စစ်ကောင်စီဘတ်ဂျက်သစ်- အသုံးစရိတ်တွေထဲ စစ်ရေးအတွက် အများဆုံးထပ်ချပေး

မကွေးတိုင်းမှာ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကြည်းတပ်၊လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံငံ အလယ်ပိုင်းဒေသ မိတ္ထီလာလွင်ပြင်၊ မုန်တိုင်မှာ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကြည်းတပ်၊လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု

စစ်ကောင်စီက နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အသုံးစရိတ် ကျပ် ဘီလီယံ ၂၆၀၀ ဝန်းကျင်ကို ခွင့်ပြုလိုက်ပါတယ်။

ဝန်ကြီးဌာနတွေအတွက် ချပေးတဲ့ အသုံးစရိတ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနကို အများဆုံး ထုတ်ပေးလိုက်တာ တွေ့ရပါတယ်။

အသုံးစရိတ် ကျပ် ဘီလီယံ ၁၁၀၀ ကျော်မှာ ကာကွယ်ရေးဝန်ကြီးဌာနကို အသုံးစရိတ်အများဆုံး ခွင့်ပြုပေးခဲ့ပြီး ကျပ် ဘီလီယံ ၄၄၀ ကျော်အထိ ထပ်ခွင့်ပြုပေးခဲ့တာပါ။

ဘတ်ဂျက်နှစ်ကုန်ဖို့ ၃ လပဲ လိုတော့တဲ့အချိန်မှာ ဝန်ကြီးဌာနတွေအတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၁၁၀၀ ကျော်နဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် ကျပ်ဘီလီယံ ၁၄၀၀ ကျော် ထပ်သုံးဖို့ စစ်ကောင်စီက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကာကွယ်ရေးဘတ်ဂျတ် ကျပ်ဘီလီယံ ၃၇၀၀ ကျော် ခွင့်ပြုထားလို့ အခုခွင့်ပြုလိုက်တာနဲ့ ထပ်ပေါင်းရင် ဒီနှစ်တစ်နှစ်လုံးမှာ စစ်တပ်ရဲ့ အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၄၀၀၀ ကျော်အထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေမှာ နည်းပညာအသစ် လေယာဥ် အစရှိတာတွေကို တဖြည်းဖြည်း ဝယ်ယူ အစားထိုး အသုံးပြုနေတာ တွေ့ရပြီး နောက်ထပ်ထပ်မံ ရောက်လာဖို့ ရှိတယ်လို့လည်း မကြာသေးခင်ကမှ ထုတ်ပြောထားပါတယ်။

NUG က လတ်တလော ပြုလုပ်ခဲ့တဲ့ လက်နက်အပ်နှင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, NUG - MOD

ဓာတ်ပုံ ပုံစာ, NUG က လတ်တလော ပြုလုပ်ခဲ့တဲ့ လက်နက်အပ်နှင်းပွဲ

ဒါ့အပြင် နှစ်စဥ် ကာကွယ်ရေးဘတ်ဂျက် အများဆုံးသုံးခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ စစ်မျက်နှာသစ်တွေ ထွက်ပေါ်လာတဲ့အတွက် စစ်အသုံးစရိတ်က ခါတိုင်းနှစ်တွေထက် ပိုကုန်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အာဏာစသိမ်းကတည်းက စစ်ရေးဘတ်ဂျက်က အများကြီးပိုပြီးတော့ သုံးစွဲလာတယ်။ အန်ယူဂျီ အနေနဲ့ရော၊ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ရော ဒီဘက်မှာလည်း အသုံးစရိတ်တွေ သုံးစွဲတဲ့အခါမှာ စစ်ရေးအသုံးစရိတ်ကို percentage အများဆုံးသုံးစွဲနေရတဲ့ အပိုင်း ရှိတာပေါ့။ အဓိကကတော့ ပြည်သူလူထုတွေရဲ့ ထည့်ဝင်ငွေတဲ့ အဓိက လုပ်ရတဲ့အခါမှာ စစ်အုပ်စုကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲပိုင်ခွင့် ရှိနေတဲ့ သဘော လက်ရှိ အချိန်မှာ ဖြစ်နေတာပေါ့။

