ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံအွန်းကို ဆက်ခံမည့်သူလား
မြောက်ကိုရီးယားရဲ့ မြို့တော်ပြုံယမ်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒုံးကျည်ကြီးတွေ စီတန်းချီတက် ပြီးအင်အားပြသ ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနေ့က ကမ္ဘာကြီးကို ကင်ဂျုံအွန်း ပြသခဲ့တာက သူ့ရဲ့ လက်နက်တွေတင် မကပါဘူး။ သူ့ရဲ့ သမီးလည်း ပါပါတယ်။
မြောက်ကိုရီးယားမှာ ချီတက်ပွဲတွေ ကျင်းပတိုင်း သူကြည့်နေကျ ပွဲကြည့်စင်မှာပဲ ကင်ဂျုံအွန်းက ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့နောက်မှာ မမျှော်လင့်ထားသူ တစ်ယောက် ပါလာခဲ့ပါတယ်။ အဲဒီသူက အနက်ရောင်ကို ဝတ်ဆင်ထားတဲ့ မိန်းကလေးငယ် တစ်ယောက်ပါ။
အဲဒီ မိန်းကလေးဟာ သူ့ရဲ့ ဒုတိယရင်သွေး ၁၀ နှစ်အရွယ် ကင်ဂျူအေး ဖြစ်မယ်လို့ ယူဆရပါတယ်။
ဒီမိန်းကလေး လူရှေ့ထွက်လာတာ ၃ လအတွင်းမှာ ဒီတစ်ကြိမ်နဲ့ဆို ၅ ကြိမ်ရှိပါပြီ။ အဲဒီ အချိန်တို အတွင်းမှာတင် သူ့ရဲ့ အသွင်အပြင် အနေအထားကလည်း သိသိသာသာ ပြောင်းလဲ လာခဲ့ပါတယ်။ ဒါကြောင့် သူဟာ တချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာနိုင်တယ်ဆိုပြီး ယူဆလာကြပါတယ်။
သူ ပထမဆုံးအကြိမ် လူရှေ့ထွက်လာတာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းက ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်စဉ်မှာ ဖြစ်ပြီး သူနဲ့ပတ်သက်လို့ ခန့်မှန်းမှုတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ တော်တော်များများက ဒီမိန်းကလေးဟာ တချိန်မှာ ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံကို ဦးဆောင်မယ့်သူ ဖြစ်လာမလားလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကတော့ ဒီအယူအဆဟာ တော်တော် အလှမ်းကျယ်တဲ့ ခန့်မှန်းမှုမျိုးဖြစ်နေပါတယ်။
အဲဒီတုန်းက အဖြူရောင် ဖောင်းပွ ပါ့ဖ်ဖာဂျက်ကက်ကိုဝတ်၊ အနီရောင်ဖိနပ်ကိုစီးကာ ဆံပင်လေးကို စုချည်ထားတဲ့ မိန်းကလေးငယ်တစ်ယောက် ဖခင်ဖြစ်သူရဲ့ လက်ကို တွဲပြီး လျှောက်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်။
မစ္စတာ ကင်က သူဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြသချင်တာလည်း ဖြစ်နိုင်သလို သူ့မိသားစုနဲ့ သူ့လက်နက်တွေကို ချပြပြီး ဒီနေရာကနေ ဘယ်တော့မှ ဖယ်ပေးမှာ မဟုတ်ဘူးဆိုတာကို ပြသချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သမီး ဖြစ်သူ ကင်ဂျူအေး ဟာလည်း လူရှေ့ တစ်ခါထွက်လာတိုင်းမှာ အရင်ထက် ပိုမို ထင်ရှားလူသိများလာနေပါပြီ။
