ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာတလွှား ၂၀၂၆ နှစ်သစ်ကြိုဆိုကြပုံများ
- ရေးသားသူ, မက်သျူး တက်ကာ
- ရေးသားသူ, လူစီ တာလာဗီရာ
အချိန်ဇုန်အပိုင်းအခြားကွာဟပေမဲ့ မြန်မာအပါအဝင် ကမ္ဘာတလွှားက နိုင်ငံတွေမှာ ၂၀၂၆ ခုနှစ်ကို ကြိုဆိုနေကြပြီဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ကို ပထမဆုံးကြိုဆိုခဲ့တာကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေး ကီရီဘာတီဖြစ်ပါတယ်။ အဲဒီမှာရောက်နေတဲ့ ခရီးသွားတစ်ယောက်ကတော့ ''ဂြိုဟ်တုတွေမရှိ၊ လူသူ လှုပ်ရှားသက်ဝင်မှုမရှိ၊ ပိတ်ပိတ်မှောင်နေပြီး ဂဏန်းလေးတွေနဲ့ပဲပြည့်နေတဲ့ ကမ်းခြေမှာ နှစ်သစ်ကို ကျော်ဖြတ်ခဲ့တယ်'' လို့ ဘီဘီစီကို ပြောပါတယ်။
၂၀၂၆ နှစ်သစ်ကို အစောဆုံးကြိုဆိုတဲ့နိုင်ငံတွေလည်း အာရှက မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ပြန်ရုပ်သိမ်းခဲ့တဲ့ စစ်ကော်မရှင်ဟာ မနေ့ညပိုင်းက ရန်ကုန်မြို့အပြင် နေပြည်တော်မှာလည်း နှစ်သစ်ကူးကြိုဆိုပွဲတွေ ပြုလုပ်ခဲ့ပြီး ပါဝင်ဆင်နွှဲသူတွေ များခဲ့ပါတယ်။
ဗြိတိန်မှာတော့ လန်ဒန်ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ပျံတက်သွားတာကို ထောင်နဲ့ချီတဲ့လူတွေက ငေးမောကြည့်ရှုခဲ့ကြပါတယ်။
အဲဒီနောက် သြစတြေးလျက ဆစ်ဒနီ ပြဇာတ်ရုံနဲ့ ဆိပ်ကမ်းတို့မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။
ဆစ်ဒနီမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်တုန်းက ကမ်းခြေပစ်ခတ်တိုက်ခိုက်မှုမှာ လူ ၁၅ ဦး သေဆုံးတဲ့ဖြစ်ရပ်ကြုံခဲ့ရအပြီးမှာပဲ အခုလိုနှစ်ကူးကို ကြိုဆိုရတာဖြစ်လို့ ဒီဖြစ်ရပ်ကြီးဟာ နှစ်သစ်ကူးအပျော်တွေအပေါ်မှာ အရိပ်ထိုးနေပါတယ်။
ဒါကြောင့် ဒေသစံတော်ချိန် ည ၁၁ နာရီတိတိမှာ ဆစ်ဒနီ ဆိပ်ကမ်းမှာ ကမ်းခြေတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်မိနစ်ကြာ ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။
စင်္ကာပူမှာလည်း မာရီနာ ဘေးမှာ မီးရှူးမီးပန်းအလှတွေနဲ့ နှစ်သစ်ကို ဆီးကြိုခဲ့ကြပါတယ်။
ဖိလစ်ပိုင်မြို့တော် မနီလာက မာခါတီအရပ်မှာ ကောင်းကင်မီးရှူးမီးပန်းအလှနဲ့ အထိပ်မြင့်မှာဆင်ထားတဲ့မီးအလှနဲ့ ပနာတင့်ခဲ့တာမြင်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်ကမ်းတစ်လျှောက် လူတွေတန်းစီပြီး မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။
