ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာအနှံ့ငွေထုတ်စက်တွေက တပြိုင်နက် ဒေါ်လာ ၁၄ သန်း ခိုးယူမှုနဲ့ မြောက်ကိုရီးယားဆက်စပ်မှု
အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာ ပြည်နယ်က အမျိုးသားတစုဟာ ၂၀၁၈ ခုနှစ်မှာ ဘောလီးဝုဒ် ရုပ်ရှင်တခုမှာ တစိတ်တပိုင်း ပါဝင်သရုပ်ဆောင်ရတယ် အမှတ်နဲ့ အလိုအလျောက် ငွေထုတ်စက်မှာ ငွေထုတ်ပြပေးရတဲ့ အလုပ်ကို လက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်းက ဒီလူတွေဟာ ဘဏ်ပိုင်ငွေ ခိုးယူတဲ့ ဂိုဏ်းတခုရဲ့ လှည့်ဖျား အသုံးချတာကို ခံခဲ့ရတာ ဖြစ်နေပါတယ်။
အခုလို ခိုးယူမှုဟာ ၂၀၁၈ သြဂုတ်လရဲ့ တခုသော သီတင်းပတ်ကုန်ရက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခိုးခံရတဲ့ ဘဏ်ကတော့ ပူနေးမြို့မှာ ရုံးချုပ် အခြေစိုက်တဲ့ Cosmos Co-operative ဘဏ် ဖြစ်ပါတယ်။
ဒီခိုးယူမှု ဖြစ်ပွားခဲ့တဲ့ အလုပ်ပါး စနေနေ့ မွန်းလွဲပိုင်းတခုမှာ Cosmos Co-operative ဘဏ်ရုံးချုပ်က ဘဏ်ဝန်ထမ်းတွေဟာ ရုတ်တရက် သတိပေးချက် ပေးပို့မှုတွေ တောက်လျှောက် အများအပြား ရရှိလာခဲ့ပါတယ်။
အဲဒီ သတိပေးချက်တွေဟာ အမေရိကန် အခြေစိုက် ကတ်နဲ့ ငွေချေမှု ကုမ္ပဏီတခုဖြစ်တဲ့ Visa ကုမ္ပဏီဆီက လာတာဖြစ်ပြီး Cosmos ဘဏ်ကတ်တွေ သုံးတယ်လို့ ယူဆစရာရှိသူတွေက ငွေအမြောက်အများကို အကြိမ်ထောင်နဲ့ချီပြီး ထုတ်ယူဖို့ ကြိုးစားနေကြတာကို သတိပေးတာ ဖြစ်ပါတယ်။
ဒီလို သတိပေးတဲ့ အချက်အလက်တွေကို Cosmos ဘဏ်က စိစစ်ရေးအဖွဲ့က ကနဦး စစ်ဆေးတဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ ငွေကြေးအပြောင်းအလွှဲ ဖြစ်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း နောက်ထပ် နာရီဝက်အကြာမှာ ဒီအဖွဲ့က ကြိုတင်သတိထားတဲ့ အနေနဲ့ သူတို့ဘဏ်ရဲ့ Visa card တွေကို Visa ကုမ္ပဏီဘက်က ပိတ်ပေးဖို့ ပြန်လည် အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို လုပ်ခဲ့တဲ့ကြားက နာရီဝက်လောက် နှောင့်နှေးခဲ့တာကပဲ ဘဏ်အတွက် အကုန်အကျ အလွန်ကြီးစေတဲ့ အနေအထား ရောက်သွားစေခဲ့တာကို တွေ့ရပါတယ်။
နောက်တရက်မှာတော့ Visa ကုမ္ပဏီက သူတို့ သံသယရှိတဲ့ Cosmos ဘဏ် ငွေထုတ်မှုတွေကို ဘဏ်ကို စာရင်းလုပ် ပေးပို့ခဲ့ပါတယ်။
