ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တော်လှန်ရေးလောကဓံကစားကွင်းထဲက ရှေ့တန်း တိုက်စစ်မှူး အိမ်ရှင်မတွေ
မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ကြရင်း ခင်ပွန်းသည်တွေ ဆုံးပါးခဲ့ကြလို့ အိမ်ထောင် ဦးစီးမဲ့အမျိုးသမီးတွေ ပိုတိုးလာတာကို အမျိုးသမီးအရေးကူညီတဲ့အဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေအရ တွေ့လာရပါတယ်။
အားကိုးရာခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ပေမဲ့ ရုန်းကန် ရှင်သန်ရပ်တည်နေကြတဲ့ နယ်ပယ်စုံကအမျိုးသမီးတွေဟာ လူမှုဘဝတွေကြားထဲမှာ မေ့ပျောက်ခံလူသားတွေ ဖြစ်နေတယ်လို့လည်း ထောက်ပြလာကြပါတယ်။
တော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး မြန်မာမှာ အရပ်အပြောအသုံးအနှုန်းဖြစ်တဲ့ 'မုဆိုးမ'ဘဝကို နေ့ချင်းညချင်းရောက်ခဲ့ရတဲ့ အမျိုးသမီး ၃ ဦးနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ခင်ပွန်းသည်တွေ ဆုံးပါးခဲ့ကြတဲ့ တော်လှန်ရေးလောကဓံကစားကွင်းထဲက ရှေ့တန်းတိုက်စစ်မှူး အိမ်ရှင်မတွေ သူတို့ နေ့စဥ်ဘဝကိုဘယ်လို ဖြတ်ကျော်နေကြလဲ။
တော်လှန်ရေးခေါင်းဆောင်ရဲ့ဇနီး ဘဝကနေ သားနှစ်ယောက်မိခင် မုဆိုးမ ဖြစ်ရသူ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က မဆွေဆွေဟာ ဆားလင်းကြီးမြို့နယ်၊ သေမင်းတမန် ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ကိုဗန့်ဂျီရဲ့ ဇနီးဖြစ်ပါတယ်။
စစ်တပ်အလိုရှိသူဖြစ်ခဲ့တဲ့ ကိုဗန့်ဂျီ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့နောက် ကလေး ၂ ယောက်မိခင် မဆွေဆွေက အိမ်ထောင်တစ်ခုလုံးရဲ့ တာဝန်ကိုယူခဲ့ရပါတယ်။
စစ်အာဏာမသိမ်းခင်က လျှပ်စစ်မီးလိုင်းတွေ တပ်ဆင်တာ ကျွမ်းကျင်တဲ့ ခင်ပွန်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်ရင်း ရှာဖွေကျွေးမွေးခဲ့သလို မဆွေဆွေကလည်း စက်ချုပ်ပြီး ဒိုးတူပေါင်ဖက် မိသားစုဘဝကို ဖြတ်ကျော်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းတဲ့နောက် ခင်ပွန်းဖြစ်သူက သေမင်းတမန်ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စစ်တပ်ကို တော်လှန်ဖို့ ကြိုးပမ်းတဲ့အခါ အသက်အန္တရာယ်ကို စိုးရိမ်တဲ့ မဆွေဆွေက တားခဲ့မိပါသေးတယ်။
ဒါပေမဲ့ ခံယူချက် ပြင်းထန်တဲ့ ခင်ပွန်းဖြစ်သူကို မဆွေဆွေ မတားဆီးနိုင်ခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် မေလကုန်မှာ ကိုဗန့်ဂျီကို စစ်တပ်က ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် ၁၀ ရက်အကြာမှာ ညောင်ပင်ကြီးကျေးရွာနားက ထန်းတောဆိပ်သစ်ကွင်းမှာ ကိုဗန့်ဂျီကို သေဆုံးလျက် တွေ့ခဲ့ရပါတယ်။
