အမျိုးသမီးများနေ့ - အသံမဲ့နေသူတွေနဲ့ အသံတိတ်နေရသူတွေ

စစ်အာဏာသိမ်းထားတဲ့မြန်မာမှာ အထွေထွေအကျပ်အတည်းတွေ ပိုကြီးမားလာတာကြောင့် အမျိုးသမီးအခွင့် အရေးချိုးဖောက်ခံရမှုတွေကို အကာအကွယ်ပေးမှု တဖြည်းဖြည်းအားနည်းလာတယ်လို့ အမျိုး သမီးအရေး လှုပ်ရှားသူတွေနဲ့ ကာယကံရှင်တွေက ဘီဘီစီကို ဖွင့်ဟပြောကြားပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေ နှစ်မျိုးစလုံးမှာ ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေပါတယ်။

ဒါ့အပြင် မြန်မာ့ပြည်တွင်းစစ်မှာ ဘက်အသီးသီးကနေ လက်နက်ကိုင်ဝင်တိုက်ဖို့ အမျိုးသားဦးရေအင်အားလိုအပ်ချက်ကြီးလာတာကလည်း အမျိုးသမီးထုအပေါ် မိသားစုဝန်ထုပ်ဝန်ပိုးတွေ ပိုပိတဲ့အခြေအနေဆီကို တွန်းပို့နေပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသမီး အရေးလှုပ်ရှားသူတွေကိုယ်တိုင် လုံခြုံရေးနဲ့ ခြိမ်းခြောက်ခံရမှုတွေကြောင့် မြေပြင် ကွင်းဆင်းနိုင်တာမျိုး မရှိသလောက် ဖြစ်သွားသလို ဖွင့်ဟတိုင်ကြားသူတွေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အသံမဲ့နေသူတွေ

စစ်အာဏာသိမ်းမှုအောက်မှာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့အထဲမှာ နိုင်ငံတဝန်း စစ်ရှောင်အမျိုးသမီးများစွာ ရှိနေပါတယ်။ ငွေကြေးမတတ်နိုင်လို့ စစ်ဖြစ်တဲ့နေရာမှာပဲ ကြိတ်မှိတ်နေရသူတွေရှိသလို အနေအထား ပျက်သွားတဲ့ မူလစီးပွားရေးကို စစ်ရှောင်ရင်း နေရာသစ်မှာ ပြန်လည်ရင်းနှီးလုပ်ကိုင်ရသူတချို့လည်း ရှိပါတယ်။

ဒီထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ရှောင်လာတဲ့ စီးပွားပျက်သွားရတဲ့ ကလေးမိခင်တစ်ဦး ပါ၀င်ပါ တယ်။

"ဗန်းမော်မှာ အလှပြင်ဆိုင်ဖွင့်ခဲ့တာ။ ဒီရောက်တော့ အလှပြင်တတ်တာ လူသိအောင် ကြော်ငြာ တဲ့သဘောတော့ ပြောထားရတယ်။ အခုထိကတော့ အခြေမကျသေးဘူး'' လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီက အကောင်အထည်ဖော်ခဲ့တဲ့ စစ်မှုမထမ်းမနေရအမိန့်ကြောင့်လည်း အမျိုးသမီးတွေ ရှေ့ထွက် အလုပ်လုပ်ရတာတွေ ရှိလာခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာဆို စစ်ကောင်စီကရော အဲဒီဒေသတွေမှာ နယ်မြေစိုးမိုးလှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်းစုံကပါ အမျိုးသားတွေကို စစ်မှုထမ်းစုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပါတယ်။