အဲဒီ အချိန်ကျမှ Cosmos ဘဏ်ရုံးချုပ်ဘက်က သိရတာကတော့ ပြီးခဲ့တဲ့တရက်က သူတို့ရဲ့ ဘဏ်ကတ်တွေကို အိန္ဒိယတနိုင်ငံတည်းမှာ မဟုတ်ပဲ ကမ္ဘာအနှံ့မှာ အသုံးပြုခံလိုက်ရတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။
အခုလို သူတို့ကတ်ကို အသုံးပြုပြီး သူတို့ဘဏ်ကနေ ငွေထုတ်မှု အကြိမ်ရေ ၁၂၀ဝ၀ လောက် ရှိခဲ့တာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုလို ခိုးယူခံရမှုကြောင့် Cosmos ဘဏ်ဟာ အမေရိကန်ဒေါ်လာ ၁၄ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီခိုးယူမှုကို ပြုလုပ်ခဲ့ကြသူတွေဟာ ကမ္ဘာအနှံ့ ကြီးကြီးကျယ်ကျယ် ဂရုတစိုက် ချိန်သားကျအောင် ဟန်ချက်ညီညီ လှုပ်ရှားပြီး ရဲတင်းလှတဲ့ ရာဇဝတ်မှုကြီးတခုကို ကျူးလွန်ခဲ့ကြတာလို့လည်း ဆိုနိုင်ပါတယ်။
ဒီပြစ်မှုကျူးလွန်သူတွေက Cosmos ဘဏ်ကတ်ကို ခိုးယူအသုံးပြုခဲ့တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်၊ ယူကေ၊ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးနဲ့ ရုရှားနိုင်ငံတို့လည်း ပါဝင်ပါတယ်။
သူတို့ရဲ့ တပြိုင်နက် အချိန်ကိုက် ခိုးယူကြမှုဟာ ကမ္ဘာအနှံ့ တချိန်တည်း ဖြစ်ပျက်ခဲ့ရာမှာ စုစုပေါင်း ၂ နာရီနဲ့ ၁၃ မိနစ်ပဲ ကြာခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ယခင်လည်း တရားမဝင်လှုပ်ရှားမှုတွေ လုပ်ဖူးတဲ့ မြောက်ကိုရီးယား အစိုးရ ခိုင်းစေခံ ဟက်ကာတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာ ပြည်နယ်က ဆိုင်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးသူတွေကတော့ သူတို့ တွေ့ရပုံတွေကို တအံ့တသြ ဖြစ်ခဲ့ကြပါတယ်။
CCTV မှတ်တမ်းတွေအရ ဒါဇင်နဲ့ချီတဲ့ လူတွေဟာ အလိုအလျောက်ငွေထုတ်စက်တွေမှာ တချိန်တည်း တန်းစီ ငွေထုတ်ပြီး အိတ်တွေထဲ ထည့်နေတာကို အိန္ဒိယက စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလို ငွေထုတ်ပြီးသွားတာကို အချိန်နဲ့ တပြေးညီ လက်ပ်တော့ ကွန်ပျူတာကနေ ကြည့်နေခဲ့တဲ့ အနေအထားတခုကိုလည်း တွေ့ခဲ့ရတယ်လို့ ဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးချုပ် ဘရီဂျက်ဆင်းဂ်က ပြောပါတယ်။
