လူဝင်မှုဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ယူကေ နိုင်ငံတလွှား ပေါ်ပေါက်လာလို့ အစိုးရ အရေးပေါ် အစည်းအဝေး ခေါ်ယူ

ဗြိတိနိုင်ငံမှာ တိုင်းပြည်ထဲ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို မလိုလားတဲ့ လူဝင်မှု ဆန့်ကျင်ရေး အခြေခံ အကြမ်းဖက်မှုတွေ ဆက်တိုက် ပေါ်ပေါက်လာနေတဲ့ အတွက် ဘယ်လို ဘယ်ပုံ ကိုင်တွယ်ကြမလဲ ဆိုတာကို ဗြိတိသျှ အစိုးရက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အစိုးရကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရဲ အပါအဝင် ဥပဒေစိုးမိုးရေး ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ အကြီးအကဲတွေ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ “ကော်ဘရာ အရေးပေါ် အစည်းအဝေး” ကို လေဘာဝန်ကြီးချုပ် ကီယာ စတာမာ ခေါ်ယူရတဲ့အထိ ယူကေတလွှား အခြေအနေတွေ ဆိုးရွားနေခဲ့ပါတယ်။

အင်္ဂလန်နဲ့ မြောက်အိုင်ယာလန် တလွှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စလာမ်ဘာသာရေး ဗလီဝတ်ကျောင်းတော်တချို့ တိုက်ခိုက်ခံခဲ့ရသလို၊ ဗြိတိန်ထဲ ခိုလှုံခွင့် တောင်းခံထားသူတွေကို ခေတ္တ နေရာချထား ပေးတဲ့ ဟိုတယ်တွေပါ ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရပါတယ်။

ဒါ့အပြင် စျေးဆိုင်တချို့ လုယက် ခံရတာမျိုး၊ ရဲတပ်ဖွဲ့ဝင်တွေ အုတ်ခဲနဲ့ ပစ်ပေါက်ခံရတာမျိုးတွေလည်း ပေါ်ပေါက် လာခဲ့ပါတယ်။

ဆောက်သ်ပို့(ထ) ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာ မိန်းကလေး ကလေးငယ် ၃ ဦး သတ်ဖြတ် ခံခဲ့ရတာကစလို့ အခုလို နောက်ဆက်တွဲ အုံကြွလာတာ ဖြစ်ပါတယ်။

လူ အစုလိုက် အပြုံလိုက်ကို ဓားနဲ့ထိုး တိုက်ခိုက်ခဲ့သူဟာ ရွှေ့ပြောင်း ဝင်ရောက်လာသူ ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ အွန်းလိုင်းကနေ တဆင့် ပြန့်သွားရာက အခုလို လူဝင်မှုဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အခြေအနေတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကော်ဘရာ အစည်းအဝေးမှာ သဘောတူညီချက်တွေ ရလာနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။

ဝန်ကြီးချုပ် သုံးစွဲတဲ့ ဝေါဟာရ အရ Standing Army လို့ ခေါ်တဲ့ အထူးတပ်ဖွဲ့ တစ်ရပ် နေရာချမယ်လို့ ဆိုပါတယ်။ နိုင်ငံတွင်း ပေါ်ပေါက်နေတဲ့ ဆူပူမှု၊ အကြမ်းဖက်မှု၊ မငြိမ်သက်မှုတွေကို ကိုင်တွယ်ဖို့ရာ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်ကြသူ အရာရှိတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ ထားရှိမယ့် အကြောင်း ဝန်ကြီးချုပ် စတာမာက ထုတ်ဖော် ပြောဆိုပါတယ်။

အဲဒီ Standing Army ဆိုတာ တိတကျ ဘယ်လို နားလည်နိုင်လဲ၊ ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့မှာလဲ ဆိုတဲ့ အသေးစိတ်တွေကိုတော့ ဝန်ကြီးချုပ်က မပြောပါဘူး။ လက်ရှိ ဆူပူမှုတွေဟာ တရားဥပဒေစိုးမိုးမှု ပျက်ပြားအောင် ပြုမူနေတယ် ဆိုပြီးတော့သာ ပြစ်တင်ရှုတ်ချပါတယ်။

“အခုလုပ်နေကြတာတွေဟာ ဆန္ဒပြနေကြတာ မဟုတ်ဘူး။ အကြမ်းဖက် နေကြတာသာ ဖြစ်တယ်” လို့ ဝန်ကြီးချုပ်စတာမာက ဆိုပါတယ်။ သူဦးဆောင်တဲ့ အစိုးရဟာ ကျူးလွန်သူတွေ အားလုံး တစ်ယောက်မှ မကျန် ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။

