၂၀၂၃ ခုနှစ်မှာ မြောက်ကိုရီးယားဘာတွေလုပ်မလဲ

၂၀၂၂ခုနှစ်မှာမြောက်ကိုရီးယားဟာ စံချိန်သစ်တင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အရင်နှစ်တွေထက် မစ်ဇိုင်းဒုံးကျည်များများ ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တနှစ်တည်းမှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အရေအတွက်ဟာ မြောက်ကိုရီးယား တသက်လုံးပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ဒုံးကျည်စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံရှိပါတယ်။ မြောက်ကိုရီးယားဟာ နျူးကလီယားလက်နက်ပိုင်နိုင်ငံဖြစ်သွားပြီလို့ ကင်ဂျုံအွန်းကိုယ်တိုင် ကြေညာခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ဟာ ကိုရီးယားကျွန်းဆွယ်အတွက် တင်းမာမှုအရှိန်အတက်ဆုံးနှစ်လည်း ဖြစ်ပါတယ်။ ရှေ့အလားအလာက ဘာတွေဖြစ်လာနိုင်ပါသလဲ။ 

နျူးကလီးယားလက်နက်

 ၂၀၂၂ ခုနှစ်မှာ မြောက်ကိုရီးယားရဲ့ လက်နက်အဆင့်အတန်းမြှင့်တင်မှုဟာ အဆင့်သစ်တခုကိုရောက်ခဲ့ပါတယ်။ နှစ်စမှာ တောင်ကိုရီးယားကို ပစ်ခတ်နိုင်တဲ့ တာတိုဒုံးတွေကို စတင်စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်ကိုပစ်ခတ်နိုင်တဲ့ တာလတ်ဒုံးတွေထပ်ဆင့်စမ်းသပ်ခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ အမေရိကန်ပြည်မအထိရောက်အောင် ပစ်ခတ်နိုင်တဲ့ ဟွာဆောင်း ၁၇ ဆိုတဲ့ စွမ်းအားအမြင့်ဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြန်ဆုတ်ခိုင်းလို့မရနိုင်လောက်တဲ့ နျူးကလီးလက်နက်ရှင်နိုင်ငံဖြစ်သွားပြီလို့ မစ္စတာကင်က ကြေညာလိုက်ပြီးနောက်ပိုင်းမှာ သူ့လက်နက်တွေဟာ ခုခံကာကွယ်ရေးလက်နက်အဖြစ်ကနေ အဆင့်တက်လာပါတယ်။ ရန်သူရဲ့ထိုးစစ်ကိုဟန့်တားခြိမ်းခြောက်နိုင်တဲ့လက်နက်၊ ထိုးစစ်ဆင်နွှဲနိုင်တဲ့လက်နက်၊ စစ်ပွဲကို အနိုင်တိုက်နိုင်မဲ့ လက်နက်တွေ ဖြစ်လာပြီဆိုတာ သူကထုတ်ဖော်ပြသခဲ့ပါတယ်။

နှစ်ကုန်ခါနီးတော့ ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းချက်ရေးဆွဲဖို့ မြောက်ကိုရီးယား အလုပ်သမားပါတီခေါင်းဆောင်တွေကို အစည်းအဝေးခေါ်ယူခဲ့ပါတယ်။

၂၀၂၃ ခုနှစ်စီမံကိန်းရဲ့ ရည်မှန်းချက်တွေထဲမှာ နျူးကလီးယားလက်နက် ထုတ်လုပ်ရေးဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ တောင်ကိုရီးယားနဲ့ဆင်နွှဲရနိုင်တဲ့စစ်ပွဲမှာ အသုံးပြုဖို့အတွက် သေးငယ်တဲ့ နည်းဗျူဟာအဆင့် နျူးကလီးယားလက်နက်အများအပြား ထုတ်လုပ်ရေးဟာ အလွန်အရေးကြီးလို့ အဲဒီအမျိုးအစားကို ထည့်သွင်းထုတ်လုပ်ရမယ်လို့ မစ္စတာကင်က ပြောခဲ့ပါတယ်။