CCTV မှတ်တမ်းတွေအရပဲ နောက်ထပ်တွေ့ရတာကတော့ ငွေထုတ်သူ တဦးတယောက်က ထုတ်လို့ရတဲ့ ငွေတချို့ကို သူတို့အတွက် သီးသန့်ဖယ်ပြီး ယူလိုက်မယ်ဆိုရင် ခေါင်းဆောင်က သိပြီး အရိုက်ခံရတာကိုလည်း တွေ့ရပြန်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်း ရက်သတ္တပတ်အနည်းငယ် အကြာမှာတော့ ဒီအဖွဲ့ဟာ ငွေထုတ်စက်တွေနားက အဲဒီ CCTV မှတ်တမ်းတွေရယ်၊ ဒီနေရာတဝိုက်က ဖုန်းအင်တာနက် အသုံးပြုမှုဆိုင်ရာ ဒေတာတွေကို အသုံးပြုပြီး သံသယ တရားခံ ၁၈ ယောက် ဖမ်းဆီးနိုင်ခဲ့ပြီး အများစုဟာ ထောင်ထဲမှာ စီရင်ချက် ခံရဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
မစ္စတာ ဆင်းဂ်ရဲက အဆိုအရ ဒီအဖမ်းခံရသူတွေဟာ ယခင်ရာဇဝတ်မှု ကျူးလွန်လေ့ရှိသူတွေ မဟုတ်တာကို တွေ့ရပြီး အဲဒီအထဲမှာ စားပွဲထိုးတွေ၊ ကားသမားတွေ၊ ဖိနပ်ချုပ်သူတွေနဲ့ ဆေးဝါးကျွမ်းကျင် ဘွဲ့ရတဦးတောင် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီလို ပြစ်မှုကျူးလွန်ဖူးသူ မဟုတ်ကြဘူး ဆိုပေမဲ့လည်း တကယ် ငွေထုတ်မှု လုပ်ကြတဲ့အချိန်အရောက်မှာတော့ သူတို့ ဘာလုပ်မိကြမယ်ဆိုတဲ့ သိလျက်သားနဲ့ ဆက်လုပ်ကြတာ ဖြစ်တယ်လို့ ယူဆကြောင်း မစ္စတာ ဆင်းဂ်က ပြောပါတယ်။ သူ့ရဲ့ အဆိုအရ ဒီအထဲမှာ ရုပ်ရှင်ရိုက်နေတယ်လို့ ယူဆတဲ့ ငွေထုတ်ပေးသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီခိုးယူမှုကြီးကို စုံစမ်းစစ်ဆေးကြသူတွေ နောက်ဆုံး ယူဆချက်အရ နောက်ကွယ်က ခိုင်းစေတဲ့ တရားခံဟာ မြောက်ကိုရီးယား အစိုးရဖြစ်မယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တယ်ဆိုပေမဲ့ သူတို့ရဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို နျူးကလီးယား လက်နက် ထုတ်လုပ်ဖို့နဲ့ ဒုံးကျည်ထုတ်လုပ်ဖို့ ကိစ္စတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေဟာ ကုလသမဂ္ဂက တားမြစ်ထားတဲ့ လုပ်ရပ်တွေ ဖြစ်တဲ့အတွက် ကုလက မြောက်ကိုရီးယားကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများအပြား ပြုလုပ်ထားပြီး ကုန်သွယ်ရေးအပိုင်းကိုလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ လွန်ခဲ့တဲ့ ၁၁ နှစ်မှာ အာဏာရလာပြီးကတည်းက မြောက်ကိုရီးယားသမိုင်းမှာ မကြုံစဖူး လက်နက်စမ်းသပ်မှုတွေကို ကြီးကြပ်လာခဲ့တာကို တွေ့ရပါတယ်။