ခင်ပွန်းဖြစ်သူ တော်လှန်ရေးထဲ ဝင်သွားကတည်းက တစ်ကိုယ်တည်းရုန်းကန်ရဖို့ ဖြစ်လာတဲ့ မဆွေဆွေဟာ ခင်ပွန်းသည် ဆုံးချိန်မှာ အသက် ၅ နှစ်နဲ့ ၂ နှစ်အရွယ် သား ၂ ဦး ကျန်ခဲ့ပါတယ်။
မုဆိုးမအဖြစ် ကျန်နေခဲ့တဲ့ မဆွေဆွေဟာ စက်ချုပ်ပညာနဲ့ ကလေးနှစ်ယောက်ကို ရှာဖွေကျွေးမွေးနေပါတယ်။
"သားနှစ်ယောက်မှာ တစ်ယောက်က ကျောင်းတက်နေပြီ။ ကိုယ်တစ်ယောက်တည်းအားနဲ့ ကျောင်းစရိတ် မတတ်နိုင်လို့ အမျိုးတွေက ခေါ်ပြီး ကျောင်းထားပေးရတယ်" လို့ မဆွေဆွေက ပြောပါတယ်။
စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြာင့် မတည်ငြိမ်တဲ့နေရာမှာ စက်ချုပ် အပ်ထည် အပ်သူ ရှားပါးလွန်းလို့ တစ်လကို တစ်သိန်းမပြည့်တဲ့ဝင်ငွေနဲ့ သားငယ်လေးနဲ့သူ ချို့ချို့တဲ့တဲ့ရပ်တည်နေရပါတယ်။
ခြံထဲမှာရှိတဲ့ ဟင်းသီးဟင်းရွက်တချို့ဟာ ဟင်းတစ်ခွက်ဖြစ်နေပြီး တစ်ခါတလေ ဝင်ငွေလေး ရလာရင်တော့ သုံးနှစ်အရွယ် သားဖြစ်သူအတွက် ဟင်းကောင်းလေးတစ်ခွက်က ကြက်ဥဟင်းလို့ ပြောပါတယ်။
"ကြက်ဥတောင် နပ်မမှန်ပါဘူး။ တစ်လုံး ငါးရာတဲ့။ သားအကြီးလေးက အိမ်အလည်ပြန်လာရင် မေမေရယ် ကြက်သားဟင်းလေး ချက်ကျွေးပါဦးလို့ ပြောတယ်။ မကျွေးနိုင်လို့ နှစ်ပြန်ကြော်ကို ဆီဆမ်းကျွေးရတာပဲ" လို့ ဖွံ့ဖြိုးရမယ့်အရွယ် ကလေးတွေအတွက် ကျွေးမွေးနေရတဲ့ သူက အခြေအနေကို ပြောပြပါတယ်။
မုဆိုးမတွေထဲမှာမှ တစ်ကိုယ်ရေတစ်ကာယ ကျန်ခဲ့သူတွေထက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို စောင့်ရှောက်ရတဲ့ အမျိုးသမီးတွေက ပိုပြီး ကျပ်တည်းတယ်လို့ အမျိုးသမီးအဖွဲ့ချုပ်(WLB) က မနန်းမိုးမိုးက ပြောပါတယ်။
"ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရင်း သူတို့တွေ အငတ်ခံကြတာများတယ်"လို့ သူက ပြောပါတယ်။
မဆွေဆွေ ကံကောင်းတာလေးတွေလည်း ရှိပါသေးတယ်။
မြိုင်နယ်သူ မဆွေဆွေဟာ ခင်ပွန်းဖြစ်သူနောက်ကို သျှောင်နောက် ဆံထုံးပါခဲ့တာကြောင့် ခင်ပွန်း ဆုံးပါးပေမဲ့ ကျန်ခဲ့တဲ့မိဘအသိုင်းအဝိုင်းရဲ့စောင့်ရှောက်မှုအောက်မှာ လုံလုံခြုံခြုံ နေခွင့်ရနေပါတယ်။
စီးပွားရေးကျပ်တည်းမှု တစ်ခုကိုသာ သူရုန်းကန်နေရပေမဲ့ တော်လှန်ရေးအပေါ် စွန့်လွှတ်ခဲ့သူ ကိုဗန့်ဂျီရဲ့ ဂုဏ်ကြောင့်လည်း ရပ်ရွာမှာ မျက်နှာ မငယ်ရပါဘူး။