ဒါဟာ တကယ်ကိုအရေးပါတဲ့ အဆင့်တခုပါလို့ ကာနေဂီ နိုင်ငံတကာငြိမ်းချမ်းရေး အဖွဲ့ဝင် ကျွမ်းကျင်ပညာရှင် အန်းကစ်ပန်ဒါကဆိုပါတယ်။

နည်းဗျူဟာအဆင့်နျူးကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ဆိုရင် မြောက်ကိုရီးယားဟာ နျူးကလီးယားဗုံး အသေးစားတွေကို ဦးစွာထုတ်လုပ်ရပါမယ်။ ဒါမှသာမစ်ဇိုင်းဒုံးထိပ်ဖူးအဖြစ်တပ်ဆင်လို့ ရမှာပါ။ မြောက်ကိုရီးယားဟာ အဲဒါကို လုပ်နိုင်စွမ်း တကယ်ရှိကြောင်းအထောက်အထားကို အနောက်နိုင်ငံတွေက မတွေ့မြင်ကြရသေးပါဘူး။ မြောက်ကိုရီးယားရဲ့ ၂၀၂၂ စမ်းသပ်မှုတွေထဲမှာ အဲဒါမျိုးပါမပါ အနောက်အုပ်စု ထောက်လှမ်းရေးရပ်ကွက်က မျက်စိဒေါက်ထောက်ကြည့်ခဲ့ပေမဲ့ မတွေ့ပါဘူး။ ၂၀၂၃ ကိုဆက်စောင့်ကြည့်ကြပါလိမ့်မယ်။

မစ္စတာကင်ရဲ့ နောက်ထပ် ၂၀၂၃ စီမံကိန်းကတော့ သူလျှိုဂြိုဟ်တုပါ။ ဒီနွေဦးမှာ ကမ္ဘာပတ်လမ်းထဲလွှင့်တင်မယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။ အဲဒီဂြိုဟ်တုအမျိုးအစားသစ်ဟာ အမေရိကန်ကို ပစ်ခတ်တဲ့အခါ ကြိုတင်သိရှိချိန် ပိုနည်းသွားစေမဲ့ ပိုကောင်းတဲ့ အမျိုးအစားပါ။

ဒီတော့ ၂၀၂၃ ဟာ ၂၀၂၂ ထက်မလျော့တဲ့စမ်းသပ်မှုတွေကို မြင်ရလိမ့်မယ်လို့ မျှော်လင့်စရာရှိပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်အန်တုပါလိမ့်မယ်။ တကယ်တော့ ၂၀၂၃ ခုနှစ်ထဲဝင်တာ ၃ နာရီပဲကြာသေးချိန်ကတည်းက မြောက်ကိုရီးယားဟာ မစ်ဇိုင်းစမ်းသပ်မှုတခုကို လုပ်ခဲ့ပြီးပါပြီ။

လာမဲ့နှစ်မှာပစ်မဲ့ မစ်ဇိုင်းတွေဟာ စမ်းသပ်မှုသက်သက်သာ မကတော့ဘဲ၊ လေ့ကျင့်မှုသဘောသက်ဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူ အန်းကစ်ပန်ဒါက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ စစ်ဖြစ်လာရင် တကယ်ပစ်နိုင်အောင် ပြင်ဆင်နေပါပြီ။