အဲဒီအထဲမှာ နျူးကလီးယားလက်နက် စမ်းသပ်မှုက လေးကြိမ်အထိ ပါဝင်ခဲ့သလို ဒုံးကျည်စမ်းသပ်မှုတွေလည်း အမြောက်အများ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်ကျော် ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ထုတ်လုပ်နိုင်ပြီဆိုတဲ့ ကြွေးကြော်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီလို အနေအထားမှာ မြောက်ကိုရီးယားအစိုးရဟာ ထိပ်တန်းဟက်ကာတွေကို အသုံးပြုပြီး ကမ္ဘာတလွှားက ဘဏ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ ငွေကြေးခိုးယူကာ သူတို့ရဲ့ စီးပွားရေးကို ထိန်းထားပြီး လက်နက်စီမံကိန်းတွေအတွက် ရန်ပုံငွေ ရှာနေတာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ယူထားပါတယ်။
လာဇရုအုပ်စုလို့ နာမည်ပေးထားတဲ့ ဟက်ကာ အုပ်စုဆိုရင် မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့က ကြီးကြပ် ညွှန်ကြားနေတဲ့ အဖွဲ့တခုဖြစ်တယ်လို့လည်း ယူဆထားကြပါတယ်။
ဒီဟက်ကာတွေကို ဆိုင်ဘာ လုံခြုံရေး ကျွမ်းကျင်သူတွေက လာဇရုလို့ နာမည်ပေးထားရတဲ့ အကြောင်းအရင်းကတော့ သမ္မာကျမ်းစာလာ သေခြင်းက ပြန်လာတဲ့ လာဇရုလိုပဲ သူတို့ရဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်တွေက ဝင်သွားပြီးရင် ဖျက်ရ သတ်ရဖို့ မဖြစ်နိုင်လောက်အောင် ခက်လို့ ဖြစ်ပါတယ်။
ဒီ လာဇရုအုပ်စုဟာ ၂၀၁၄ ခုနှစ်ကစလို့ နိုင်ငံတကာမှာ လူသိများလာတာဖြစ်ပြီး အဲဒီအချိန်က အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြောက်ကိုရီးယားအစိုးရဟာ Sony ကုမ္ပဏီကို ဆိုင်ဘာနှောက်ယှက်မှု ပြုလုပ်တယ်လို့ စွပ်စွဲခဲ့ရာမှာ ဒီဟက်ကာအုပ်စုက ဒါကို ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။
ဒီလို မြောက်ကိုရီးယားက ပြုလုပ်တာဟာ သူတို့ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့အကြောင်းပါတဲ့ ဟောလီးဝုဒ် ဟာသရုပ်ရှင် the Interview ဇာတ်ကားအတွက် လက်စားချေတဲ့အနေနဲ့ ပြုလုပ်တာလို့လည်း အမေရိကန် FBI က စွပ်စွဲခဲ့ပါတယ်။
လာဇရု ဟက်ကာ အုပ်စုဟာ ၂၀၁၆ ခုနှစ်မှာလည်း ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ တဘီလျံ ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
၂၀၁၇ မှာဆိုရင်လည်း ဒီအုပ်စုကပဲ WannaCry ဆိုင်ဘာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးမပေးရင် အရေးကြီး အချက်အလက်တွေ ဖျက်ပစ်မယ်၊ ဖြန့်ပစ်မယ်လို့ ဆိုပြီး ခြိမ်းခြောက် ငွေတောင်းခဲ့တာပါ။ အဲဒီအထဲမှာ ယူကေက အစိုးရ ကျန်းမာရေး ဝန်ဆောင်မှုဌာန NHS လည်း ပါဝင်ခဲ့ပါတယ်။