ချီတက်ပွဲ မတိုင်ခင် အင်္ဂါနေ့ညက ကျင်းပတဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်တွေ အတွက် တည်ခင်းတဲ့ ညစာစားပွဲကို ကင်ဂျူအေးလည်း တက်ရောက်ခဲ့ပါတယ်။ ဆံပင်တွေကို ကလစ်နဲ့ နောက်မှာ သိမ်းထားပြီး အဖြူရောင် ရှပ်အင်္ကျီ၊ အပေါ်အင်္ကျီနဲ့ စကပ်ဝတ်စုံ အနက်ကို ကြယ်သီးတပ်ပြီး ဝတ်ဆင်တက်ရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယား စောင့်ကြည့်လေ့လာသူတွေအတွက်တော့ ဒီဓာတ်ပုံတွေကို တွေ့ရတာဟာ အင်မတန်မှ အံ့သြစရာ ဖြစ်နေခဲ့ပါတယ်။ ဓာတ်ပုံတိုင်းလိုလိုမှာ သူက မိခင်နဲ့ ဖခင်ကြားမှာ ထိုင်ပြီး နေရာယူထားသလို ပတ်ပတ်လည်မှာလည်း စစ်အရာရှိတွေ ဝန်းရံလျက် ရှိနေတာကို တွေ့ရပါတယ်။ နောက် အံ့သြစရာ တစ်ခုက မိန်းကလေးငယ် မစ္စကင်နဲ့ ပတ်သက်လို့ ခေါ်ဝေါ်သုံးစွဲကြပုံပဲ ဖြစ်ပါတယ်။
သူ့ကို နိုင်ငံပိုင် မီဒီယာမှာ ပထမဆုံးအကြိမ် ပြသခဲ့တုန်းက ကင်ဂျုံအွန်းရဲ့ ချစ်လှစွာသော သမီးငယ်အဖြစ် မိတ်ဆက်ပေးခဲ့ကြပါတယ်။ အင်္ဂါနေ့ညက စစ်တပ်ညစာစားပွဲမှာတော့ သူ့ကို လေးစားအပ်သော သမီးအဖြစ် ခေါင်းစဉ်ပြောင်းတပ်ကာ အဆင့်မြှင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ လေးစားအပ်သော ဆိုတဲ့ နာမဝိသေသနဟာ သူတို့ဆီမှာ အရိုအသေအပေးရဆုံး လူတွေအတွက်သာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်း ကိုယ်တိုင်တောင် အနာဂတ် ခေါင်းဆောင်အဖြစ် နေရာ အခိုင်အမာ ရခဲ့ပြီးမှသာ လေးစားအပ်သော ရဲဘော် ဆိုပြီး ခေါ်ဝေါ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံစတင် တည်ထောင်ခဲ့ကတည်းက ကင်မိသားစုက အုပ်ချုပ်လာခဲ့တာဟာ မျိုးဆက် ၃ ဆက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား လူထုအကြားမှာ သိနားလည်ထားတာကလည်း ဒီမိသားစုဟာ မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာခဲ့တာ ဖြစ်ပြီး သူတို့သာလျှင် တိုင်းပြည်ကို ခေါင်းဆောင်မှု ပေးနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကင်ဂျုံအွန်းဟာ သူတို့ မိသားစုရဲ့ စတုတ္ထ မျိုးဆက်ကို ဒီရာထူးအာဏာကို လက်ဆင့်ကမ်းပေးချင်ပုံ ရပါတယ်။
မေးစရာ ဖြစ်လာတာက တကယ်လို့ မစ္စ ဂျူအေးကို ခေါင်းဆောင်သစ်အဖြစ် လျာထားတယ်ဆိုရင်တောင် ဘာဖြစ်လို့ အခုလောက် စောစောစီးစီး ချပြနေရတာလဲ ဆိုတာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်းကိုယ်တိုင်က ၃၉ နှစ်ပဲ ရှိသေးသလို သူ့သမီးကလည်း ကလေးအရွယ်ပဲ ရှိပါသေးပါတယ်။
မစ္စတာကင်ကိုယ်တိုင် ၈ နှစ်သား အရွယ်မှာ ဖခင်ဖြစ်တဲ့ ကင်ဂျုံအီးလ် ရဲ့ အရိုက်အရာ ကို ဆက်ခံဖို့ ရွေးချယ်ခံခဲ့ရပေမယ့် အဲဒီတုန်းက စစ်ဘက် ခေါင်းဆောင်တွေကိုသာ အသိပေးထားခဲ့တာ ဖြစ်ပါတယ်။
