ့ လုပ်ဆောင်ချက်ခြေလှမ်းတွေ ရှိဖို့ အာဆီယံအနေနဲ့ စဥ်းစားထားဖို့တော့ လိုမယ်’’ လို့ NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာအကြမ်းဖက်တွေကိုလျှော့ချပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ခွင့်ပြုမယ်ဆိုရင် ဆွေးနွေးပွဲတွေ စတင်နိုင်တဲ့ အဓိကအချက်ဖြစ်လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောထားပါတယ်။
အခုသီတင်းပတ် အစောပိုင်းကတော့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အင်ဒိုနီးရှားထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးကို မြန်မာကိုစေလွှတ်ဖို့ရှိတယ်လို့ ပြောထားပါတယ်။
တစ်နှစ်တစ်ခါပြောင်းတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာအတွက် အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အခုနှစ်အတွင်း ပထမဆုံးပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာလည်း မြန်မာ ကိုယ်စားပြုဖို့ နိုင်ငံရေးရာထူးမယူထားသူ အရာရှိတစ်ဦးကိုပဲ အစည်းအဝေး တက်ရောက်ဖို့ စစ်ကောင်စီဘက်ကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်သူ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကတော့ မြန်မာ့အရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို အိမ်နီးချင်း ထိုင်းနိုင်ငံက ကမကထ ပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပြင် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ တက်ရောက်ခဲ့ပေမဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံတို့ကတော့ မတက်ရောက်ခဲ့ကြပါဘူး။
မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ရှုတ်ချပြောဆိုကြတဲ့နိုင်ငံတွေဖြစ်ပေမဲ့ ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ မြန်မာအရေးနဲ့ပဲ လုံးပမ်းနေရတာမျိုး မဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အရေးပေါ် အခြေအနေ ကြေညာပြီး သက်တမ်း ၆ လ ထပ်တိုးထားချိန်မှာ အာဆီယံအနေနဲံ မြန်မာ့အရေးအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းခက်ခက်တွေကို ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။