"ဘွဲ့ရတစ်ယောက်အနေနဲ့ တစ်လဝင်ငွေ သုံးသိန်းရဖို့ စက်ရုံအလုပ်လည်း မလုပ်နိုင်ဘူး။ အိမ်မှာ မိအိုဖအိုနဲ့ ကလေးအငယ်နဲ့ဆိုတော့။ သူများအိမ်မှာ သန့်ရှင်းရေးအဝတ်လျှော် လူလိုရင် ခေါ် ပါလို့ ဖုန်းနံပါတ်နဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ လိုက်တင်ရတာ။ ဒါတောင်တစ်လမှ လေးငါးအိမ်ပဲ။ ပြီးတော့ အွန်လိုင်းကဆိုတော့ တချို့ကလည်း မယုံလို့ မခေါ်ကြတာတွေ ရှိတယ်"လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူကတော့ ခင်ပွန်းက နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ အင်းစိန်ထောင်မှာ ထောင်ကျနေပြီး အရင်က မောင်ဖြစ်သူရဲ့ လုပ်စာနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပါတယ်။ ခုတော့ မောင်ဖြစ်သူလည်း စစ်မှုထမ်းကိုစိုးရိမ်လို့ နေအိမ်ကနေ ထွက်ခွာသွားပြီဖြစ်လို့ မိသားစု တာဝန်က သူ့ပခုံးပေါ်ရောက်လာခဲ့ပါတယ်။

ဒ့ါအပြင် အိမ်ထောင်ဦးစီးယောကျ်ားသားမရှိတဲ့ ဘဝမှာ ပတ်ဝန်းကျင်က ထိကပါးရိကပါး လုပ်တာတွေကို မတိုင်ရဲဘူးလို့ ဆိုပါတယ်။

"သွားတိုင်မှ အုပ်ချုပ်ရေးမှူးက သတိရပြီးကိုယ့်မောင်လေးကို ရန်ရှာမှာလည်း ကြောက်တယ်။ ခု ယောကျ်ားက ထောင် ၃ နှစ်ကျတာ လျှော့ရက်နဲ့ဆို ဒီနှစ်ကုန်လောက် လွတ်လာမှာ။ အရင်က သူလွတ်မယ့်ရက် မျှော်တယ်။ ခု သူ့အသက်က ၃၂ ဆိုတော့ ထောင်ကထွက် လာရင် စစ်ထဲခေါ်ခံရမှာစိုးတယ်။ ထောင်ပဲ ဆက်ကျနေပါလို့ ဆုတောင်းရမလိုပဲ" လို့ သူက ဆိုပါတယ်။

အခုနောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နယ်မြေစိုးမိုးထားတဲ့ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ မြေရှားတူးဖော်တဲ့ နေရာတွေ မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေကိုလာရောက်ရင်ဖွင့်တိုင်တန်းတာတွေရှိလာတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

"မြေရှားလုပ်ကွက်တွေမှာရှိတဲ့ စားသောက်ဆိုင်တို့ စျေးဆိုင်တို့မှာ စားပွဲထိုးတို့ အကူတို့ သွားလုပ်ကြရတယ်။ အဲဒီမှာ အမျိုး သမီးတွေကို သားမယားအဖြစ် လက်မခံရင် အလုပ်အကိုင် မပေးတာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်တာ။ စော်ကားတာတွေ ကြုံရတယ်။ သူတို့ကို ပြန်ချေပတဲ့ အမျိုးသမီးတွေကို ဆိုရင်တော့ အလုပ်ထုတ်လိုက်တယ်။ လုပ်အားခတွေကို မပေးဘဲ ပြန်လွှတ်လိုက်တာတွေရှိတယ်" လို့ တိုင်တန်းမှုတွေကို ပြန်ပြောပြပါတယ်။

ဒီလို KIA ထိန်းချုပ်နယ်မြေထဲက ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ သိရှိအရေးယူမှုရှိသလားဆိုတာကို KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

အသံတိတ်နေရသူတွေ

ပဋိပက္ခတွေက နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နှစ်ဖက်လုံးက ကျူးလွန်တာတွေ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Sisters 2 Sisters ဦးဆောင်ကော်မတီအဖွဲ့၀င် မသဉ္ဇာရွှန်းလဲ့ရည်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို ဖွင့်ဟဖော်ထုတ်ခဲ့ပေမဲ့ ကျူးလွန်သူကို လက်တွေ့ အရေးယူနိုင်မှု နှေးကွေးတာတွေကလည်း တရားစီရင်ရေးစနစ်ကိုအယုံအကြည်မဲ့စေသလို ကူကယ်ရာမဲ့အခြေအနေကြား တိုင်ကြားသူတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်တာတွေလည်း ကြားသိရကြောင်း သူက ဆက်ပြောပါတယ်။