အခုလောက်အထိ လှုပ်ရှားမှုတွေ ရှိနေတဲ့ လာဇရု ဟက်ကာအုပ်စု သူတို့လက်အောက်မှာ ရှိနေတယ်ဆိုတာကို မြောက်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆန်ထားပြီး အစိုးရပံ့ပိုးတဲ့ ဆိုင်ဘာနှောက်ယှက်မှုတွေ လုပ်တယ်ဆိုတာလည်း မဟုတ်မှန်ဘူးလို့ ငြင်းဆန်ထားပါတယ်။
ဒါပေမဲ့ နိုင်ငံတကာက တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေရဲ့ အဆိုအရ မြောက်ကိုရီးယားက ကြီးကြပ်တဲ့အဖွဲ့တွေရဲ့ ဆိုင်ဘာနှောက်ယှက်မှုတွေဟာ ပိုမို ခေတ်ရှေ့ပြေးလာ၊ ရဲတင်းလာတာကို တွေ့နေရတယ်လို့ ဆိုပါတယ်။
Cosmos ဘဏ်က ခိုးယူမှုမျိုး ဆိုရင် ဟက်ကာတွေက jackpotting လို့ ခေါ်ကြပြီး ငွေထည့်ပြီး မဲပေါက်အောင် လှည့်ရတဲ့ စက်ကနေ ငွေတွေ ကျလာသလိုပဲ ငွေထုတ်စက်တွေကနေ ငွေခိုးတာ ဖြစ်တဲ့အတွက် အခုလို အမည်ပေးထားတာလို့ ဆိုပါတယ်။
ကနဦး အနေနဲ့ Cosmos ဘဏ်ကို ကွန်ပျူတာ ဗိုင်းရပ်စ်ပါတဲ့ အီးမေးပေးပို့ကာ ဝန်ထမ်းတဦးက ဖွင့်မိတဲ့အချိန်မှာ ဘဏ်ရဲ့ ကွန်ပျူတာ ကွန်ရက်ကို ပျံ့နှံ့သွားစေခဲ့တာ ဖြစ်ပါတယ်။
အခုလို ဘဏ်ကွန်ပျူတာကွန်ရက်ကို ဟက်ကာတွေက စီးမိသွားချိန်မှာ အလိုအလျောက် ငွေထုတ်စက်တွေက ငွေထုတ်ယူမှုကို ဘဏ်က အတည်ပြုပေးအောင် ဆော့ဖ်ဝဲ ပြောင်းလဲမှုကို ဟက်ကာတွေက လုပ်လိုက်ပါတယ်။
အခုလို လုပ်ခြင်းအားဖြင့် တကမ္ဘာလုံးက သူတို့နဲ့ ပေါင်းကြံသူတွေက ငွေထုတ်စက်တွေက ထုတ်လို့ရသွားတယ်ဆိုပေမယ့် တကတ်ကို နေ့စဉ် ထုတ်ခွင့်ရှိတဲ့ ပမာဏ အကန့်အသတ်ကိုတော့ သူတို့ မပြောင်းနိုင်တဲ့အတွက် အချိန်တိုအတွင်း များများ ထုတ်နိုင်ဖို့ ကတ်များများနဲ့ လူများများ လည်း လိုအပ်ပါတယ်။
ဒီလို လုပ်နိုင်ဖို့အတွက် ဘဏ်စာရင်း အချက်အလက် အစစ်အမှန် တခုခုကို ရယူပြီး အလိုအလျောက် ငွေထုတ်စက်တွေမှာ တပြိုင်နက်ထုတ်နိုင်ဖို့အတွက် ကတ်တွေလည်း အများကြီး ပွားလိုက်တယ်လို့ ဆိုပါတယ်။
ဒီလို လုပ်ဆောင်မှုတွေကို ယူကေက BAE system ကုမ္ပဏီက သတိထားမိချင်းမှာပဲ လာဇရု အုပ်စုက လုပ်တာ ဖြစ်လောက်တယ်လို့ သံသယ ရှိလိုက်တယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ BAE system ဟာ လာဇရု အုပ်စုကို လနဲ့ချီကာ စောင့်ကြည့်နေတာ ဖြစ်လို့ပါ။ အိန္ဒိယဘဏ်တခု ပစ်မှတ်ထားခံရမယ် ဆိုတာလည်း သိနေပြီး ဘယ်ဘဏ်ကို လုပ်မယ်ဆိုတာကိုပဲ မသိတာလို့ ဆိုပါတယ်။