ဆွေးနွေးပွဲအလားအလာ 

၂၀၂၃ ခုနှစ်စီမံကိန်းထဲမှာ အမေရိကန်နဲ့ဆွေးနွေးဖို့အလားအလာတော့ မတွေ့မြင်ရပါဘူး။ အမေရိကန်ဘက်ကလည်း ကမ်းလှမ်းချက် မရှိသေးပါဘူး။ နောက်ဆုံးဆွေးနွေးပွဲ ၂၀၁၉ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာသူ့အစွမ်းကိုမြှင့်တင်ပြီးမှ စားပွဲဝိုင်းကိုပြန်လာဖို့ စိတ်ကူးချင်ကူးပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကိုရော၊ အမေရိကန်ပြည်ထောင်စုကိုပါ တိုက်ခိုက်နိုင်စွမ်းရှိကြောင်းပြသပြီးမှ စားပွဲဝိုင်းကိုပြန်လာပြီး ခပ်တင်းတင်းဆွေးနွေးဖို့ ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြောက်ကိုရီးယားဟာ တရုတ်၊ ရုရှားတို့နဲ့ ပိုနီးစပ်သွားခဲ့ပါတယ်။ ဒါဟာ သမ္မတဟောင်းထရမ့်နဲ့ ဆွေးနွေးပွဲမအောင်မမြင်ဖြစ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားအရေး သုံးသပ်သူတာဝန်ကို နှစ်ပေါင်း ၂၀ ထမ်းဆောင်ခဲ့တဲ့ ရေချယ်မင်ညောင်လီက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်လို့ မယူဆတော့တဲ့အချိန်မှာ အနာဂတ်နျူးကလီးယားဆွေးနွေးပွဲတွေ ပြန်စလာနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်တင်းမာမှု

လက်ရှိအချိန်မှာ မြောက်ကိုရီးယားအခြေအနေဟာ အကဲဆတ်လှပါတယ်။ မြောက်ကိုရီးယားကပဲစစ၊ တောင်ကိုရီးယားကပဲစစ၊ အမေရိကန်ပြည်ထောင်စုကပဲစစ နိုင်ငံတခုခုက စတင်ထိုးနှက်လိုက်တာနဲ့ တခြားတဖက်က လက်တုံ့ပြန်လက်စားချေမှုတွေဟာ တသီတတန်းကြီးထွက်ပေါ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ ၂၀၂၂ ခုနှစ်မေလမှာ တောင်ကိုရီးယားသမ္မတသစ်တက်လာပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ပိုပြီးတင်းတင်းမာမာကိုင်တွယ်သွားမယ်လို့ ကတိပြုလိုက်ပြီးနောက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်လာတာပါ။ မြောက်ကိုရီးယားကို ဟန့်တားနိုင်မဲ့နည်းလမ်းဟာ လက်နက်ကို လက်နက်ချင်း တုံ့ပြန်တဲ့နည်းလမ်းပဲရှိတယ်လို့ တောင်ကိုရီးယားသမ္မတယွန်းဆောက်ယူက ယူဆပါတယ်။ သူဟာအမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ ကြီးကြီးမားမားပြန်စခဲ့ပါတယ်။ ဒါကိုဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ မစ်ဇိုင်းဒုံးတွေ ပိုပြီး စမ်းသပ်ပြခဲ့ပါတယ်။ အဲသလို အပြန်အလှန် စစ်ရေးအင်အားပြကြတဲ့အထဲမှာ နယ်ခြားဒေသမှာ စစ်လေယာဉ်တွေပျံသန်းပြတာနဲ့ ပင်လယ်ထဲကို အမြောက်နဲ့ပစ်ပြတာတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာဇာတ်ရှိန်မြင့်တက်ခဲ့ပါတယ်။ မြောက်ကိုရီးယား ဒရုန်း ၅ စီးဟာတောင်ကိုရီးယား လေကြောင်းပိုင်နက်ထဲကို ဝင်ရောက်ပျံဝဲပြခဲ့ပါတယ်။ တောင်ကိုရီးယားဟာ အဲဒီလူမဲ့ဒရုန်းလေယာဉ်တွေကို ပစ်မချနိုင်ခဲ့ပါဘူး။ ဒါဟာစစ်ရည်စစ်သွေး အားနည်းပျော့ညံ့တာကို ပြသရာရောက်တဲ့အတွက် သာမန်တောင်ကိုရီးယားအရပ်သားတွေအတွက် စိုးရိမ်ပူပန်စရာဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို လက်တုံ့ပြန်အပြစ်ပေးမယ်လို့ တောင်ကိုရီးယားသမ္မတက ကတိပေးထားခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာ တောင်-မြောက်ကိုရီးယား တိုက်ရိုက်ထိပ်တိုက်တွေ့ပြီး လူသေဆုံးမှုအထိတောင် ဖြစ်ချင်ဖြစ်နိုင်တယ်လို့ ကိုရီးယားကျွန်းဆွယ်အန္တရယ်လေ့လာရေးအဖွဲ့ KRG ရဲ့အမှုဆောင် အရာရှိချုပ် ချပ်အိုကာရိုးလ်က ခန့်မှန်းသုံးသပ်ထားပါတယ်။