ဒူဘိုင်းမှာတော့ နှစ်သစ်ကူးကို ကြိုဆိုတဲ့လူအုပ်ဟာ မီးအလှဆင် အကအလှတွေကို ကြည့်ပြီးကြတဲ့နောက် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ Burj Khalifa ကနေ ပစ်ဖောက်ခဲ့တဲ့ မီးရှူးအလှကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။
ဟောင်ကောင်မှာတော့ နာမည်ကျော်အနုပညာရှင်တွေရဲ့သီဆိုတင်ဆက်မှုတွေနဲ့အတူ လူထုက နှစ်သစ်ကို ကြိုခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ Juyongguan Great Wall က နှစ်သစ်အကြိုမြင်ကွင်းဖြစ်ပါတယ်။
တောင်ကိုရီးယားမြို့တော် ဆိုးလ်က Kotte ကမ္ဘာ့တာဝါရဲ့ ကောင်းကင်ယံမှာတော့ ညကောင်းကင်ဟာ လေဆာမီးတွေ နေရာယူခဲ့ပါတယ်။
ဆိုးလ်မြို့က Bosingak မှာ အနုပညာရှင်တွေက နှစ်သစ်ကြိုဖို့စောင့်နေတဲ့လူအုပ်ကို အကအလှတွေနဲ့ဖျော်ဖြေခဲ့ကြပါတယ်။
ဒပ်ဘလင် နန်းတော်မှာပြုလုပ်တဲ့ နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ မီးအကအလှ စွမ်းရည်ပြနေတဲ့ တင်ဆက်သူ တစ်ဦးကို မြင်တွေ့ရတာဖြစ်ပါတယ်။
ကမ္ဘာတလွှား တခြားနေရာတွေမှာတော့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ နှစ်သစ်ကို သူတို့ရိုးရာ သူတို့ဓလေ့ ဘာသာ ဆင်နွှဲခဲ့ကြတာကိုလည်းတွေ့ရပါတယ်။
ပြင်သစ်တောင်ပိုင်းက Le Cap d'Agde မှာတော့ ဒေသထုံးစံအတိုင်း နှစ်သစ်မှာ အဝတ်ဝတ်သူ ဝတ်၊ မဝတ်သူ မဝတ်နဲ့ ၂၀၂၆ ကို ကြိုဆိုခဲ့ကြပါတယ်။
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာတော့ ရိုးရာပွဲတစ်ခုလိုဖြစ်နေတဲ့ ရေအေးအေးထဲ ဝင်စိမ်ကြပြီး နှစ်သစ်ကို ကြိုပါတယ်။
နယ်သာလန်က အွန်မန်မှာတော့ ဒေသခံတွေဟာ နို့ထည့်သံဗူးကြီးတွေကို အမြောက်အသွင်ပြောင်းပြီး ပစ်ခတ်တဲ့ အပစ်အခတ်ပွဲကိုကြည့်ရင်း နှစ်သစ်ကူးကို ရိုးရာနဲ့အတူ ဖြတ်သန်ပါတယ်။
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာတော့ ရှင်တိုဘာသာရဲ့ ရှေးအကျဆုံးနန်းတွေထဲကတစ်ခုဖြစ်တဲ့ ဆူမိယိုရှိ တာအိရှာမှာပြုလုပ်တဲ့ နှစ်အကုန် နှစ်အကူးပွဲမှာ အမျိုးသမီးငယ်တွေဟာ ဂျပန့်ရိုးရာ ကီမိုနိုဝတ်ဆင်ပြီး စီတန်းလှည့်လည်မှုမှာ ပါဝင်ခဲ့ကြပါတယ်။
ပိုလန်နိုင်ငံ၊ ခရာခိုးမှာတော့ မြို့ဟောင်းအရပ်မှာ ဒီဇင်ဘာ အပြေးပြိုင်ပွဲပြုလုပ်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ အသွေးအရောင်စုံ အပြေးသမားတွေ ပါဝင်ဆင်နွှဲခဲ့ကြတာကိုလည်း မြင်နိုင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာတော့ ၂၀၂၅ နေအဝင်နဲ့ ၂၀၂၆ ထွက်လာမယ့်နေကို ကြိုဆိုတဲ့အနေနဲ့ ရိုးရှာအကအလှတွေနဲ့ ပွဲတော် ဆင်နွှဲခဲ့ကြပါတယ်။