လုပ်ပုံကိုင်ပုံတွေကို လေ့လာချက်အရ တခြားအဖွဲ့က လုပ်တယ်ဆိုရင်တောင် တိုက်ဆိုင်လွန်းသလို ဖြစ်နေမယ်လို့ BAE system က လုံခြုံရေးဆိုင်ရာ သုတေသီ အက်ဒရီရန် နစ်ရှ်က ဆိုပါတယ်။
လာဇရု အုပ်စုဟာ အခြေအနေအပြောင်းအလဲအရ လိုက်လျောညီထွေ ပြောင်းနိုင်တဲ့ ဟက်ကာအဖွဲ့လည်း ဖြစ်ပြီး ရည်မှန်းချက်လည်း ကြီးတဲ့အတွက် တခြားအဖွဲ့တွေက ဒေါ်လာ လေးငါးသန်းလောက်နဲ့ ကျေနပ်နိုင်ချိန်မှာ ဒီအဖွဲ့က မကျေနပ်နိုင်ဘူးလို့ ဆိုပါတယ်။
Cosmos ဘဏ် ခိုးယူမှုမှာ လိုအပ်တဲ့ သွားလာချိတ်ဆက် လှုပ်ရှားမှုက ကြီးမားလှပြီး ဒီဟက်ကာတွေက နိုင်ငံ ၂၈ နိုင်ငံက ကြံရာပါတွေ ဘယ်လို ရှာလိုက်နိုင်သလဲ ဆိုတာ အံ့သြစရာ ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မြောက်ကိုရီးယား ထိန်းချုပ်တဲ့ ဟက်ကာအဖွဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ တရားဝင် လည်ပတ်လို့မရတဲ့ နိုင်ငံတွေက ကြံရာပါတွေ ဘယ်လို ရှာလိုက်နိုင်သလဲ ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန် နည်းပညာ လုံခြုံရေး စုံစမ်းစစ်ဆေးသူတွေကတော့ လာဇရု အုပ်စုဟာ အင်တာနက်ပေါ်က တရားမဝင် ကိစ္စတွေ လုပ်တဲ့ dark web ပေါ်မှာ စုစည်း ဆောင်ရွက်ပေးသူ တဦးကို တွေ့ခဲ့ပုံရတယ်လို့ ဆိုပါတယ်။
အဲဒီ dark web မှာ ဟက်ကာတွေ ဆွေးနွေးကြတဲ့ ဖိုရမ်တွေ အများအပြားရှိပြီး ဟက်လုပ်တဲ့ နည်းတွေ ဖလှယ်ကြတာနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေက တရားမဝင်တဲ့ ဝန်ဆောင်မှု ရောင်းတာတွေ လုပ်လေ့ရှိကြတာလည်း ဖြစ်ပါတယ်။
၂၀၁၈ ဖေဖော်ဝါရီလမှာဆိုရင် Big Boss ဆိုသူတဦးက ဘယ်လို ခရက်ဒစ်ကတ်နဲ့ ငွေလိမ်လို့ ရတယ် ဆိုတာကို ရေးတင်ခဲ့ရာမှာ ငွေထုတ်စက် ကတ်တွေ ဘယ်လို ကူးလို့ရတယ်ဆိုတာကိုပါ သူက ထည့်ပြောထားခဲ့ပြီး အမေရိကန်နဲ့ ကနေဒါက ကတ်နဲ့ ငွေထုတ်ပေးတဲ့ အုပ်စုတွေနဲ့ပါ အချိတ်အဆက်ရှိတယ်လို့ သူက ဆိုပါတယ်။
ဒီလို အချိတ်အဆက် ရှိသူဟာ လာဇရု အဖွဲ့က လိုအပ်နေတာနဲ့ ကိုက်ညီသွားပြီး သူတို့ Cosmos ဘဏ်ဆီက ခိုးယူဖို့အတွက် အဲဒီ Big Boss ဆိုသူနဲ့ စတင် ပူးပေါင်း လှုပ်ရှားတော့တယ်လို့ ဆိုပါတယ်။
အဲဒီ Big Boss ဆိုသူရဲ့ နောက်ခံအကြောင်းနဲ့ ပတ်သက်လို့ အမေရိကန် အခြေစိုက် နည်းပညာ လုံခြုံရေး ကုမ္ပဏီတခုဖြစ်တဲ့ Intel 471 က ထောက်လှမ်းရေး အရာရှိချုပ် မိုက် ဒီဘော့ ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