"နယ်မြေအခြေအနေအရ လာရောက်တိုင်ကြားဖို့ အမှုဖွင့်ဖို့ကို ကာယကံရှင်က လက်လှမ်းမမီဘူးဆိုတော့ မြေပြင်မှာ ပျောက်သွားတယ်။ နောက်တစ်ချက်က တိုင်ရင်တောင်မှ ကာယကံရှင်က သူ့ လုံခြုံရေးအရ မှတ်တမ်းမယူစေချင်ဘူး။ အဲဒီမှတ်တမ်းကတစ်ဆင့် သတင်းပေါက်ကြားရင် သူ့အသက် အန္တရာယ် ကြုံလာရနိုင်တယ်။ ဒါကြောင့် သိရုံပဲသိစေချင်တယ်" လို့ သူက ပြောပါတယ်။

ဒါကြောင့် အဲဒီကာယကံရှင်အမျိုးသမီးတွေဟာ ဒီနစ်နာမှုတွေကိုမျိုသိပ်ထားရတဲ့ စိတ်ဒဏ်ရာခံစားချက်တွေနဲ့ ဆက်ရှင်သန်နေရသလို ဖွင့်ဟမျိုသိပ်ရမှုကြောင့် အမှုဖြစ်စဥ်အရေအတွက်ကို တိတိကျကျ မှတ်တမ်းတင်ဖို့ခက်သွားတယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ ဆက်ရပ်တည်လို့မရဘဲ ပြည်ပကို ထွက်ခွာအခြေပြုလှုပ်ရှားရတဲ့ အမျိုးသမီးရေးအဖွဲ့တွေ ရှိပြီး ပြည်တွင်းမှာသိုသိုသိပ်သိပ်နေထိုင်လှုပ်ရှားရတာကြောင့် လုပ်ရကိုင်ရတာ အကန့်အသတ်တွေလည်းရှိလာနေတယ် လို့ အမည်မဖော်လိုတဲ့အမျိုးသမီးအဖွဲ့အစည်းတစ်ခုက သူတို့အခက်အခဲကို ပြောပြပါတယ်။

"တိုင်ကြားတဲ့အခါမှာ ဒီကိစ္စက ဒီလောက်အရေးကြီးလား။ အဖြစ်သည်းစရာလား ဆိုတာမျိုး ဆက်ဆံခံရတယ်"လို့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတစ်ခုမှာ ခိုလှုံနေထိုင်နေရပြီးအမျိုးသမီးရေး ဆက်လက်လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

"မြေပြန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရောက်လာတာ ရှိတယ်လေ။ တိုင်းရင်းသူတချို့နဲ့ ချစ်ကြိုက်ကြတယ်။ လက်လွန်ခြေလွန် (ကိုယ် လေးလက်ဝန်) ဖြစ်လာတော့ တာဝန်ယူဖို့ပြောတဲ့အခါ မယူဘူးပေါ့နော်။ အဲဒီလိုတွေ လာလာတိုင်တော့ ကျွန်မတို့ကလည်း သက်ဆိုင်ရာကို ပြောဖို့ကြိုးစားတဲ့အခါ အဲဒီလိုဆက်ဆံခံရတာပါ။ ပြီးတော့ ကျွန်မတို့ကိုယ်တိုင်လည်း အရင်လို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တဲ့အခြေအနေမျိုးမှာမရှိဘူး။ လွတ်မြောက်နယ်မြေပေမဲ့ ရင်တထိတ်ထိတ်နဲ့ အခြေအနေကြည့်နေရတာပေါ့" လို့ သူက ဆက်ပြောပြပါတယ်။

ဒါကြောင့် ဒီနေ့ မြန်မာမှာ အမျိုးသမီးတွေအဓိက ကြုံနေရတဲ့အခက်အခဲက အမျိုးသမီးအခွင့်အရေးချိုးဖောက်သူတွေကို အပြစ်ပေး အရေးယူခြင်းကနေ ကင်းလွတ်နေတဲ့ အချက် ဖြစ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေကပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ မတ်လအတွင်း အမျိုးသမီး ၆၆ ယောက်သေဆုံးခဲ့ပြီး ၆၈ ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းကသေဆုံးသူအရေအတွက် အများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့က မတ်လ ၆ ရက်မှာထုတ်ပြန်ထားပါတယ်။