လက်ရှိအချိန်မှာ သားအငယ်လေးက ကျောင်းမနေရသေးပေမဲ့ ကျောင်းတက်ရမယ့် အရွယ်ရောက်ရင်တော့ အမျိုးတွေဆီ အပ်ထားပြီး တခြားဒေသမှာ အလုပ်လုပ် ကျောင်းစရိတ် ထောက်ပံ့မယ်လို့ သူ စဉ်းစားနေရပါတယ်။
"ကလေးတွေအတွက် ကိုယ်ရှိမှဖြစ်မှာ" လို့ ဆိုပြီး သားနှစ်ယောက် ပညာရေးနဲ့ နောင်ရေးအတွက် သူပြင်ဆင်ထားပါတယ်။ ကလေးတွေအတွက် ရေမြေခြားကို ထွက်ပြီး အလုပ်ရှာ ငွေပြန် ထောက်ပံ့ဖို့အထိ သူ ဆုံးဖြတ်ထားပါတယ်။
ရေမြေခြားမှာ အိမ်ထောင့်တာဝန်ကို ပခုံးထမ်းရတဲ့သတင်းထောက်
မအဲမလီဟာ အမျိုးသမီး ရုပ်သံသတင်းထောက်တစ်ယောက်အနေနဲ့ ပြည်တွင်းက စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြပွဲကို သတင်းတွေယူရင်း စစ်တပ်က အလိုရှိသူဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေကြောင့်ပဲ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှာ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို မိသားစုနဲ့အတူ တိမ်းရှောင်ရပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်ခိုလှုံနေတဲ့အမျိုးသားဖြစ်သူက ၂၀၂၃ ခုနှစ် ဇွန်လမှာ လေဖြတ်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
အရင်က နေ့စဉ် ထမင်းဟင်းချက်ပြုတ်၊ ရေမီးအခွန်ဆောင်၊ ကလေးတွေ ကျောင်းသွားရင် ထမင်းချိုင့်ထည့်ပေး၊ ကလေးနေထိုင်မကောင်းရင် ပြုစု၊ ဆေးခန်းပို့ စတဲ့ မိသားစုရဲ့ ကိစ္စကြီးငယ် အားလုံးကို အမျိုးသားဖြစ်သူက ဦးဆောင်ခဲ့တာပါ။
"မိသားစု ကိစ္စလေးတွေမှာ သူကချည်း ဦးဆောင်ခဲ့တော့ အခုကိုယ့်အလှည့်မှာ တော်တော်မောပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ဘူး။ ရိုက်ကူးရေးတွေရှိရင်လည်း ကလေးတွေကို ထားခဲ့လို့လဲမရ၊ ခေါ်သွားလို့လည်း မဖြစ်။ တချို့ကိစ္စတွေမှာ တော်တော်လေး အစီအစဥ်တကျဖြစ်လာလို့ လုပ်ကိုင်ရတာ အရမ်းပင်ပန်းတယ်" လို့ မအဲမလီက ပြောပါတယ်။
ထိုက်သင့်တဲ့ပတ်ဝန်းကျင်မှာ ကလေးနှစ်ဦး ရှင်သန်ဖို့ ရည်ရွယ်ပြီး နေရာပြောင်းရွှေ့တာတွေလည်း ခကြာခဏရှိခဲ့ပါတယ်။
ဒါပေမဲ့ တရားမဝင် နေထိုင်နေခဲ့ရတာကြောင့် ကလေးနှစ်ယောက်ကို ဦးဆောင်နေရတဲ့ မအဲမလီဟာ ပင်ပန်းဆုံးအချိန်တွေကို ကျော်ဖြတ်နေရပါတယ်။
"သူမရှိတော့တဲ့နောက်မှာ အဖေနေရာရော၊ အမေနေရာရော နှစ်နေရာလုံးကို ယူပြီးတက်လှမ်းလာတာ နည်းနည်းတော့ ပင်ပန်းတယ်" လို့ မအဲမလီက ပြောပါတယ်။
"ပင်ပန်းတယ်" ဆိုတဲ့ စကားလုံးဟာ အခုဆောင်းပါးအတွက် မအဲမလီ ထုတ်ပြောလိုက်တာ ဖြစ်ပေမဲ့ ကလေးနှစ်ယောက်ရဲ့ ရှေ့မှာတော့ စိတ်ဓာတ်ကျစရာ စကားတစ်ခွန်းမှ မထွက်တဲ့ စိတ်မာမာ မိခင်တစ်ယောက်အဖြစ် ရပ်တည်နေတယ်လို့ သူကဆိုပါတယ်။