လူထုကို အသိပေးခဲ့တာက ဖခင် ဖြစ်သူ မကွယ်လွန်ခင် တစ်နှစ် အလိုလောက်မှ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူ့ရဲ့ ခေါင်းဆောင်ဘဝ အစပိုင်းဟာ သိပ်မချောမွေ့ခဲ့ဘဲ အာဏာမြဲစေဖို့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့ရပါတယ်။
ဒါကြောင့် သမီးဖြစ်သူ အလှည့်မှာ ချောချောမွေ့မွေ့ ဖြစ်နေစေဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ သူ့ဆီကနေ တိုင်းပြည်အာဏာကို ဆက်ခံတဲ့အခါမှာ အရာရာ နေသားတကျ ဖြစ်နေစေဖို့ ရည်ရွယ်ထားပုံ ရပါတယ်။
နောက်တစ်ချက်က သူ့ကျန်းမာရေးက သိပ်မကောင်းတော့တာလည်း ဖြစ်နိုင်ပြီး သူနေရဖို့ အချိန်က ထင်ထားသလောက် သိပ်ကျန်ပုံ မရတော့တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီ ခန့်မှန်းမှုတွေ ဘယ်လောက် မှန်ကန်မှု ရှိသလဲ ဆိုတာကတော့ မပြောနိုင်ပါဘူး။
ကင်ဂျုံအွန်း သမီးဖြစ်သူကို စောစောစီးစီး လူရှေ့ထုတ်ပြလာတာတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ဖိုဝါဒကြီးစိုးမှု အမြစ်တွယ်နေတဲ့ လူ့အသိုင်းအဝိုင်းကို ကျော်လွှားနိုင်ဖို့ အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်ဆိုရင် အချိန် တော်တော် လိုမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာ ကင်ဂျုံအွန်းရဲ့ နှမ ကင် ယိုဂျောင်းလိုမျိုး ထိပ်တန်း ရာထူးတွေ ရရှိထားတဲ့ အမျိုးသမီးတွေ ရှိနေပေမယ့် နိုင်ငံကို အမျိုးသမီးက ခေါင်းဆောင်တယ် ဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
NK News ရဲ့ မြောက်ကိုရီးယား ရေးရာ ကျွမ်းကျင်သူ ဂျိမ်းစ် ဖရက်ဝဲလ်ဟာကတော့ ဒီအခြေအနေမျိုးက မကျော်လွှားနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ဖို ဝါဒ ကြီးစိုးတယ် ဆိုပေမဲ့ကင်မိသားစု အုပ်စိုးနေတဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကင်ဂျူအေးဟာလည်း ဒီမျိုးရိုးကြောင့်ပဲ ခေါင်းဆောင် ဖြစ်လာနိုင်တယ်။ သူ မဖြစ်လာဘဲ ကင်မိသားစု ပြင်ပက အမျိုးသား ဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် တစ်ယောက်ယောက်က ခေါင်းဆောင် ဖြစ်လာမှသာ အံ့သြစရာ ပိုကောင်းမှာလို့ သူက ဆိုပါတယ်။
ဒီလိုဆိုပေမယ့် ခေါင်းဆောင်နေရာကို အမျိုးသမီး တစ်ယောက်ကို ပေးဖို့ လျာထားတယ် ဆိုရင်တော့ သူ့ကို တိုင်းပြည်လူထု၊ စစ်တပ်နဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းကပါ လက်ခံလာစေဖို့ အရင်ကြိုးစားရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ မြောက်ကိုရီးယားရဲ့ နောက်တက်လာမယ့် ခေါင်းဆောင်နေရာဟာ ကင်ဂျူအေး အတွက် ဖြစ်လာမလား ဆိုတာကတော့ ပြောဖို့ စောလွန်းသေးတယ်ပဲ ဆိုရမှာပါ။ ဒါပေမယ့် သူ ဖခင်နဲ့အတူ လူရှေ့ တစ်ခါထွက်ပြတိုင်းမှာ ဒီနေရာဟာ သူ့အတွက် ဖြစ်လာနိုင်ခြေ ပိုများလာနေပါတယ်။