“တောင်-မြောက်ကိုရီယားဘယ်ဘက်ကပဲစစ် စပြီးလှုပ်ရှားလိုက်တာနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်လောက်အောင် တင်းမာနေတယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” လို့ သူက ဆိုပါတယ်။

အမှားတချက်လုပ်မိရင်၊ အထင်အမြင်လွဲမှားမှုတခုခုဖြစ်ခဲ့ရင်၊ အတွက်အချက်မှားယွင်းမှုတခုခုဖြစ်ခဲ့ရင်တောင် အခြေအနေဟာ ဆင့်ကဲဆိုးဝါးသွားနိုင်ပါတယ်။

မြောက်ကိုရီးယားပြည်တွင်းရေး

လာမဲ့နှစ်မှာ မြောက်ကိုရီးယားပြည်သူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနိုင်ပါသလဲ။ ကိုဗစ်ကပ်ဘေးကြောင့် နယ်ခြားတွေကို ၃ နှစ်ပိတ်ထားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှာစိုးလို့ နယ်ခြားကုန်သွယ်ရေးတောင် ဆိုင်းငံ့ထားခဲ့ပါတယ်။ အဲသလိုအခြေအနေမျိုးကြောင့် အစားအသောက်နဲ့ ဆေးဝါးပြတ်လပ်ရှားပါးမှုဖြစ်နေလိမ့်မယ်လို့ လူသားအရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေက ယုံကြည်ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလမှာ ကိုရိုနာဗိုင်းရပ်စတွေ့ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာ တိုက်ဖျက်အောင်နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။ ဒီတော့ လာမဲ့နှစ်မှာ တရုတ်နဲ့နယ်ခြားပြန်ဖွင့်တော့မှာလား။ ကုန်သွယ်ရေးပြန်စတော့မှာပါလား။

တရုတ်နယ်စပ်ပြန်ဖွင့်ရင် မျှော်လင့်ချက်မြင့်တက်လာနိုင်ပါတယ်။ မြောက်ကိုရီးယားဟာ နယ်ခြားပြန်ဖွင့်နိုင်ရေးအတွက် လူတွေကို ကာကွယ်ဆေးတိုးမြှင့်ထိုးပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်စရာအခြေအနေတွေရှိတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကိုရီးယားအကြံပေး ရေချယ်မင်ညောင်လီကဆိုပါတယ်။

တကမ္ဘာလုံးမှာ အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကိုဗစ်ကင်းစင်သွားပြီလို့မယုံကြည်သေးသမျှမှာ စီးပွားရေးပျက်ရင်တောင် မြောက်ကိုရီယားက နယ်ခြားတွေကို ပြန်ဖွင့်ချင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

နောက်တခုထူးခြားတာကတော့ ကိုရီးယားခေါင်းဆောင်ဟာ သူ့ရဲ့သမီးငယ်ကင်ချူအဲကို ပွဲထုတ်လာပါတယ်။ ကိုရီးယားခေါင်းဆောင်နဲ့တွဲထွက်လာတဲ့ ဓာတ်ပုံကိုမြင်ရတာ ၃ ကြိမ်ရှိပါပြီ။ ဒါဟာ သူ့အမွေသူ့နေရာကို ဆက်ခံမဲ့သူမို့ထုတ်ပြတာလားလို့ တချို့ကတွေးတောမှန်းဆနေကြပါတယ်။