ကိန်းဂဏန်းတွေကပြနေတဲ့ အမျိုးသမီးတွေဘဝ

မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ပွဲတွေကြား အမျိုးသမီး ၁.၃ သန်းကျော်ဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် လုံခြုံမှု မရှိဖြစ်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အစီရင်ခံစာက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ က အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀.၄ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ အမျိုးသမီး ၇.၁ သန်းနဲ့ မိန်းကလေးငယ် ၃.၃ သန်း ပါဝင်ပြီး မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူအားလုံးရဲ့ ၅၂ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်သံရုံးရန်ကုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာနိုင်ငံတစ်ဝန်းက အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေဟာ ပဋိပက္ခကြောင့်ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ အပါအဝင် များပြားလှတဲ့ အတားအဆီးအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်လို့ ပြောထားပါတယ်။ လူကုန်ကူးခံရပြီးလိင်အမြတ်ထုတ်ခံရတဲ့အထဲ ကချင်ပြည်နယ်က မမိုင်းမိုင်(အမည်လွှဲ)လည်းပါဝင်ပါတယ်။

တရုတ်ပြည်က ပန်းစိုက်ခင်းတွေမှာ အလုပ်ရမယ်လို့ အယုံသွင်းခံရပြီး Wechat ကတစ်ဆင့် လူကုန်ကူးခံရကာ တရုတ်အမျိုးသားရဲ့ ဇနီးအဖြစ် ရောင်းစားခံခဲ့ရတဲ့ မမိုင်းမိုင် (အမည်လွှဲ) ကတော့ သူတရုတ်ကနေ ထွက်ပြေးနိုင်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

"ကျွန်မ ထွက်ပြေးပြီး တရုတ်ရဲစခန်းမှာသွားပြီးတော့ အဖမ်းခံလိုက်တယ်။ သူတို့က စုံစမ်းစစ် ဆေးတယ်။ ပြီးတော့ ထောင် လေးလ ချလိုက်တယ်။ ပြီးတော့မှ ရန်ကုန် လူကုန်တား (လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့) နဲ့ချိတ်ပေးပြီးတော့ မြန်မာပြည် ကိုပြန်ပို့ပေးတယ်"လို့ မမိုင်းမိုင်က ပြောပါတယ်။

တရုတ်ပြည်ရဲ့ဘယ်နေရာဆိုတာကိုတော့ မမိုင်းမိုင်းက မပြောတတ်ပေမဲ့ သူရောက်ခဲ့တဲ့နေရာမှာ ရခိုင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးကလည်း မြန်မာနိုင်ငံကို ပြန်ချင်ပေမဲ့ ကလေးတစ်ယောက်လည်းရနေပြီဖြစ်လို့ ပြေးဖို့မလွယ်ဘူးလို့ ပြောပါတယ်။

မမိုင်းမိုင်က အခုလို အဖြစ်ဆိုးကနေ လွတ်မြောက်ပြီး မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပေမဲ့ ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်ပြန်ဖို့ အခက်ကြုံရပြန်ပါတယ်။ ဒါပေမဲ့ စိတ်ချရတဲ့ ဒေသခံအမျိုးသမီးအဖွဲ့အစည်းတစ်ခုရဲ့အကူအညီကြောင့် မမိုင်းမိုင်က လုံခြုံတဲ့နေရာမှာ နေထိုင်ခွင့်ရရှိသလို ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုလည်း သင်ယူနိုင်ခဲ့ပါတယ်။

မမိုင်းမိုင်လိုမျိုး အကူအညီလိုအပ်နေတဲ့ နေ့ရပ်ရွှေ့ပြောင်းအမျိုးသမီးတွေကို ယူကေအစိုးရနဲ့မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကူညီပေးနေပါတယ်။ ဒါပေမဲ့ အကူအညီလိုအပ်နေတဲ့သန်းချီရှိတဲ့အမျိုးသမီးတွေအတွက် လုံလောက်တဲ့ ကူညီမှုဖြစ်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။