ဝင်ငွေအားနည်းတဲ့ မအဲမလီက သူ့ကလေးတွေအတွက် ကျူရှင်ဆရာမလည်းဖြစ်ပါတယ်။
"သူတို့ကို လမ်းပြတယ်။ ဆုံးမတယ်။ သူများကလေးတွေ အခုဆို ကျူရှင်တွေ တက်နေကြပြီ။ကိုယ့် ကလေးတွေကိုလည်း ထားချင်တာပေါ့။ ဒါပေမဲ့ ကိုယ့်ဘာသာ စာသင်ပေးတယ်။ လက်ရေး လက်သားကအစ ဂရုစိုက်ပေးတယ်"လို့ သူက ဆိုပါတယ်။
မဲဆောက်မှာ တရားမဝင် နေထိုင်ရတာကြောင့် ဘယ်အချိန် ထိုင်းရဲက ဖမ်းမလဲဆိုတာ စိုးရိမ်စိတ်နဲ့ နေနေကြရပေမဲ့ သားနဲ့ သမီးရဲ့ စိတ်ကြောင့် အရာရာ ရင်ဆိုင်ဖို့ သတ္တိတွေရှိနေပါတယ်။
"ဘဝမှာ အတက်အကျတွေ အများကြီးကြုံခဲ့တယ်။ မုဆိုးမ အမျိုးသမီးတယောက်ရဲ့အားက ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနိုင်ခြင်းပဲ။ ဘယ်လိုအခက်အခဲရှိပါစေ ကိုယ့်ကိုယ်ကိုယ် လမ်းပြနိုင်ပြီ"
မြန်မာ့ထုံးတမ်းနဲ့ စိန်ခေါ်ခံရမှု
ကယား(ကရင်နီ)ပြည်နယ်၊ မိုးဗြဲမြို့နယ်ထဲမှာ စစ်ရှောင်နေရတဲ့ မနန်းက ၂၀၂၅ ခုနှစ် ဧပြီလတုန်းကမှ ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသူပါ။ ခင်ပွန်းဖြစ်သူဟာ သူနဲ့ ထိမ်းမြား လက်မှတ်ထိုးပြီး ၁၈ ရက်အကြာမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့တာပါ။
တိုက်ပွဲ၊ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကြောင့် စစ်ဘေး ခဏခဏရှောင်ရချိန်မှာ ပစ္စည်း ထုပ်ပိုးသိမ်းဆည်းတာကအစ အမျိုးသားဖြစ်သူက ဦးဆောင်ပါတယ်။
တခြားနေရာကို စစ်ရှောင်ဖို့ ရောက်ချိန်မှာလည်း တဲဆောက်တာကစလို့ သုံးဖို့ရေအဆုံး မနန်းတစ်ယောက် မပူခဲ့ရပါဘူး။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ လူ့အခွင့်အရေးအရ တန်းတူညီမျှခွင့်ရရှိမှု ကွာဟချက် ရှိနေချိန်မှာပဲ ခင်ပွန်းသည်ဆုံးပါးတဲ့အမျိုးသမီးတွေအပေါ် လူမှုပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ခွဲခြားဆက်ဆံကြမှုတွေဟာ အမြစ်တွယ်နေပါသေးတယ်။
"မုဆိုးမ ဖြစ်သွားမှ ထိကပါး ရိကပါးနဲ့ လုပ်ချင်ကြတာတွေရှိတယ်။ ကျွန်မ ကိုယ့်ဘက်က အနေမှန်မှန် ခပ်တည်တည်နေလိုက်တယ်" လို့ အသက် ၄၁ နှစ်အရွယ် မနန်းက ပြောပြပါတယ်။
မုဆိုးမတစ်ယောက်တည်းလည်း ရပ်တည်နိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ဖော်နိုင်ဖို့ စစ်ဘေးရှောင်ကလေးတွေကို စာသင်ပေးနေရင်း သူ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ပွဲတွေကြား အမျိုးသမီး ၁.၃ သန်းကျော်ဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် လုံခြုံမှု မရှိဖြစ်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အစီရင်ခံစာက ဖော်ပြထားပါတယ်။