သူတို့လို ကျွန်တော်တို့ အနေနဲ့က တိုင်းပြည်ဘဏ္ဍာငွေကို သုံးစွဲပိုင်ခွင့် အားနည်းနေတဲ့ အချိန်မှာတော့ လက်ရှိအချိန်မှာတော့ ပြည်သူတို့ရဲ့ ထည့်ဝင်မှုကို များများ လိုအပ်ပါတယ်။ နိုင်ငံတကာကိုလည်း ဒါမျိုးတွေ သိစေချင်တယ်။ ဘဏ္ဍာငွေကလည်း အရေးကြီးတယ်။ စစ်တိုက်နေရပြီဆိုတာကို လက်ခံလိုက်ဖို့ လိုပြီ။”

မြန်မာလေတပ်ဟာ ဒီနှစ်ထဲမှာ ရုရှားထုတ် အကြီးစားတိုက်လေယာဥ် SU 30၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဥ်နဲ့ တရုတ်ထုတ်တိုက်လေယာဥ်တွေ ဝယ်ယူခဲ့ပါတယ်။

 ဒါ့အပြင် မြန်မာရေတပ်ကလည်း ပြည်တွင်းမှာ စစ်ရေယာဥ်တွေတည်ဆောက်နေပြီး Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး နဲ့ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် ၂ စီး ကို ဒီနှစ်ထဲ တည်ဆောက်နိုင်ခဲ့ပါတယ်။

၁၂၂ မမ အတွဲလိုက်ဒုံးတွေနဲ့ ၂၀၁၈ ခုနှစ်က မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၂၂ မမ အတွဲလိုက်ဒုံးတွေနဲ့ ၂၀၁၈ ခုနှစ်က မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်မှု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ရေးအကဲခတ်တွေကြားမှာ ပြည်တွင်းစစ်ကြောင့် စစ်စားရိတ်ထောင်းရတယ်ဆိုတဲ့အမြင်ရှိသလို မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ ကာကွယ်ရေးအသုံးစရိတ်က အများဆုံးသုံးသင့်တယ်ဆိုတဲ့ အမြင်မျိုးလည်း ရှိကြပါတယ်။

လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက အခုလို သုံးသပ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံ တည်ရှိတဲ့ အနေအထားရယ်၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရယ်၊ နောက်တစ်ခါကျတော့ deterrence လို့ ခေါ်တယ်၊ ကြိုတင်ဟန့်တားတဲ့ အပိုင်းပေါ့။

ကိုယ့်နိုင်ငံက စစ်လက်နက် ပစ္စည်းတစ်ခု ဝယ်တယ်၊ စစ်အင်အား တည်ဆောက်တယ် ဆိုတာကလည်း ဘေးနားက နိုင်ငံတွေကို အသားလွတ်အနေနဲ့ ခြိမ်းခြောက်မှု မဟုတ်ဘူး။

ဒါပေမဲ့ ငါတို့နိုင်ငံကတော့ ဒီအင်အား ရှိနေပြီ၊ ငါတို့ နိုင်ငံကို မင်းတို့ တစ်ခုခုကြောင့် ကျူးကျော်ဖို့ စိတ်ကူးတယ်ဆိုရင်တောင်မှ ဒီလက်နက်တွေနဲ့ မင်းတို့ကို ပြန်လည်ခုခံနိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးတာ။

အဲတော့ ကာကွယ်ရေးအမြင်တစ်ခုမှာ နိုင်ငံတစ်နိုင်ငံကို ကာကွယ်ဖို့ဆိုရင် စစ်လက်နက် ပစ္စည်းဆိုတာက အစုအပုံ လုပ်ထားရတယ်၊ ဘယ်နှနှစ်စာ ပုံမှာလဲ ဆိုတာလည်း ရှိတယ်။ အဲတော့ ကြိုပြီးထုတ်ထားရတယ်။ စစ်ဖြစ်တဲ့ အချိန်ကျမှ ကောက်ထုတ်လို့မရဘူး။ အဲတော့ အဲဒီအတွက် ဘတ်ဂျက်က လိုကို လိုတယ်။”

ပြည်ထောင်စုလွှတ်တော် ရှိစဥ်က ကာကွယ်ရေးအသုံးစရိတ်က လွှတ်တော်ကိုဖြတ်ပြီး စိစစ်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် လွှတ်တော်တွေ မရှိတော့လို့ အသုံးစရိတ်တွေနဲ့ပတ်သက်ရင် အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက ပြောပါတယ်။

အရပ်သားအစိုးရရဲ့နောက်ဆုံးဘတ်ဂျတ် နှစ်ဖြစ်တဲ့ ၂၀၂၀ ဘတ်ဂျက်မှာတော့ ကာကွယ်ရေးဘတ်ဂျတ် ကျပ်ဘီလီယံ ၃၄၀၀ ကျော် ခွင့်ပြုခဲ့ပါတယ်။