ယောက်ရှိုင်းယားတောင်ပိုင်းနယ် ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေ အတွင်း ဆူပူမှူတွေမှာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ တခါ၊ လစ်ဗာပူးမြို့ ပါဝင်တဲ့ မာဆီးဆိုက်ဒ် နယ် ရဲတပ်ဖွဲ့ကလည်း သးတို့ တပ်ဖွဲ့ဝင်တွေဟာ ပစ္စည်း အမျိုးမျိုးနဲ့ ပစ်ပေါက် တိုက်ခိုက်တာ ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် လက်တွေ့ ဘာတွေ လုပ်ဆောင်ကြမလဲ ဆိုတာကို ကော်ဘရာ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် စတာမာ ပြောတဲ့ အထူးတပ်ဖွဲ့ နေရာချမယ် ဆိုတာအပြင် ရာဇဝတ်ပြစ်မှုမြောက်တဲ့ အပြုအမူတွေကို မြေပြင် အပြင်လောကမှာသာမက အွန်လိုင်းပေါ်မှာပါ ထိန်းချုပ်နိုင်ဖို့ လိုကြောင်း ကော်ဘရာ အစည်းအဝေးကနေ သဘောတူခဲ့ကြတယ်လို့ နားလည်ရပါတယ်။

အင်တာနက် အွန်လိုင်းပေါ်မှာ ရာဇဝတ်မှု ကျူးလွန်နေရင်လည်း အပြင်က လူတွေကို အရေးယူသလိုမျိုး အရေးယူနိုင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။ သူ့ရဲ့ ပြည်ထဲရေးဝန်ကြီး အီဗက်ကူးပါးကလည်း ဆူပူအုံကြွသူတွေ၊ အကြမ်းဖက်သူတွေဟာ သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတိုင်း အတိတကျ ပြန်လည် ပေးဆပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာကို ဖမ်းဆီးထားသူပေါင်း အယောက် ၂၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွေကြောင့် မွတ်ဆလင်မ် အသိုင်းအဝိုင်းအနေနဲ့ အိမ်ပြင်ထွက်ဖို့တောင် ကြောက်ရွံ့နေကြတယ်လို့ မစ်ဒဲလ်စ်ဘရာမြို့ အယ်လ်-မဒီနာ ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်ဆရာ နာဂျာဘတ် ရမ်ဇန်က ဆိုပါတယ်။ အဲဒီမြို့မှာ ကားတွေ မီးတင်ရှို့ ခံခဲ့ရသလို၊ နေအိမ်တွေရဲ့ ပြတင်းမှန်တံခါးတွေ ရိုက်ခွဲခံရတာမျိုး၊ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာမျိုးတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဆူပူမှု၊ လုယက်ဖျက်စီးမှု၊ ဖောက်ထွင်း ဝင်ရောက်မှုတွေကြောင့် နိုင်ငံအနှံ့ ဖမ်းဆီးထားသူတွေထဲက တချို့ကို သက်ဆိုင်ရာ နယ်မြေတွေက တရားရုံးတွေမှာ စတင် ရုံးထုတ်လာပါတယ်။ အစောဆုံး စစ်ဆေးခဲ့တဲ့ အမှုတွေထဲမှာ လစ်ဗာပူးမြို့ ဒေသန္တရ စုပေါင်း ရိပ်သာတစ်ခုထဲ ဖောက်ထွင်း ဝင်ရောက်ခဲ့မှုနဲ့ အသက် ၂၈ နှစ် အရွယ် အဒမ်ဝါတန် ဆိုသူကို ဖမ်းဆီး ရုံးတင်တဲ့ အမှုလည်း ပါဝင်ပြီး၊ အဲဒီသူက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ထောင်ဒဏ်အထိ ကျခံနိုင်ရတယ်လို့ အဒမ်ဝါတန် သတိပေးခံရပြီး၊ အမိန့်ကိုတော့ တရားရုံးက အခုလ အကုန်ပိုင်းလောက်မှာ ချမှတ်မယ်ဆိုပြီး ရက်ချိန်းပေးထားပါတယ်။

ဆူပူအုံကြွမှုတွေ ဖြစ်နေတဲ့ ယူကေကို ခရီးမသွားဖို့ နိုင်ငံတချို့က သူတို့ နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လာပါတယ်။ သတိပေးချက် ထုတ်တဲ့ နိုင်ငံတွေထဲ မလေးရှားနဲ့ နိုင်ဂျီးရီးယားတို့က အစောဆုံး ဖြစ်တာ တွေ့ရပါတယ်။