အဲဒီထဲမှာ ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပြီး စာရင်းအတိအကျပြောဖို့ခက်ပေမဲ့ သူတို့ရဲ့မြေပြင်သတင်းအချက်အလက်တွေအရ ပိုတိုးလာတယ်လို့ ခိုင်ခိုင်မာမာပြောပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေတိုးလာပြီး စစ်တပ်တပ်ရင်းနဲ့ တပ်စခန်းတွေ သိမ်းပိုက်ခံရတဲ့နောက် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုကလည်း မြင့်တက်လာပါတယ်။
အဲဒီထဲမှာလည်း အိမ်ထောင်ဦးစီးတပ်ဖွဲ့ဝင်တွေ အများစုပါဝင်တာကြောင့် ခင်ပွန်းသည်ဆုံးတဲ့ စစ်သားဇနီးသည်တွေတိုးလာတယ်လို့ CDM စစ်သားအသိုင်းအဝိုင်း ထောက်ပြပါတယ်။
စစ်ကောင်စီကတော့ အမျိုးသမီးနေ့တွေနဲ့ အထိမ်းအမှတ်ရက်တချို့မှာ နိုင်ငံအတွက်အသက်စွန့်လွှတ်ခဲ့တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို ထောက်ပံ့ငွေနဲ့ ဆုတံဆိပ်တွေပေးတယ်လို့ မကြာခဏ ကြေညာပါတယ်။
ဒါပေမဲ့ အဲဒီထောက်ပံ့မှုတွေကအနည်းစုဖြစ်ပြီး ခင်ပွန်းစစ်သားဆုံးပြီးတဲ့နောက် တပ်လိုင်းခန်းကနေဖယ်ပေးရသူတွေ၊ တပ်ဘက်က အထောက်အပံ့မရတဲ့ စစ်သားဇနီးအရေအတွက်တွေက ပိုတိုးလာတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ဒါအပြင် စစ်ကောင်စီက ပြည်သူ့စစ်ခေါင်းဆောင်အမျိုးသမီးတွေ၊ သူ့ရဲ့ဝါဒဖြန့် ဇာတ်ကားတွေထဲက အမျိုးသမီးအနုပညာရှင်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့အမျိုးသမီးတွေကို စစ်ဘက်/အရပ်ဘက်ဆုတံဆိပ်တွေ ပေးပြီး အသိအမှတ်ပြုကြောင်းပြနေပါတယ်။
ဒါပေမဲ့ ဆင်းရဲမွဲတွေမှု၊ ပညာရေးနဲ့ ကျားမတန်းတူညီမျှမှု ကွာဟချက်တွေကြောင့် စိန်ခေါ်မှု ပေါင်းစုံ ကြုံနေရတဲ့အမျိုးသမီးတွေရဲ့အရေး ဖြေရှင်းရေးဟာ စစ်အာဏာသိမ်းမှုကြောင့် ပိုပြီး ရှုပ်ထွေးလာနေတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။
တစ်ချိန်တည်းမှာပဲ ''အိမ်ထောင်ရှင်မ''၊ ''မုဆိုးမ'' ဆိုတဲ့စကားလုံးတွေနဲ့ ကပ်ပါလာတဲ့ အမျိုးသမီးတွေအပေါ် လူမှုအသိုက်အဝန်းက ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်ဖို့ ကြိုးပမ်းနေကြတာကိုလည်း ဘီဘီစီက စကားပြောခဲ့တဲ့ အမျိုးသမီး သုံးဦးမှာ မြင်တွေ့ရပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေကတော့ ဒီလိုအခြေအနေတွေ တိုးတက်လာဖို့ဆိုရင် ပတ်ဝန်းကျင်မှာ အချင်းချင်း ဖေးမကူညီအားပေးကြတာက အဖြေတစ်ခုလို့ သုံးသပ်ကြပါတယ်။