ဒီဘော့ အဖွဲ့ရဲ့ စုံစမ်းချက်အရဆိုရင် အဲဒီ Big Boss ဆိုသူဟာ အင်တာနက်ပေါ်မှာ ရှိနေတာ ၁၄ နှစ်လောက် ကြာနေခဲ့ပြီ ဖြစ်ပြီး G ၊ Habibi ၊ Backwood ဆိုတဲ့ အမည်ကွဲတွေလည်း ရှိတယ်ဆိုတာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။
၂၀၁၉ မှာတော့ အဲဒီ Big Boss ဆိုသူကို အမေရိကန်မှာ ဖမ်းမိခဲ့ပြီး ဂလက် အလောင်မရီ ဆိုတဲ့ အသက် ၃၆ နှစ်အရွယ် ကနေဒါ နိုင်ငံသား ဖြစ်နေတာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။
သူဟာ မြောက်ကိုရီးယားအစိုးရက ဘဏ်ငွေ ခိုးတယ်ဆိုတဲ့ အမှုတွေ အပါအဝင် ပြစ်မှုအများအပြားအတွက် ငွေကြေးခဝါချမှုတွေမှာ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပြီး ထောင်ဒစ် ၁၁ နှစ်နဲ့ ၈ လ ကျခံခဲ့ရပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ Cosmos ဘဏ် အခိုးခံရမှု အပါအဝင် တခြား ဘယ် ဟက်ကာက ခိုးယူမှုနဲ့မှ သူတို့နဲ့ သက်ဆိုင်ကြောင်း ဝန်မခံသလို ဘီဘီစီက ယူကေက မြောက်ကိုရီးယားသံရုံးကို မေးမြန်းရာမှာလည်း စာမပြန်ခဲ့ပါဘူး။
၂၀၂၁ ဖေဖော်ဝါရီလ မှာတော့ အမေရိကန် FBI၊ ထောက်လှမ်းရေးနဲ့ တရားရေးဌာနတို့က လာဇရု အုပ်စုလို့ ယူဆရတဲ့ သံသယ တရားခံ သုံးဦးကို ကြေညာခဲ့ပါတယ်။
အဲဒီ သုံးဦးကတော့ ဂျွန်ချန် ဟယုတ်၊ ကင်အီ နဲ့ ပတ်ဂျင် ဟယုတ် တို့ ဖြစ်ပြီး မြောက်ကိုရီးယား စစ်ထောက်လှမ်းရေး လက်အောက်မှာ အလုပ်လုပ်သူများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ မြောက်ကိုရီးယားကို ပြန်ရောက်နေပြီလို့ ယူဆထားကြပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရ မြောက်ကိုရီးယားက သင်တန်းပေးထားတဲ့ ဟက်ကာပေါင်း အယောက် ၇၀ဝ၀ လောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ ဟက်ကာတွေ အားလုံးက မြောက်ကိုရီးယား ပြည်တွင်းကနေ လုပ်တာ မဖြစ်နိုင်ဘဲ အများအားဖြင့် ပြည်ပကို စေလွှတ်ပြီးမှ ခိုင်းစေခံရတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းကတော့ မြောက်ကိုရီးယား ပြည်တွင်းမှာ အင်တာနက် အသုံးပြုခွင့်ရသူ နည်းပါးပြီး တခြားနိုင်ငံက လှမ်းမထောက်လှမ်းနိုင်အောင် ဖုံးကွယ်ဖို့လည်း ခက်နိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားပြည်ပြေးတဦးဖြစ်တဲ့ မြောက်ကိုရီးယား သံတမန်ဟောင်း ရူဟရွန်ဝူး ကတော့ သူတို့ရဲ့ ဟက်ကာတွေ ပြည်ပမှာ ဘယ်လို လှုပ်ရှားကြောင်း ပြန်ပြောင်း ပြောပြနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၇ မှာ ကူဝိတ်က မြောက်ကိုရီးယား သံရုံးမှာ တာဝန်ကျခဲ့ရာမှာ အဲဒီ အရှေ့အလယ်ပိုင်း ဒေသအတွင်း မြောက်ကိုရီးယား အလုပ်သမား တသောင်းလောက်ကို နေရာချပေးဖို့လည်း တာဝန် ကျလာခဲ့ပါတယ်။
အဲဒီအလုပ်သမားတွေဟာ ပင်လယ်ကွေ့ဒေသတဝိုက်က နိုင်ငံတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ကြပြီး မြောက်ကိုရီးယား အလုပ်သမားအများစုနည်းတူ သူတို့ရတဲ့ လုပ်ခ အများစုကို မြောက်ကိုရီးယား အစိုးရကို ပြန်ပေးရတယ်လို့ ဆိုပါတယ်။
အခုလို အနေအထားမှာ ရူဟရွန်ဝူးဟာ နေ့စဉ် မြောက်ကိုရီးယားဘက်ကနေ ဖုန်းဆက်မေးမြန်းမှုတခု ရလေ့ရှိပြီး အခုလို ဖုန်းဆက်တဲ့ ပုဂ္ဂိုလ်ကတော့ ဒူဘိုင်းက အခန်းငယ်လေးတွေမှာ နေရတဲ့ ဟက်ကာ ၁၉ ဦးကို ကြီးကြပ်ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ သူတို့ နိုင်ငံခြားမှာ တရားဝင် အလုပ်သမား ဗီဇာနဲ့ အလုပ်လုပ်နေသူတွေသာရှိပြီး ဘယ်ဟက်ကာမှ နိုင်ငံခြား ပို့ထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ မစ္စတာ ရူပြောထားတဲ့ ဒီဟက်ကာတွေ နေထိုင် လှုပ်ရှားရပုံနဲ့ FBI က စွပ်စွဲထားတဲ့ ဒီဟက်ကာတွေဟာ ကမ္ဘာတလွှားက ကျပ်ကျပ်သိပ်သိပ် အခန်းလေးတွေထဲကနေ အလုပ်လုပ်လေ့ ရှိတယ်ဆိုတဲ့ အချက်နဲ့လည်း ကိုက်ညီနေတာကို တွေ့ရပါတယ်။
၂၀၁၇ စက်တင်ဘာလက စပြီး ကုလလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ တင်းကျပ်တဲ့ စီးပွားရေး ဒဏ်ခတ်ချက်တွေအရ လောင်စာပြည်ပပို့ ကန့်သတ်မှုနဲ့ တခြား ပို့ကုန် သွင်းကုန် ကန့်သတ်မှုတွေ အပါအဝင် ကုလအဖွဲ့ဝင် နိုင်ငံတွေက မြောက်ကိုရီးယား အလုပ်သမားတွေကို ၂၀၁၉ ဒီဇင်ဘာလ နောက်ဆုံးထားပြီး မိခင် နိုင်ငံ ပြန်ပို့ဖို့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
ဒီလို အခြေအနေရှိနေတဲ့ကြားက မြောက်ကိုရီးယားထိန်းချုပ်တဲ့ ဟက်ကာတွေဟာ နိုင်ငံတကာမှာ ဆက်လက် လှုပ်ရှားနေပုံရပြီး crypto-currency ကုမ္ပဏီတွေကို ပစ်မှတ်ထား ခိုးယူနေရာမှာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံလောက်အထိ ခိုးယူထားကြပြီးပြီလို့ ဆိုနေပါတယ်။